Top News

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဉ်နှင့် မြန်မာနိုင်ငံအရေးကိစ္စတွင် ကျော်လွန်၍မရသော စည်းသုံးခု
24htopnews | January 2, 2025 11:12 PM CST

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုုင်ငံသို့  ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းက လာရောက်ခဲ့သည့် ခရီးစဉ်အား ၂၀၂၄ ခုနှစ်အတွက် ထင်ရှားသည့် ဖြစ်ရပ်တစ်ခုအဖြစ် The Daily Eleven သတင်းစာက ဖော်ပြအပ်ပါသည်။

တရုတ်နိုင်ငံသည် နစကနှင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးမှုများကို ကြားဝင်ဆောင်ရွက်ပေးလျက်ရှိသော်လည်း အခြားတစ်ဖက်တွင်  မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ တိုက်ပွဲ ဖော်ဆောင်ပြီးမြို့များကိုဝင်ရောက်ထိန်းချုပ်မှုများပြုလုပ်ခဲ့မှုအပေါ် တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည်ဟု ဝေဖန်မှုများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့သည်။

ထိုသို့  ဝေဖန်မှုများထွက်ပေါ်နေချိန်၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုင်ငံသို့လာရောက်ခဲ့သဖြင့် လူအများအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် တာဝန်ကိုလွှဲပြောင်းရယူခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိသည် ၂၀၂၂ ခုနှစ်တွင် တစ်ကြိမ်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စ တာချင်ကန်းသည် ၂၀၂၃ ခုနှစ်တွင် တစ်ကြိမ်လာရောက်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက ပုဂံ၌ကျင်းပသည့် (၇) ကြိမ်မြောက်  မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန် ကြီးအစည်းအဝေးသို့တက်ရောက်ရန် မြန်မာ နိုင်ငံသို့လာရောက်ခဲ့သော်လည်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သီးခြားတွေ့ဆုံခြင်းမရှိဘဲ ပုဂံခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနေရာတွင် မစ္စတာချင်ကန်းက အစားထိုး တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၂၃ ခုနှစ် မေလဆန်းတွင် နေပြည်တော်သို့ မစ္စတာချင်ကန်း လာရောက်၍ နစကဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။

ယင်းနောက် မစ္စတာဝမ်ယိသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ပြန်လည်ထမ်းဆောင်ခွင့်ရရှိခဲ့သဖြင့် နစကလက်ထက်တွင် မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ် သြဂုတ် ၁၄ ရက် တွင် မစ္စတာဝမ်ယိသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးတာဝန်ဖြင့် ဒုတိယအကြိမ်ပြန်လည်လာရောက်ခဲ့ခြင်းဖြစ်ပြီး နစကဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် သီးခြားတွေ့ဆုံခဲ့ပြီး ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်း မိတ်ဆွေဟောင်းမိတ်ဆွေကောင်း နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အခိုင်အမာ ထောက်ခံကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို ချမှတ်ဆောင်ရွက်နေမှုနှင့်  လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်း ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အလေးထားပူး ပေါင်းဆောင်ရွက်ရန်ရှိကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့်ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံက ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့ပြင် နစကဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ဦးဆောင်၍ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ကိုလည်းကျင်းပခဲ့ပြီးယင်းဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံ၊ ယုံကြည်စိတ်ချရသော နိုင်ငံအဖြစ်ခိုင်ခိုင်မာမာရပ်တည်သွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊  နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံဘက်မှ ဆွေးနွေးရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမြဲထောက်ခံအားပေးနေကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Ploicy) အပေါ်မြန်မာနိုင်ငံက အစဉ်တစိုက်ရပ်တည်ထောက်ခံအားပေးနေမှုအပေါ်တန်ဖိုးထားကြောင်းနှင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အမြဲရပ်တည်ပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲတွင်သက်ဆိုင်သူများအားလုံး ပါဝင်နိုင်သည့်ရွေးကောက်ပွဲဖြစ်စေရေးတိုက်တွန်းလိုကြောင်း ဆွေးနွေးခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ (အငြိမ်းစား)ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သွားရောက်၍တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံအားပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် အထောက်အပံ့များဆက်လက်ပံ့ပိုးကူညီရန် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအား တောင်းဆိုခဲ့သည်။ ထို့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဦးဆောင်၍ နှစ်နိုင်ငံဆွေးနွေးပွဲကိုလည်း သီးခြားပြုလုပ်ခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ထိုင်းနိုင်ငံတွင်ကျင်းပမည့် မဲခေါင်- လျန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံမှ တစ်ဆင့်သွားရောက်ခဲ့ပြီး  ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သြဂုတ် ၁၆ ရက်တွင်  မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သ ဘောအစည်းအဝေးကို တက်ရောက်ခဲ့သည်။

လေးနိုင်ငံအလွတ်သဘောအစည်းအဝေးတွင် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဝမ်ယိက မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်းထက်ပိုလိုလားသောသူမရှိကြောင်း၊ မိမိတို့သည် စိတ်ရင်းအမှန်စေတနာဖြင့် မြန်မာနိုင်ငံ၏ အခြေအနေအရှိန်လျော့ပြန်လည်တည်ငြိမ်လာရေးကို ကူညီဆောင်ရွက်ပေးရန်မျှော်လင့်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံအခြေအနေသည် စိတ်ပူပန်ရစေကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စတွင် ကျော်လွန်၍မရသော စည်းသုံးခုကို ခိုင်မာစွာ ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံတွင်ပြည်တွင်းမတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍ မရခြင်း၊ အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ပင်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ သည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ချစ်ကြည်ရေးမူဝါဒသည် မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း၊ မိမိတို့သည် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ခြင်းအခြေခံမူကို အမြဲတစေလက်ကိုင်ထားပြီး မြန်မာနိုင်ငံက အချုပ်အခြာအာဏာ နှင့်နိုင်ငံတစ်သားတည်းဖြစ်မှုအား ကာကွယ်ထိန်းသိမ်းရေးကို ထောက်ခံအားပေးပါကြောင်း၊ မြန်မာနိုင်ငံက တွေ့ဆုံဆွေးနွေးမှုဖြင့် ပြည်တွင်းပြန်လည်သင့်မြတ်မှုဖော်ဆောင်ရန် ထောက်ခံအားပေးကြောင်း၊ မြန် မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ရှာဖွေတွေ့ရှိ မှုကိုအားပေးကြောင်း ပြောကြားပြီး အကြံပြုချက်သုံးချက်ကို ဝမ်ယိက အဆိုပြုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ ပထမအကြံပြုချက်မှာ မြန်မာနိုင်ငံက ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို တရားဥပဒေနှင့်အညီ စနစ်တကျ ပြန်လည်ဖော်ဆောင်ရန် အတူတကွထောက်ခံအားပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်က အဆိုပြုသည့် ရှေ့လုပ်ငန်းစဉ်ငါးရပ် တတိယဗားရှင်းသည် အဆိုပါရည်မှန်းချက်ကို ဖော်ဆောင်ရန် အထောက်အကူပြုသဖြင့် နားလည်လေးစားပေးသင့်ကြောင်း၊ တစ်ချိန်တည်းတွင် ရှေ့လုပ်ငန်းစဉ်ငါးရပ် အသစ်နှင့် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်၏ကိုက်ညီသည ့်အချက်ကို တက်တက်ကြွကြွဆွေးနွေးကာ အပြန်အလှန်မြှင့်တင်၍ စုပေါင်းအင်အားအဖြစ်ဖော်ဆောင်ရမည်တို့ဖြစ်သည်

ထို့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ဒုတိယအကြံပြုချက်မှာ မြန်မာပြည်သူများ လက်ရှိအခက်အခဲကျော်ဖြတ်နိုင်ရန် အတူတကွထောက်ခံအားပေးခြင်းဖြစ်ကြောင်း၊ ဘက်အသီးသီးက မြန်မာနိုင်ငံထံလူသားချင်း စာနာထောက်ထားမှုအကူအညီများပေးအပ်ရန် ကြိုဆိုပြီး မည်သည့်ကူညီမှုမဆို မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ၏ဆန္ဒကို လေးစားသင့်ကြောင်း၊ ကူညီမှုများကို အတိုက်အခံ ပဋိပက္ခပြုလုပ်ရာတွင် အသုံးမပြုဘဲပြည်သူလူနေမှုဘဝကို အာမခံရာတွင် အမှန်တကယ် အသုံးပြုရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ မြန်မာနိုင်ငံက မိမိစွမ်းရည်မြှင့်တင်ရန်ကူညီပေး၍ ပဋိပက္ခများဖြစ်ပွားမှုကို တားဆီးရန်အတွက် အကျိုးရှိသော လူမှုရေးနှင့်စီးပွားရေး အခြေအနေဖန်တီးပေးရမည် ဖြစ်တို့ဖြစ်သည်။

ယင်းအပြင် တတိယအချက်မှာ အာဆီယံပုံစံဖြင့် မြန်မာနိုင်ငံအရေးကိစ္စကို ကောင်းမွန်စွာဖြေရှင်းရန် အတူတကွထောက်ခံအားပေးခြင်း၊ အာဆီယံကစည်းလုံးညီညွတ်မှုထိန်းသိမ်းထားမှုနှင့်အာဆီယံ၏ဗဟိုတည် နေရာကို ထောက်ခံအားပေးခြင်းနှင့် ဒေသတွင်းပြင်ပအင်အားများက အခြေအနေပျက်အောင် နှောင့်ယှက်ခြင်းကြောင့် ပဋိပက္ခပိုမိုဆိုးရွားလာမှုကိုသတိထားရမည်တို့ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒများကို ထုတ်ဖော်ပြောဆိုခဲ့မှုများအပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖော်ဆောင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်က တစ်ဖွဲ့ချင်းခေါ်ယူတွေ့ဆုံခြင်းနှင့် တိုက်ပွဲများရပ်တန့်ရန် သတိပေးမှုများ ပြုလုပ်ခဲ့သည်ကိုတွေ့ရပြီး ယင်းနောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက် ပိုင်းတွင်တိုက်ပွဲများ အရှိန်လျော့ကျသွားသည်ကို တွေ့ရသည်။


READ NEXT
Cancel OK