
ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရန်ကုန်မြို့သစ်မြေအစား ငွေကြေးလျော်ကြေး ရလိုသော မူလပိုင်ရှင်များအတွက် တစ်ဧက၏ တန်ဖိုးကို ကျပ်သိန်း ၁၀၀ အဖြစ် တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားကြောင်း NYDC CEO ဦးသိမ်းဝေ၏ အပတ်စဉ်စာစဉ် (၂၂) တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့သစ် စီမံကိန်း Master Plan အပြီးသတ်အဆင့် တင်ပြဆွေးနွေးခြင်း ပွဲအပြီးတွင် ထွက်ပေါ်လာခဲ့သည့် ဝေဖန်မှုများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းချက်များ ပါဝင်သည့် NYDC CEO ဦးသိမ်းဝေ၏ အပတ်စဉ် စာစဉ် (၂၂) ကို ကုမ္ပဏီက ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ပထမဆုံးအချက်အနေဖြင့် Pre-Project Document (PPD) ရေးဆွဲရန် ရွေးချယ်ခံထားရသည့် China Communications Construction Company Ltd, (CCCC) သည် NYDC တာဝန်ယူထားသည့် ရန်ကုန်မြို့သစ် ပထမအဆင့်ကို အကောင်အထည်ဖော်မည့် မြေဧရိယာအားလုံးကို ရရှိမည်ဆိုသည့် အချက်သည် မှားယွင်းသည်ဟု ဆိုသည်။
ရန်ကုန်မြို့သစ် ပထမအဆင့်၏ မြေဧရိယာ စုစုပေါင်း ၉၀ စတုရန်း ကီလိုမီတာအနက်မှ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် NYDC တို့ ပူးပေါင်းလုပ်ဆောင်မည့် joint-Venture Company (JV) အနေဖြင့် မြေဧရိယာ ၂၈ စတုရန်း ကီလိုမီတာသာ ရရှိမည်ဖြစ်ပြီး အဆိုပါ ဧရိယာထဲတွင် စက်မှုဇုန်ဧရိယာ၊ စီးပွားရေးနှင့် လူနေထိုင်မှုဧရိယာ အပါအဝင် ရေသန့်စင်စက်ရုံ၊ ရေဆိုးသန့်စင်စက်ရုံ စသည့် အများပြည်သူနှင့် သက်ဆိုင်သည့် မြို့တော်စည်ပင် လုပ်ငန်းများအတွက် အသုံးပြုရန် လိုအပ်သည့်မြေများ ပါဝင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပန်းခြံများအတွက် ၂၈ ဒသမ ၆၅ စတုရန်းကီလိုမီတာ မြေနေရာရှိမည်ဖြစ်ပြီး ကျန်ရှိနေသည့် ၃၃ ဒသမ ၃၅ စတုရန်းကီလိုမီတာ (ရန်ကုန်မြို့သစ် ပထမအဆင့် စုစုပေါင်းမြေဧရိယာ၏ ၃၇ ရာခိုင်နှုန်း) သည် NYDC ၏ ပိုင်ဆိုင်မှုအဖြစ် ဆက်ရှိနေမည်ဖြစ်ရာ ယင်းအနက်မှ ၁၉ ဒသမ ၀၆ စတုရန်းကီလိုမီတာကို မူလမြေပိုင်ရှင်များအား ပြန်လည်နေရာချထားမည့် မြို့ငယ် ငါးခုအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း မြေယာခွဲဝေမှုနှင့် ပတ်သက်၍ ရှင်းလင်းထားသည်ကို တွေ့ရသည်။
ဒုတိယအချက် အနေဖြင့် မြေတန်ဖိုးကို တစ်စတုရန်းမီတာလျှင် ငါးဒေါ်လာအဖြစ် တန်ဖိုး သတ်မှတ်ခြင်းမှာ မဖြစ်သင့်သည့်စျေးနှုန်းဖြင့် တန်ဖိုးဖြတ်လိုက်ခြင်း ဖြစ်သောကြောင့် နိုင်ငံအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်ဆိုသည့် ဝေဖန်ချက်နှင့် ရန်ကုန်မြို့သစ် ဧရိယာ၏ မြေတစ်ဧက တန်ဖိုး ကျပ်သိန်း ၃၀၀ အား သီလဝါ၏ မြေတစ်ဧက တန်ဖိုး ကျပ်သိန်း ၃၀၀၀ နှင့် နှိုင်းယှဉ်၍ သုံးသပ်မှုများအပေါ် ပြန်လည် ရှင်းလင်းထားသည်။
