Top News

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ညီတူညီမျှ ခံစားရရှိနိုင်ရေးကိစ္စများ ဦးတည်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
24htopnews | January 3, 2025 2:12 AM CST

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ညီတူညီမျှ ခံစားရရှိနိုင်ရေးကိစ္စများကို ဦးတည်ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ ရှစ်ခု၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး အဖွင့်မိန့်ခွန်း ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ဒီနေ့အစည်းအဝေးကတော့ အားလုံးသိတဲ့အတိုင်းပဲ။ မသန်စွမ်းသူများအတွက် အခွင့်အရေးများကို ဖော်ဆောင်ဖို့ လက်တွေ့ကျတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ အင်မတန် အရေးကြီးတယ်လို့ ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်အနေနဲ့ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူပြည်သားတွေအားလုံးကို လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ကျွန်တော်တို့ ဆောင်ရွက်တယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ အားလုံးညီညီမျှမျှ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ညီညီမျှမျှ ခံစားရရှိနိုင်ဖို့ဆိုတာ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြည်သူတွေ အခွင့်အရေးများ ခံစားဖို့ဟာ ညီတူညီမျှ ရရှိဖို့ဆိုတာကို ဦးတည် ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယင်းကဲ့သို့ ပြည်သူများအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ညီတူညီမျှ ခံစားရရှိနိုင်ရေး စသည်များ ဖြစ်လာစေရန်အတွက် သဟဇာတဖြစ်မှုနှင့် ညီညွတ်မှုရှိရန်လည်း လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက “ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ မူဝါဒပေါ့။ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ မူဝါဒမှာ အစိုးရသစ် စတက်ကတည်းက လူတိုင်း လူတိုင်း အခြေခံလူ့အခွင့်အရေး ရရှိရေး၊ လူ့ဂုဏ်သိက္ခာနဲ့ပြည့်စုံတဲ့ လူ့အသိုင်းအဝိုင်း ဖော်ဆောင်ရေးဆိုတာ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ တကယ့်မူဝါဒ ဖြစ်ပါတယ်။ နောက်တစ်ခါ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲတာနဲ့ ပတ်သက်ပြီးတော့လည်း ဘေးဒဏ်ကို ကြံ့ကြ့ံခိုင် ရင်ဆိုင်နိုင်စွမ်းရှိတဲ့ လူ့အသိုင်းအဝိုင်း ပေါ်ပေါက်ရေးဆိုတာ ပါပါတယ်။ ဆိုတော့ ကျွန်တော်တို့ရဲ့ မူဝါဒမှာ အားလုံးဟာ လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ အသိုင်းအဝိုင်းထဲမှာ ရှိနေရမယ်။ နောက်ပြီးတော့ ဘေးဒဏ်ဆိုရင်လည်း ဘေးဒဏ်ဆိုတာ သဘာဝဘေးလည်းပါတယ်။ လူကြောင့်ဖြစ်တဲ့ဘေးလည်း ပါတယ်။ ဘေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တဲ့ လူ့အသိုင်းအဝိုင်း ဖြစ်အောင်လည်း ဆောင်ရွက်ရမယ်။  ဆိုတော့ ဒါတွေကို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ အားလုံး ညီညီမျှမျှ ရရှိ ဖို့ ချန်ထားခဲ့လို့လည်း မရဘူး။ ဒါကြောင့် မသန်စွမ်းများလည်း ပါဝင်လာတယ်။ အဲဒီတော့ ကျွန်တော်တို့ အခုလုပ်မယ့် ဆပ်ကော်မတီရှစ်ခုမှာလည်း အဲဒီလိုဦးတည်ချက်တွေ၊ မူဝါဒတွေအပေါ်မှာ အခြေခံပြီးတော့မှ ကျွန်တော်တို့က လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ဆိုပြီးတော့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြည်သူများအားလုံး ညီတူညီမျှ ဖြစ်လာစေရန် ဆောင်ရွက်သည့် နေရာတွင် လိုအပ်နေသည့် နေရာများအား ဦးစားပေး ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ ဦးစားပေးပြီး ပိုမိုဖြည့်ဆည်းမှသာလျှင် ညီတူညီမျှဖြစ်စေရန် ဆောင်ရွက်မှုများသည် အောင်မြင်နိုင်မည်ဟု ယူဆကြောင်း၊ နိုင်ငံတော်အစိုးနှင့် ဝန်ကြီးဌာနက ပြည်သူများ၏ လိုအပ်ချက်များကို ညီတူညီမျှရရှိနိုင်ရန် ဆောင်ရွက်ရာတွင်လည်း ပြည်သူအားလုံး ညီတူညီမျှ အခွင့်အရေး ရရှိခံစားနိုင်ရန် ဆောင်ရွက်ရာတွင် လိုအပ်သည့်နေရာများအား ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ 

 


READ NEXT
Cancel OK