
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း၌ လက်နက်ကိုင်ပဋိပက္ခများက ပိုမိုကျယ်ပြန့်လာခဲ့သည်။
ယခင်က တိုက်ပွဲများမဖြစ်ဖူးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပါ တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့် စစ်ဘေးရှောင် ဦးရေမှာလည်း ၂၀၂၄ ခုနှစ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်။
လက်ရှိတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများ အပြင်းအထန်ဖြစ်ပွားနေသည်။
ထိုသို့ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာမှုကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ ဒသမ ၅ သန်းခန့်ရှိနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။
၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စစ်ဘေးရှောင်ဦးရေ ၂ ဒသမ ၆ သန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၅ သန်းအထိ မြင့်တက်လာခဲ့သည်။
၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ဘေးရှောင်ဦးရေ တစ်သန်းနီးပါး မြင့်တက်လာခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနိုင်ငံရေးအပြောင်းအလဲမဖြစ်မီက စစ်ဘေးရှောင်ဦးရေခြောက်သိန်းခွဲခန့်သာ ရှိခဲ့သော်လည်း သုံးနှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၃ ဒသမ ၅ သန်းအထိ တိုးမြင့်လာခဲ့သည်။
ထိုအရေအတွက်သည် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင်ဦးရေ ငါးဆကျော် မြင့်တက်လာခြင်းလည်းဖြစ်သည်။
လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင်ဦးရေ ၄ ဒသမ ၅ သန်း အထိရှိလာနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် တစ်ကမ္ဘာလုံး၌ပဋိပက္ခဖြစ်ပွားမှု ဒုတိယ အများဆုံးနိုင်ငံအဖြစ်သတ်မှတ်ထားပြီး ယင်းသည် အရပ်သားများအတွက် စတုတ္ထအန္တရာယ်အရှိဆုံးနိုင်ငံဖြစ်ကာ လူဦးရေ၏ ၄၃ ရာခိုင်နှုန်းသည် ပဋိပက္ခနှင့် ကြုံတွေ့နေရ ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုအနက် ၁၂ ခုတွင် တိုက်ရိုက်သက်ရောက်မှုရှိကြောင်း UNOCHA က ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ၁၀၂၇ စစ်ဆင်ရေးဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တိုက်ပွဲများပြင်း ထန်လာမှုကြောင့် အရပ်သားများအနေဖြင့် အိုးအိမ်နှင့်အသက်မွေးဝမ်းကျောင်းပြုသည့်နေရာမှ ထွက်ပြေးရသည့် အရေအတွက်မှာ စံချိန်တင်မြင့်တက်ခဲ့ကြောင်း UNOCHA က ဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ လူဦးရေ ၃ ဒသမ ၅ သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပြီး သုံးပုံတစ်ပုံခန့်မှာ ကလေးငယ်များဖြစ်သည်။
တစ်နှစ်အတွင်း မြန်မာနိုင်ငံတွင် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (IDP) ဦးရေ ၇၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့ပြီး အများစုမှာအကြိမ်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း UNOCHA က ထုတ်ပြန်ခဲ့သည်။
ရွှေ့ပြောင်းဒုက္ခသည် အများအပြားသည် ယာယီအမိုးအကာများ၊ စခန်းများ သို့မဟုတ် တောတောင်များတွင် နေထိုင်နေကြရ ပြီး စားနပ်ရိက္ခာ၊ ရေသန့်၊ ကာကွယ်ရေးအကူအညီနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားစွာ ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း UNOCHA က ဆိုသည်။
နိုင်ငံအတွင်း နေရပ်စွန့်ခွာသွားသူများအပြင် မြန်မာနိုင်ငံမှ လူဦးရေ ၁ ဒသမ ၃ သန်းကျော်သည် အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံရန်ကြိုးပမ်းနေကြပြီး ယင်းသည် ဒေသတွင်း အကျပ်အတည်းတစ်ခုအဖြစ် အရေးပေါ်သတိထားရန် လိုအပ်နေသည်ဟု UNOCHA က ထောက်ပြထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် နယ်နိမိတ်ကျော်လွန်၍ ကြီးမားကျယ်ပြန့်သော အကျိုးဆက်များရှိနေပြီး လူနှင့်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ရောဂါဘယများ ဖြစ်ပွားမှုတို့ကို ဖြစ်ပေါ်စေသဖြင့် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများချက်ချင်းလိုအပ်နေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရပ်သားများအနေဖြင့် အကြမ်းဖက်မှုများ၊ သွားလာခွင့် ကန့်သတ်ချက်များ၊ ခြိမ်းခြောက်မှုများနှင့် မလုံခြုံမှုများကိုလည်း ကြုံတွေ့နေရကြောင်း UNOCHA က ဆိုသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း လေကြောင်း တိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများ ပါဝင်သည့် တိုက်ပွဲများကြောင့် ကလေးသူငယ်များ အပါအဝင်အရပ်သားသေဆုံးမှုများလည်း မြင့်တက်လာခဲ့ကြောင်း UNOCHA က ထုတ်ပြန်သည်။
လက်နက်ကိုင်ပဋိပက္ခသည် ကလေးသူငယ်များ၏ အခွင့်အရေးအပေါ်ချိုးဖောက်မှုများ တိုးလာပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးသူငယ်များအတွက် ဆိုးရွားသော အခြေအနေများကို ဖန်တီးနေကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။
လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာခြင်း၏ အကျိုးဆက်အဖြစ် အရပ်သားများအနေဖြင့် နာကျင်ဖွယ်ရာ အဖြစ်အပျက်များကိုလည်း နေ့စဉ်ရင်ဆိုင်နေကြရသည်။
အရပ်သားများအနေဖြင့် မလုံခြုံမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ အရေးပါသော ပြည်သူ့ဝန်ဆောင်မှု၊ စီးပွားရေးလှုပ်ခတ်မှုများနှင့် ငွေကြေးဖောင်းပွမှုများကြောင့် အသက်မွေးဝမ်းကျောင်းဆုံးရှုံးမှုများကိုလည်း ကြုံတွေ့ နေရသည်။
ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် လက်နက်ကိုင်ပဋိပက္ခ၊ ဘေးအန္တရာယ်များ၊ စီးပွားရေးနှင့်နိုင်ငံရေးမတည်ငြိမ်မှုများသည် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို မြင့်တက်လာစေရန် အဓိကတွန်းအားပေးလျက်ရှိသည်။
ထို့ပြင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူသားချင်းဆိုင်ရာ အကူအညီလိုအပ်သူ နှစ်စဉ်တိုးမြင့်လျက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် ၂ ဒသမ ၁ သန်းရှိရာမှ ၂၀၂၅ ခုနှစ်တွင် လူဦးရေ သန်း ၂၀ နီးပါးအထိ ရောက်ရှိလာမည်ဖြစ်ကြောင်း UNOCHA က ခန့်မှန်းထားသည်။
၂၀၂၅ ခုနှစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များနှင့်တုံ့ပြန်မှုအစီအစဉ်(HNRP)ကို ထုတ်ပြန်ရာတွင် လူဦးရေ ၁၉ ဒသမ ၉ သန်းသည် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်နေပြီဖြစ်ကြောင်း ခန့်မှန်းရပြီး လူဦးရေ၏ သုံးပုံတစ်ပုံကျော်အထိ ရှိလာသည်။
ထိုအထဲတွင် ကလေး ၆ ဒသမ ၃ သန်း နှင့် အမျိုးသမီး ၇ ဒသမ ၁ သန်း ပါဝင်သည်။
ထို့ပြင် ကျယ်ပြန့်သော ပဋိပက္ခများ၊ ရာသီဥတုဘေးအန္တရာယ်များနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် လူပေါင်း ၁၅ ဒသမ ၂ သန်းသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကြုံတွေ့နေရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများတွင်လည်း ပြင်းထန်စွာအနှောင့်အယှက်ဖြစ်နေကြောင်း ကုလသမဂ္ဂက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်သူ သန်း ၂၀ နီးပါးရှိနေပြီး ဒေါ်လာတစ် ဘီလျံကျော်လိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အကူအညီလိုအပ်သူဦးရေ သန်း ၂၀ နီးပါးရှိသော်လည်း မြန်မာ့လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) အနေဖြင့် အကျပ်အတည်းကြားက ကြိုးစားရှင်သန်နေရသူ ၅ ဒသမ ၅သန်းအား လူမှုဘဝရှင်သန်ရေး အကူအညီများပေးအပ်နိုင်ရန် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကို အဆိုပြု တောင်း ဆိုထားသည်။
ရရှိသည့် အလှူငွေများကို အစားအစာ ဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အမိုးအကာရရှိရေးတို့တွင် အသုံးပြုသွားမည်ဖြစ် ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ့လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ်သည် အထိခိုက်လွယ်ဆုံးလူထုကို ဦးစားပေးပြီး မြင့်တက်လာနေသည့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန်မဟာဗျူဟာကျသည့် တုံ့ပြန်ရေးစီမံချက်တစ်ခုဖြစ်သည်။
၂၀၂၄ ခုနှစ် နှစ်စပိုင်းမှ စတင်ကာ စက်တင်ဘာလကုန်အထိ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မြန်မာ့လူဦးရေသုံးသန်းနီးပါးကို အကူအညီပေးခဲ့ပြီးဖြစ်သော်လည်း ရန်ပုံငွေရရှိမှုအလွန်အမင်းနည်းပါးခဲ့သဖြင့် ပြည့်ပြည့်ဝ၀ အကူအညီမပေးနိုင်ခဲ့ကြောင်း၊ နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်အတွက် ရန်ပုံငွေ မှာ ၃၄ ရာခိုင် နှုန်းသာရရှိခဲ့သဖြင့် လူသားချင်းစာနာမှု ဆိုင် ရာ အဖွဲ့အစည်းများအတွက် အရေးပေါ်အကူအညီများ မပေးနိုင်ခဲ့ကြောင်း UNOCHA က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် မြင့်တက်လာသော လက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်သော နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများ၊ အ ကြမ်းဖက်မှုများကို နေ့စဉ်ကြုံတွေ့နေရသည့် ပြည်သူများ၊ ပဋိပက္ခနှင့် သဘာဝဘေးနှစ်မျိုးကြောင့် နေရပ်စွန့်ခွာနေရမှုများ အစရှိသည့်အခြေအနေများကို တုံ့ပြန်နိုင်ရန် ကုလသမဂ္ဂ က ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်ကို မဟာဗျူဟာသုံးရပ်ချမှတ်၍ စတင်ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင်မြန်မာနိုင်ငံတစ်ဝန်းလုံး၌ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေသောကြောင့် မြန်မာ့စစ်ဘေးရှောင်ဦးရေသည် ယခုထက်ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း စစ်ရေးအကဲခတ်များကလည်း သုံးသပ်လျက်ရှိကြသည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ်အတွင်း ထင်ရှားသော ဖြစ်ရပ်များထဲတွင် မြန်မာနိုင်ငံ၌ စစ်ဘေးဦးရေမြင့်တက်လာခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်သောကြောင့် ၂၀၂၄ ခုနှစ်၏ ထင်ရှားသောဖြစ်ရပ်တစ်ခုအဖြစ် စစ်ဘေးရှောင်ဦးရေ မြင့်တက်လာမှုကို The Daily Eleven သတင်းစာက ရေးသားတင်ပြလိုက်ရပါသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်