Top News

၂၀၂၄ ခုနှစ်အတွင်း လူ ၅၀၀ ကျော် သေဆုံးခဲ့သည့် ရေကြီးရေလျှံမှု
24htopnews | January 2, 2025 11:12 PM CST

မြန်မာနိုင်ငံ၏ ရာသီဥတုဘေးကြောင့် လူသေဆုံးမှုအများအပြားဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းအပြီးတွင် ဒုတိယအများဆုံးဟု ဆိုနိုင်သည့် ရေကြီးရေလျှံမှုကြောင့် လူသေဆုံးမှုအများဆုံးမှာ တိုင်ဖွန်းမုန်တိုင်းရာ ဂီအရှိန်ကြောင့် သေဆုံးမှုဖြစ်သည်။

ယင်းဖြစ်စဉ်နှစ်ခုအနက် ကွာခြားချက်တစ်ခုမှာ နာဂစ်မုန်တိုင်းက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် လူ ၅၀၀ ကျော် သေဆုံးခဲ့သည့် ရေကြီးရေလျှံမှုမှာ တောင် တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရေကြီးရေလျှံမှုမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးတွင် သာမက ရှမ်းပြည်နယ်တောင်ပေါ်ဒေသများ ဖြစ်သည့် ကလောမြို့ကဲ့သို့နေရာမှာပင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

စက်တင်ဘာလပိုင်းက ဖြစ်ပွားခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် ရေကြီးရေ လျှံမှုများဖြစ်ပွားခဲ့ကြောင်း၊ အိမ်ထောင်စု ရှစ်သောင်းကျော်၊ လူဦးရေတစ်သန်းနီးပါး ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ရပြီး သေဆုံး/ပျောက်ဆုံးသူ ၅၂၀ ဦးရှိခဲ့ကြောင်း၊ တိရစ္ဆာန်ပေါင်း တစ်သိန်းရှစ်သောင်းကျော် သေဆုံးခဲ့ပြီး စပါးနှင့်သီးနှံစိုက်ဧက ခုနစ်သိန်းကျော် ထိခိုက်သကဲ့သို့ လမ်းတံတား၊ စာသင်ကျောင်း၊လျှပ်စစ်နှင့် ဆက်သွယ်ရေး အစရှိသည့် ကဏ္ဍပေါင်းစုံတွင်လည်း ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဲဒီညတုန်းက အဖြစ်အပျက်ကိုတော့ ပြန်မတွေးချင်တော့ဘူး။ ဘဝမှာတစ်ခါမှ မကြုံဖူးဘူး” ဟု ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာတွင် နေထိုင်သည့် ကိုအောင်စိုးက ပြောကြားသည်။

မိုးထိမိုးမိရွှေလုပ်ကွက်များရှိသည့် သပြေပင်ကျေးရွာတွင် ရွှေလုပ်ငန်းကြောင့် ငွေကြေးတတ်နိုင်သူအများစု နေထိုင်ခဲ့ကြပြီး စက်တင်ဘာ ၁၂ ရက် ညပိုင်းကရေဘေးကြောင့် မိသားစုများ တကွဲတပြားဖြစ်ကာ သေဆုံးမှု၊ ပျောက်ဆုံးမှုများ ကြုံတွေ့ခဲ့ရသည်။

“သပြေပင်မှာ လူထောင်နဲ့ချီ ရှိလောက်တယ်။ ရွှေတောလုပ်ကွက် တစ်ပိုင်တစ်နိုင်လုပ်ကွက်လည်းရှိတော့ နေတဲ့သူများတယ်။ တော်တော်လည်းစည်စည်ကားကားကို ဖြစ်နေတာ။ ရွာကလည်း ရွှေလုပ်ကွက်နဲ့ဆိုတော့ နေနိုင်စားနိုင်တဲ့သူများတယ်။ အဆင်ပြေကြတယ်”ဟု သပြေပင်ကျေးရွာနေ ကိုအောင်စိုးက ပြောကြားသည်။

လူလေးဦးရှိသည့် ကိုအောင်စိုးတို့ မိသားစုမှာလည်း အခြားမိသားစုများနည်းတူ ဘေးလွတ်ရာသို့ ပြေးခဲ့ရပြီး ရေဘေးကြောင့် ကွယ်လွန်သူမရှိခဲ့ပေ။

“ရေက တောင်ပေါ်ကနေ ဒလဟောကျလာတာ။ လူအိပ်ချိန်ဖြစ်နေတော့ အတော်ကို လွတ်အောင်ပြေးလိုက်ရတယ်”ဟု ကိုအောင်စိုးက ယင်းနေ့ညအဖြစ်အပျက်ကို ပြန်လည်ပြောကြားသည်။

တောင်‌ခြေရှိ ကျေးရွာများမှာ တောင်ပေါ်၌  ရေနှင့်အတူပါလာသည့် ရွှံ့၊သဲများ ဖုံးလွှမ်းခဲ့ပြီး လက်ရှိတွင်လည်း တောင်ပေါ်သို့ တက်ရောက်နိုင်သည့် လမ်းများပျက်စီးခဲ့သဖြင့် ဖြစ်စဉ်အစပိုင်းတွင်သွားရောက်ရန် မလွယ်ကူခဲ့ပေ။

