Top News

၂၀၁၈ နိုဝင်ဘာတွင်စတင်ဖွင့်လှစ်ခဲ့သည့် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းနှစ်ခုမှ ၂၀၁၉ ဇန်နဝါရီကုန်အထိ မြစ်ငယ်သို့ ကုန်သေတ္တာတင်ရထားတွဲ ၁၃၂၆ တွဲဖြင့် ကုန် ၃၇၆၅၅ တန် တင်ပို့နိုင်ခဲ့
24htopnews | January 3, 2025 2:12 AM CST

၂၀၁၈ နိုဝင်ဘာတွင် စတင်ဖွင့်လှစ်ခဲ့သည့် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းနှစ်ခုမှ ၂၀၁၉ ဇန်နဝါရီကုန်အထိ မြစ်ငယ်သို့ ကုန်သေတ္တာတင်ရထားတွဲ ၁၃၂၆ တွဲဖြင့် ကုန်တန်ချိန်စုစုပေါင်း ၃၇၆၅၅ တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မီးရထားဖြင့် ကုန်သေတ္တာများ သယ်ယူပို့ဆောင်နိုင်ရန် Resources Group Logistics Co. ltd ၏ ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းနှင့် KM Terminal & Logistics Limited တည်ဆောက်သည့် ရန်ကုန် ကုန်းတွင်းဆိပ်ကမ်းနှစ်ခုအား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

Resources Group Logistics Co. ltd သည် ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရန်ကုန်ရွာသာကြီး ကုန်းတွင်းဆိပ်တွင် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၂၆သန်း၊ မြစ်ငယ်ကုန်းတွင်းဆိပ်တွင် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇၅သန်း၊ စုစုပေါင်း ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ ၄၉ သန်းဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KM Terminal & Logistics Limited ၏ ကုန်းတွင်းဆိပ်ကမ်း၏ စီမံကိန်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၅ သန်းအား Kerry Logistics Network Limited နှင့် Mother Logistics Co. ltd မှ နိုင်ငံခြား ရန်ပုံငွေနှင့် ရှယ်ယာရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ နိုဝင်ဘာတွင် စတင်ခဲ့သည့် KM Terminal & Logistics Limited ၏ ကုန်သေတ္တာရထား ပြေးဆွဲမှုမှာ ၂၀၁၉ ဇန်နဝါရီကုန်ထိ ရွာသာကြီး - မြစ်ငယ်ခရီးစဉ်အား အသွား - အပြန် စုစုပေါင်း ကုန်သေတ္တာရထားတွဲ ၁၉၈ တွဲဖြင့် ခေါက်ရေ ၁၈ ခေါက် ပြေးဆွဲနိုင်ခဲ့ပြီး ကုန်တန်ချိန်အားဖြင့် ၅၉၉၄ တန် သယ်ဆောင်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ မြစ်ငယ် - ရွာသာကြီးခရီးစဉ်ကိုမူ အသွား - အပြန် စုစုပေါင်း ကုန်သေတ္တာရထားတွဲ ၉၉ တွဲဖြင့် ခေါက်ရေ ကိုးခေါက် ပြေးဆွဲနိုင်ခဲ့ပြီး ကုန်တန်ချိန်အားဖြင့် ၃၁၅၂ တန် သယ်ဆောင် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဧပြီတွင်စတင်ခဲ့သည့် KM Terminal & Logistics Limited မှ ၂၀၁၉ ဇန်နဝါရီကုန်ထိ ရွာသာကြီး - မြစ်ငယ်ခရီးစဉ်အား အသွား - အပြန် စုစုပေါင်း ကုန်သေတ္တာရထားတွဲ ၆၈၂ တွဲဖြင့် ခေါက်ရေ ၄၂ ခေါက် ပြေးဆွဲနိုင်ခဲ့ပြီး ကုန်တန်ချိန်အားဖြင့် ၁၈၈၆၉ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။      

မြစ်ငယ် -  ရွာသာကြီးခရီးစဉ်ကိုမူ အသွား - အပြန် စုစုပေါင်း ကုန်သေတ္တာရထားတွဲ ၃၄၇ တွဲဖြင့် ခေါက်ရေ ၂၁ ခေါက် ပြေးဆွဲနိုင်ခဲ့ပြီး ကုန်တန်ချိန်အားဖြင့် ၉၆၄၀ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးနှင့် မန္တလေးတိုင်းဒေသကြီး မြစ်ငယ်တွင် ကုန်းတွင်းဆိပ်ကမ်းများဖွင့် လှစ်ထားပြီး Dry Port များ ဆက်လက်တည်ဆောက်ရန် နေရာခုနှစ်ရာအား ထပ်မံအဆိုပြုထားကြောင်း သိရသည်။

 


READ NEXT
Cancel OK