
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ အတွင်း ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုသည် တပ်တွင်းကိစ္စကြောင့် ဖြစ်ပွားသော မိုင်းပေါက်ကွဲမှု မဟုတ်ဘဲ အဆိုပါမိုင်းသည် အကြမ်းဖက်သမားများအများစု အသုံးပြုသော မိုင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားသည်။
တပ်မတော်အရာရှိတစ်ဦး၏ဇနီး သေဆုံးခဲ့သော အဆိုပါမိုင်းပေါက်ကွဲမှုသည် တပ်တွင်းကိစ္စဖြစ်နိုင်ကြောင်း AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းမီဒီယာများတွင် ပြောကြားထားမှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးက အထက်ပါအတိုင်း ရှင်းလင်းပြောကြားခြင်းဖြစ်သည်။
“တပ်တွင်းကိစ္စရှိစရာလည်း အကြောင်းမရှိပါဘူး။ သူတို့လည်း သူတို့ (AA) အချင်းချင်း လုပ်တာတောင် သိရဲ့လား မသိပါဘူး။ ဒါတွေက အကုန်လုံးက ကျွန်တော်တို့ သက်သေအထောက်အထား အကုန်ရှိတာပဲ။ ပေါက်ကွဲတဲ့နေရာမှာ ကျွန်တော်တို့ ရှင်းလင်းတဲ့နေရာမှာတော့ ပလပ်စတစ် ကွန်ကျူးပိုက်အပိုင်းအစတွေ တွေ့တယ်။ ဘောစိ နှစ်ထောင်လောက် ရှိတယ်။ လူသတ်ဖို့အတွက် သေချာလုပ်ထားတဲ့ မိုင်းပဲ။ အကြမ်းဖက်သမားတွေ အများစုသုံးတဲ့ မိုင်းပဲ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဟဲဟိုးမြို့မှ ဘူးသီးတောင်သို့ ပြောင်းရွေ့လာသော တပ်မတော်အရာရှိ၏ အိမ်ထောင်ပြောင်းပစ္စည်းများ ပြောင်းရွှေ့လာသော ယာဉ်ကို ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအလွန်တွင် အရပ်ဝတ်ဖြင့် လူနှစ်ယောက်က ဆိုင်ကယ်ဖြင့် လိုက်တားခဲ့ပြီး အဆိုပါကားကို နောက်ကြောင်းသို့ ပြန်ခေါ်သွားကြောင်း၊ ၁၅ မိနစ်ခန့်အကြာတွင် နောက်ထပ် အရပ်ဝတ်ဖြင့် လူခြောက်ဦး ထပ်မံရောက်ရှိလာပြီး ၎င်းတို့တွင် သေနတ်ပါကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အဲ့ဒါနဲ့ ကားကို လှန်လောရှာပြီးတော့ မိုင်းတင်ပေးလိုက်တဲ့ သဘောရှိတယ်။ အဲ့ဒီကားက ၂၅ ရက်နေ့ညမှာ ဘူးသီးတောင်ကို ရောက်တယ်။ ၂၆ ရက်နေ့မနက် ပစ္စည်းချတဲ့ အချိန်မှာ ပေါက်ကွဲတာပေါ့။ ဆုံးတဲ့ဗိုလ်မှူးကတော်ကတော့ ရှမ်းတိုင်းရင်းသူပဲ။ AA လုပ်တာမဟုတ်ဘူးဆိုပေမယ့် ကားသမားတွေကိုယ်တိုင်က မြင်ခဲ့တာပါ။ AA မှန်းလည်း သိသာတယ်။ ရခိုင်အသံထွက်နဲ့ ရခိုင်စကား ပြောတာပေါ့လေ။ ရခိုင်စကား ပြောတာပဲ။ ပြီးရင် ရုပ်တွေကလည်း သိသာပါတယ်။ အကုန်လုံးက AA ဆိုတာ သိတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တပ်မတော်အနေဖြင့် ယခုမိုင်းပေါက်ကွဲမှုသည် AA အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုမှုများ ရှိသော်လည်း ၎င်းတို့အနေဖြင့် အရပ်သားပစ်မှတ်များကို မည်သည့်အခါမျှ ဦးမတည်ကြောင်းနှင့် အရပ်သား ပစ်မှတ်များကို တိုက်ခိုက်ခြင်းမူဝါဒ လုံးဝမရှိကြောင်း AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားသည်။
“ဒါကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲဗျာ။ ကျွန်တော်တို့အနေနဲ့က စစ်ရေးပစ်မှတ်တွေကလွဲပြီး အရပ်သားပစ်မှတ်တွေကို ဘယ်တော့မှ ဦးမတည်ဘူးဗျာ။ အဲဒီလိုမျိုး အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ဖို့လည်း ကျွန်တော်တို့မှာ မူဝါဒ လုံးဝမရှိဘူး။ အခုဖြစ်တဲ့ကိစ္စတွေက သူတို့ရဲ့ တပ်မဌာနချုပ်ထဲမှာ ဖြစ်တဲ့ကိစ္စ။ ဒါဟာ သူတို့အချင်းချင်း မကျေနပ်မှုတွေကြောင့် လုပ်ကြံတဲ့ကိစ္စလို့ ကျွန်တော်တော့ အဲ့ဒီလိုပဲ မြင်တယ်ဗျာ့” ဟု ခိုင်သုခက ပြောကြားသည်။
ယခုမိုင်းပေါက်ကွဲမှုကြောင့် အသက် ၂၆ နှစ်အရွယ်ရှိ တပ်မတော်အရာရှိတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်နန်းမို့မို့ဇော် သေဆုံးသွားခဲ့ပြီး ဘူးသီးတောင်တပ်နယ်ရှိ နေအိမ်လိုင်းခန်း မျက်နှာကြက်၊ ပြူတင်းပေါက် မှန်တံခါးများ ပျက်စီးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်