လက်ရှိတွင် တောင်ပေါ်သို့ အခြားနေရာများမှ သွားရောက်နိုင်ပြီဖြစ်သော်လည်း မူလအခြေအနေသို့ ပြန်လည်မရောက်ရှိသေးပေ။

“အကုန်လုံး လုပ်ငန်းတွေလည်း ဆုံးရှုံး၊ မိသားစုတွေလည်း ဆုံးရှုံးတော့ နဂိုပုံမှန်ကို ပြန်ရောက်ဖို့က မလွယ်တော့ဘူး”ဟု ကိုအောင်စိုးက သူ၏အမြင်ကို ပြောကြားသည်။

အလားတူ တောင်ပေါ်မြို့တစ်ခုဖြစ်သည့်ကလောမြို့တွင်လည်း နှစ်ပေါင်း ၂၀ ကျော်အတွင်း မကြုံစဖူးရေကြီးခဲ့ပြီး လူသေဆုံးမှုများလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

“အသေအပျောက်တွေရှိရတဲ့ အကြောင်းရင်းက လူကြီးသူမတွေက နှစ်တိုင်းတက်နေကျပါအေဆိုပြီး ရွှေ့ခိုင်းမရလို့များတယ်။ ရေတက်အရမ်းမြန်တာမို့ ဘာမှလုပ်ချိန်မရဘူး”ဟု ကလောဒေသခံတစ်ဦးက ပြောကြားသည်။

သေဆုံးမှုများတွင် မိသားစုလိုက်ရေစီးနှင့် မျောပါသေဆုံးခဲ့သည်ဟု သိရသည်။

“မိသားစုလိုက် ဖြစ်တာများတယ်။ ရပ်ကွက်(၃)က အများဆုံးပဲ။ အိမ်လိုက် ကျွတ်ပါသွားတာပေါ့။ အဖေတစ်ယောက်ပဲ ကျန်တယ်။ အမေနဲ့ သားတစ်ယောက်ဆုံးသွားတာရှိတယ်”ဟု ကလောမြို့ခံ လူမှုကူညီရေး လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

ကလောမြို့တွင် ထိခိုက်မှုအများဆုံး ခံစားခဲ့ရသည့်နေရာများမှာ ရပ်ကွက် ၂၊ ၃၊ ၄ တို့ဖြစ်ကြောင်း သိရသည်။

“ရေစီးနဲ့ပါလာတဲ့ ရွှံ့နွံတွေ ကြောင့် အိမ်တွေတော်တော်ပျက်စီးကုန်တယ်။ တချို့ကတောင်စောင်းမှာဆောက် ထားတဲ့အိမ်တွေဆို အလုံးလိုက်ကျွတ်ပါသွားတယ် ဟု ကလောမြို့ခံတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရေကြီးရေလျှံမှုကြောင့် လူသေဆုံးခဲ့သည့် မိသားစုဝင်များအတွက် တစ်ဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ထောက်ပံ့လျက်ရှိသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

အသက်ဆုံးရှုံးရသူများအတွက် ဦးစားပေးအဖြစ် ကျန်ရစ်သူမိသားစုများသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ပုံမှန်ထောက်ပံ့ပေးနေမှုအပြင် အမျိုးသားသဘာဝဘေးစီမံခန့် ခွဲမှုရန်ပုံငွေနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး /ပြည်နယ်ရန်ပုံငွေများကပါထပ်ဆောင်း လျက်ပျမ်းမျှတစ်ဦးလျှင် ၁၀ သိန်း ထောက်ပံ့ခဲ့ပြီးဖြစ်သကဲ့သို့ အိုးအိမ်ပျက်စီးမှုများအတွက်လည်း ပျက်စီးမှုပမာဏအပေါ် မူတည်၍ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့နိုင်ရေး စီစဉ်ပြီးဖြစ်၍ လက်ဝယ်အရောက် ပေးအပ်တော့မည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက်လည်း သင့်လျော်သည့် ထောက်ပံ့မှုနှင့် အတိုးမဲ့ချေးငွေများ၊ သက်သာသော အတိုးနှုန်းနှင့် ချေးငွေများ စီမံဆောင်ရွက်ပေးခြင်း တို့ကိုလည်း လျာထားစီမံခြင်းနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ခွဲဝေပေးခြင်းများ တစ်ပြိုင်နက်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လမ်း၊ တံတားများကို လည်း လမ်းပန်းဆက်သွယ်မှု အမြန်ဆုံးရရှိ အောင် လမ်းညွှန်ချက်ချမှတ်ပြီး ကွင်းဆင်း ကြည့်ရှု ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