လက်ရှိတွင် မြို့သစ်ဧရိယာ၏ မြေနေရာသည် လယ်မြေဖြစ်ပြီး ပေါက်စျေးမှာလည်း တစ်ဧက သိန်း ၃၀၀ တန်ဖိုးမရှိကြောင်း၊ ပြန်လည် နေရာချထားရေးအတွက် မြို့သစ်မြေအစား ငွေကြေးလျော်ကြေး ရလိုသူများအတွက် တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားသည့် တန်ဖိုးမှာ တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ရှိကြောင်း မြေနေရာ တန်ဖိုးသတ်မှတ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းထားသည်။
အဆိုပါမြေနေရာ (ယခုလယ်မြေ) များသည် နောင်တစ်ချိန်တွင် တစ်ဧကတန်ဖိုး ကျပ်သိန်း ၃၀၀၀ အမှန်တကယ် ဖြစ်လာနိုင်ကြောင်း၊ သို့သော် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပြီးမှသာ ဖြစ်လာနိုင်မည့် တန်ဖိုးဖြစ်ကြောင်း၊ အခြေခံ အဆောက်အအုံများ မရှိဘဲ တစ်ဧက တန်ဖိုး ကျပ်သိန်း ၃၀၀၀ ဖြစ်လာနိုင်စရာ အကြောင်းမရှိကြောင်းနှင့် အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာပါက joint-venture company တွင် ပါဝင်သည့် မြေ၊ NYDC ပိုင်မြေများနှင့် ယခင် မြေပိုင်ဆိုင်သူများ၏ မြေတန်ဖိုးများပါ မြင့်တက်သွားမည် ဖြစ်သောကြောင့် မြေများအား စျေးပေါပေါဖြင့် ပေးလိုက်သည်ဆိုခြင်းမှာ မဟုတ်ကြောင်း ဖော်ပြထားသည်။
ထို့နောက် CCCC သို့မဟုတ် တင်ဒါနိုင်သည့် ကုမ္ပဏီအနေဖြင့် ရှယ်ယာတန်ဖိုး ၇၅ ရာခိုင်နှုန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံရန် လိုအပ်သောကြောင့် NYDC (ရှယ်ယာပိုင်ဆိုင်မှုတန်ဖိုး ၂၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုအနေဖြင့်) ထည့်ဝင်သည့် မြေတန်ဖိုးမှာ တစ်စတုရန်းမီတာလျှင် ငါးဒေါ်လာ တန်ဖိုးထက် အများကြီးပိုကြောင်း ပြန်လည် ရှင်းလင်းထားသည်။
တတိယအချက် အနေဖြင့် ၁၃ ရာခိုင်နှုန်းမှာ Internal Rate of Return (IRR) ၁၃ ရာခိုင်နှုန်းကို ဆိုလိုခြင်းသာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအား ပေးရသည့် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း မဟုတ်ကြောင်း၊ IRR သည် ရင်းနှီးမြှုပ်နှံမှု တစ်ခုတွင် သတ်မှတ်ထားသည့် သက်တမ်းတစ်ခုအတွင်း ရင်းနှီးထားသည့် ကုန်ကျစရိတ် အားလုံး (မတည်ရင်းနှီးငွေ၊ ချေးငွေ၊ အတိုးနှင့် ချေးငွေကုန်ကျစရိတ်၊ ဝင်ငွေနှင့် အသုံးစရိတ်များ) အပေါ် ပြန်လည်ရရှိမည့် ရာခိုင်နှုန်းကို ဆိုလိုခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
New Yangon Development Co.,Ltd နှင့် China Communications Construction Company Ltd (CCCC) တို့အကြား သဘောတူ လက်မှတ်ရေးထိုးထားသော ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ရေးအတွက် NYDC Challenge တင်ဒါခေါ်ဆိုနိုင်ရန် လိုအပ်သည့် Pre-Project Documents (PPD) တွင် ပါဝင်သော အသေးစိတ်အချက်အလက်များကို မကြာမီ ကြေညာမည်ဟု ဦးသိမ်းဝေက ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်