
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် နို့စားနွားမွေးမြူရေးခြံအား စစ်ဆေးရာ နွားထီးများသာ တွေ့ရှိခဲ့သဖြင့် ပြန်ရောင်းခိုင်းထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်တွင် ဖြေကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေးဌာန၏ ငါးနှစ်ဆက်တိုက် အရှုံးပေါ်နေသော လုပ်ငန်းများနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးခွန်းအား မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူ လုပ်ကိုင်နေသည့် “မစို” စိုက်ပျိုးမွေးမြူရေးခြံရှိ နို့စားနွားမွေးမြူရေးအား သွားရောက် စစ်ဆေးရာတွင် ထိုသို့ တွေ့ရှိခဲ့ခြင်းသည်ဟု မြို့တော်ဝန်က ဆိုသည်။
“နို့စားနွားမွေးမြူရေးခြံမှာ ဆိုရင်လည်း တကယ်တမ်း ကျွန်တော်တို့ သွားပြန်စစ်လိုက်တဲ့ အခါကျတော့ နွားထီးတွေချည်းပဲ ကျန်ခဲ့တယ်။ ဒါက အဓိပ္ပာယ်မရှိဘူး။ ဒါကိုပြန်ရောင်းပစ်လိုက် ထုတ်ပစ်လိုက်ပေါ့” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ထို့ပြင် နှစ်ရှည်စိုက်ပျိုးရေးစခန်းတွင် ယခင်က ကြက်ဆူပင်များ စိုက်ပျိုးထားခြင်းအစား နှစ်ရှည်ကျွန်းပင်များ စိုက်ပျိုးသဖြင့် အရှုံးပေါ်နေသော်လည်း နောင်တစ်ချိန်တွင် အကျိုးရမည်ဖြစ်ကြောင်း၊ ကြက်မွေးမြူရေးခြံတွင် မျိုးကောင်းမျိုးသန့် တင်သွင်းရန် နည်းပညာပိုင်းအရ လိုအပ်လာသဖြင့် ကြက်မွေးမြူရေးလုပ်ငန်းများကို ရပ်ဆိုင်းထားကြောင်း မြို့တော်ဝန်က ပြောကြားသည်။
ရှုံးနေသည့် လုပ်ငန်းများကို ငှားရမ်းလုပ်ကိုင်မည့်ကုမ္ပဏီများ မရှိသေးကြောင်း၊ စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည့် လုပ်ငန်း ငါးခုအနက် နှစ်ရှည်ပင် စိုက်ပျိုးသည့် လုပ်ငန်းမှလွဲပြီး ကျန်သည့် လုပ်ငန်းများကို ရပ်နားထားကြောင်း မြို့တော်ဝန်က ပြောကြားသည်။
“ရှုံးနေတဲ့ လုပ်ငန်းတွေကို ရပ်ပြီးတော့ သတ်မှတ်နှုန်းထားနဲ့အညီ ငှားရမ်း လျှောက်ထားမယ့် ကုမ္ပဏီမရှိသေးတဲ့အတွက်ကြောင့် ဝင်ငွေ မရရှိခြင်းအတွက်ကြောင့် အရှုံးပေါ်ခြင်း ဖြစ်ပါတယ်။ စာရင်းချုပ်ရုံးက ဖော်ပြထားတဲ့ ငါးနှစ်ဆက်တိုက် အရှုံးပေါ်ခြင်း လုပ်ငန်းများအနက် နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်းကလွဲရင် ကျန်လုပ်ငန်း လေးခုကို အခုချိန်မှာ ရပ်နားထားပြီးတော့ စခန်းပိုင်မြေတွေကို ရေရှည်မှာ ဘယ်လိုအကျိုးအမြတ်ရှိ မလဲ။စီးပွားရေး အသွင်ဆောင်တဲ့ စနစ်တကျလုပ်ကိုင်မယ့် ကုမ္ပဏီတွေကို ရန်ကုန်တိုင်းအစိုးရ လမ်းညွှန်ချက်နဲ့အညီ အငှားချထားဖို့လည်း စီစဉ်ဆောင်ရွက်နေပါတယ်”ဟု မြို့တော်ဝန် က ပြောကြားသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် ငါးနှစ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ကိုင်နေသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ငါးခုမှာ အရှုံးပေါ်နေပြီး ယင်းလုပ်ငန်းများမှာ မစို စိုက်ပျိုးရေးနှင့် အပန်းဖြေစခန်းမှ ကျပ် သန်း ၈၈ ဒသမ ၀၄၇၊ အောင်ချမ်းသာရေငန် ပုဇွန်မွေးမြူရေးစခန်းမှ ကျပ်သန်း ၃၈ ဒသမ ၄၀၈၊ ထောက်ကြန့် ကြက်မွေးမြူရေးစခန်းမှ ကျပ်သန်း ၃၄၀ ဒသမ ၈၆၂၊ ဥတို စိုက်ပျိုးရေးမွေးမြူရေးစခန်းမှ ကျပ်သန်းပေါင်း ၁၇၅ ဒသမ ၆၅၁၊ နှစ်ရှည်ပင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ကျပ်သန်း ၈၁ ဒသမ ၅၇၈ တို့အရှုံးပေါ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်