ထို့ပြင် ရေဘေးကူညီရန် စေတနာရှင် ပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းနှင့် အသင်းအဖွဲ့အလိုက် စုစည်းခြင်းတို့ဖြင့် အလှူငွေများ လှူဒါန်းလျက်ရှိရာ ယနေ့အထိ နိုင်ငံတော်အဆင့် သုံးကြိမ်ဖြစ်ပြီး အလှူငွေ ရရှိမှုအနေဖြင့် ကျပ် ၅၂ ဘီလျံကျော် ထည့်ဝင်လှူဒါန်းထားကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

သို့သော် ပြင်ပမှ အကူအညီများပေးနေသည့် UN ကဲ့သို့ အဖွဲ့အစည်းများတွင်မူ မြန်မာ့ရေဘေးအပါအဝင်  လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်အတွက် ရန်ပုံငွေမလောက်ငမှုများ ရှိနေသည်ဟု သိရသည်။

၂၀၂၄ ခုနှစ် ၁၀ လပိုင်းအတွင်း ဝင်ရောက်လာပြီဖြစ်သည့် မြန်မာနိုင်ငံ၏ ၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်သည် လိုအပ်သည့်ရန်ပုံငွေ၏ ၂၈ ဒသမ ၅ ရာခိုင်နှုန်းမျှသာ ရရှိထားကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအတွက် ကျယ်ပြန့် လာသည့်လိုအပ်ချက်များကို အလုံးအရင်းဖြင့် အကူအညီပေးတုံ့ပြန်နိုင်ရန် ထပ်ဆောင်းရန်ပုံငွေများ အရေးပေါ်လိုအပ်နေကြောင်း UNOCHA က ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၉ ရက်မှစ၍ ရာဂီမုန်တိုင်း အဖျားခတ်ခြင်းနှင့် မုတ်သုံမိုးကြီးခြင်းများ ကြောင့် နိုင်ငံ၏မြို့နယ်ပေါင်း ၃၃၀ အနက်မှ မြို့နယ် ၇၀ ရှိ ပဋိပက္ခဒဏ်ကြောင့် နေရပ်စွန့် ခွာနေကြရသူ အများအပြားအပါအဝင် ခန့် မှန်းခြေ လူဦးရေတစ်သန်းခန့် ရေဘေးသင့်ခဲ့ရကြောင်း UNOCHA က ထုတ်ပြန်ခဲ့သည်။

ရေဘေးနှင့် ပဋိပက္ခဒဏ်ခံရသူများအား တုံ့ပြန်အကူအညီပေးနေသည့် လူသားချင်း စာနာမှုဆိုင်ရာအဖွဲ့ အစည်းများသည် လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ အဖွဲ့အစည်းအမျိုးမျိုး၏ သွားလာခွင့်တားဆီးကန့်သတ်ခံရခြင်း၊ ဘေးကင်းလုံခြုံမှုမရှိခြင်းနှင့် ရန်ပုံငွေနည်းပါးခြင်းများ အပါအဝင်  စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တ ရာယ်ဖြစ်ပွားမှု များပြားလာပြီး ကမ္ဘာနိုင်ငံများ၏ ထိခိုက်ဆုံးရှုံးနိုင်ခြေကိုလည်း ဆန်းစစ်လေ့လာရာတွင် ၂၀၂၃ ခုနှစ်ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း (World Risk Index 2023) တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံ၏ ထိခိုက်ဆုံရှုံးနိုင်ခြေဆန်းစစ်မှု ပြုလုပ်ထားပြီး ဖိလစ်ပိုင်က ညွှန်းကိန်း ၄၆ ဒသမ ၈၊ အင်ဒိုနီရှားက ညွှန်းကိန်း ၄၃ ဒသမ ၅၀၊ အိန္ဒိယက ၄၁ ဒသမ ၅၂ နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံရှုံးနိုင်ခြေညွှန်းကိန်း အမြင့်ဆုံးနိုင်ငံများအဖြစ်တွေ့ရပြီး မြန်မာ နိုင်ငံကညွှန်းကိန်း ၃၆ ဒသမ၂၆ ဖြင့် အဆင့် (၆) ရှိနေသည်။

ယင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျော့နည်း‌စေရန် အမြဲမပြတ်သတိပြု ဆောင်ရွက်ရမည့်အခြေအနေလည်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဘေးကင်းစေရေး၊ အစီအမံများနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခန်းများ တိုးတက်ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအစရှိသည့် လက်တွေ့အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ပြီး ကြုံတွေ့လာရပါက မည်သို့ ကိုင်တွယ်ဆောင်ရွက်ရမည် ဆိုသည်ကိုလည်း လေ့ကျင့်ထားရန် လိုအပ်နေပြီဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် လူအသေအပျောက်အများဆုံးဖြစ်ခဲ့သည့် မုန်တိုင်းရာဂီအရှိန်ကြောင့် ရေကြီးရေလျှံမှုများ မည်သည့်အတွက်ကြောင့် ကြီးမားစွာဖြစ်ပွားခဲ့ရသနည်း ဆိုသည်ကိုလည်း လေ့လာဆန်းစစ်ရန်လိုအပ် နေပြီလည်းဖြစ်သည်။


READ NEXT
Cancel OK