Top News

Access to Health Fund သည် ယခင် 3 MDG Fund ရန်ပုံငွေဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဒေါ်လာ ၂၁၅ သန်း ပံံ့ပိုးကူညီမည်  
24htopnews | January 3, 2025 2:12 AM CST

ကျန်းမာရေးစနစ် စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေ  Access to Health Fund သည် ယခင် 3MDG Fund ရန်ပုံငွေဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၂၁၅ သန်း ပံ့ပိုးကူညီမည် ဖြစ်ကြောင်း သိရသည်။

“ဒီ၂၀၁၉ ခုနှစ်ကစပြီး  Access to Health Fund အမည်နဲ့ မြန်မာနိုင်ငံမှာ မိခင်၊ မွေးကင်းစနဲ့ ကလေးကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ၊ အကျဉ်းထောင်ဆိုင်ရာ ကျန်းမာရေး၊ တီဘီ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အပါအဝင် ကျန်းမာရေးစနစ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အဓိကထား ကူညီလုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေကို ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ရန်ပုံငွေရဲ့ ၁၁ ရာခိုင်နှုန်းကျော် ပံ့ပိုးပေးသွားမှာဖြစ်ပြီး ကျန်တဲ့ ရန်ပုံငွေတွေကို မိတ်ဖက် အဖွဲ့အစည်းအသီးသီးထံ ပံ့ပိုးပြီး တိုင်း၊ ပြည်နယ်တွေမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။ ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစီမံချက် ဧရိယာတွေအတွက် ရန်ပုံငွေလျာထား ရေးဆွဲမှုတွေကို လာမယ့် မတ်လမှာ အပြီးသတ်ရေးဆွဲမှာဖြစ်ပြီး လုပ်ငန်းတွေကို ဧပြီလမှာ စတင်နိုင်ဖို့ စီစဉ်ထားပါတယ်” ဟု Access to Health Fund    မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

အဆိုပါ ရန်ပုံငွေများကို ခက်ခဲဒေသများ၊ ပဋိပက္ခဖြစ်ပွားနေသော ဒေသများနှင့် ထိခိုက်လွယ်သော လူအုပ်စုများကို ဦးတည်၍ လူသားချင်းစာနာမှု အခြေခံဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ထောက်ပံ့ကူညီရန် ရည်ရွယ်ထားကြောင်းနှင့် အထူးသဖြင့် အမျိုးသားကျန်းမာရေး စီမံကိန်းတွင် ပါရှိသော ရည်မှန်းချက်များနှင့်အညီ မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးစနစ် မြှင့်တင်ရေး၊ အာဟာရဖွံ့ဖြိုးရေး၊ ကျေးရွာအခြေပြု စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သား လေ့ကျင့်ပျိုးထောင်ပေးရေး လုပ်ငန်းများတွင် ထောက်ပံ့ကူညီရန် စီစဉ်ထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် 3MDG ရန်ပုံငွေအဖွဲ့က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၀ ထောက်ပံ့ခဲ့ကြောင်း၊ ရန်ပုံငွေများကို ၂၀၁၈ နှစ်ကုန်အထိ သက်တမ်းတိုးဆောင်ရွက်ရန် 3MDG  ၏ အလှူရှင်နိုင်ငံ ခုနစ်နိုင်ငံအနက် လေးနိုင်ငံဖြစ်သော ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့က သဘောတူညီခဲ့ကြပြီး ရန်ပုံငွေများ ဆက်လက် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ကျန်းမာရေးကဏ္ဍအတွက် နိုင်ငံတကာက ထောက်ပံ့ပေးသော အကြီးဆုံးရန်ပုံငွေ တစ်ရပ်ဖြစ်သည့် 3MDG သည် အလှူရှင်နိုင်ငံ ခုနစ်နိုင်ငံဖြစ်သော သြစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးပေါင်း ပါဝင်ထားပြီး ၂၀၁၂ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၂၈၄ သန်း ထည့်ဝင်ခဲ့ကြောင်း၊ 3MDG အနေဖြင့် မွေးကင်းစ၊ ကလေး၊ မိခင်ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို အဓိကဦးစားပေး လုပ်ဆောင်ပေးခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် 3MDG ၏ မိတ်ဖက် အဖွဲ့အစည်းများသည် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျန်းမာရေး ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။                                        

 


READ NEXT
Cancel OK