Top News

မြန်မာ့ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ် အရေးတို့တွင် တရုတ်နိုင်ငံက ဆက်လက်ကူညီမည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံ အာရှအထူးကိုယ်စားလှယ် ဆွေးနွေး
24htopnews | January 3, 2025 2:12 AM CST

မြန်မာ့ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ် အရေးတို့တွင် တရုတ်နိုင်ငံက ဆက်လက်ကူညီမည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှအထူးကိုယ်စားလှယ် မစ္စတာစွန်းကော်ရှန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနတွင် ဖေဖော်ဝါရီ ၂၇ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှအထူးကိုယ်စားလှယ် မစ္စတာစွန်းကော်ရှန်းအား လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် အရေးကိစ္စတို့နှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင်၂၀၁၈ ခုနစ်အတွင်းကလည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်အရေးတို့တွင် တရုတ်နိုင်ငံအနေဖြင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၁၉ နှစ်သစ်ဆုတောင်းစကားတွင် ထည့်သွင်းဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနစ်ကို ပြန်ပြောင်းသုံးသပ်ကြည့်ပါက တရုတ်- မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံမှ “Belt and Road” အဆိုပြုချက်နှင့် တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ အတူတကွ တည်ဆောက်ရေးတွင် တိုးတက်မှုအသစ်များ ရှိခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်မှ နယ်ပယ်အသီးသီး အလွှာအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများသည် နေ့စဉ်တိုးပွားနေပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်အရေးတို့တွင်လည်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ တရုတ် - မြန်မာ အစဉ်အလာ ဆွေမျိုးပေါက်ဖော်ချစ် ကြည်ရေးသည် ခေတ်သစ်တွင် အနှစ်သာရသစ် ရရှိခဲ့ပြီး စွမ်းအင်နှင့် အင်အားသစ်များ ဖော်ပြနေကြောင်း ပါရှိသည်။

ထို့ပြင် ၂၀၁၉ ခုနစ်ကို မျှော်မှန်းကြည့်ပါက တရုတ် - မြန်မာဆက်ဆံရေးသည် အစပြုရာနေရာအသစ်မှ ပိုမိုထွန်းလင်းတောက်ပသည့် အနာဂတ်ကို ချီတက်လျက်ရှိကြောင်း၊ နှစ်ဦးနှစ်ဖက်အတူ ကြိုးပမ်းမှုအောက်တွင် နှစ်နိုင်ငံအတူတကွ တည်ဆောက်သည့် “Belt and Road” အဆိုပြုချက်နှင့် တရုတ် - မြန်မာ စီးပွားရေးစင်္ကြံသည် ပိုမိုကြီးမားသည့် အောင်မြင်မှုများရရှိပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် စည်ပင်သာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ် လောင်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာ့နိုင်ငံရေး ပါတီအသီးသီး၊ လောကအသီးသီးနှင့် တိုင်းရင်းသား ပြည်သူအားလုံးတို့၏ တကူတကွ ကြိုးပမ်းမှုအောက်တွင် မြန်မာနိုင်ငံသည် မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို စူးစမ်းရှာဖွေရာတွင် တိုးတက်မှုများ ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြပါရှိသည်။

လာမည့် ဧပြီတွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ကျင်းပမည့် ဒုတိယအကြိမ် One Belt One Road (OBOR) ဖိုရမ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ပြီး တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မှု စီမံကိန်းနှင့်ပတ်သက်သည့် နားလည်မှု စာချွန်လွှာနှင့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖေဖော်ဝါရီ ၂၀ ရက်က မီဒီယာများကို ပြောကြားထားသည်။

ယခုရောက်ရှိနေသည့် မြန်မာနိုင်ငံခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှအထူးကိုယ်စားလှယ် မစ္စတာစွန်းကော်ရှန်းသည် ဖေဖော်ဝါရီ ၂၆ ရက်က ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် မြန်မာနိုင်ငံအစိုးရက ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လေ့လာကြည့်ရှုရန် လှဖိုးခေါင် ကြားစခန်း၊ ရွေဇားကျေးရွာနှင့် မင်းကန်ကျေးရွာတို့သို့ သွားရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာစွန်းကော်ရှန်း တို့သည် ၂၀၁၇ ခုနှစ် မေ ၂၂ ရက်က တွေ့ဆုံခဲ့ပြီး  မြန်မာ - တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည့်အပြင် ၂၀၁၈ ခုနှစ် မေ ၂၂ ရက်ကလည်း ၎င်းတို့နှစ်ဦးသည် တွေ့ဆုံမှုရှိခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏  ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စရပ်များတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK