Top News

လှိုင်သာယာမြို့နယ်တွင် ၁၄ နှစ်အရွယ်မိန်းကလေးကို အလုပ်ရမည်ဟု လိမ်လည်ပြီး ပြည့်တန်ဆာအဖြစ်စေခိုင်းသူများအား ဖမ်းဆီး
24htopnews | January 3, 2025 11:12 AM CST

လှိုင်သာယာမြို့နယ်တွင် ၁၄ နှစ်အရွယ် မိန်းကလေးကို လိမ်လည်ပြောဆိုခေါ်ယူပြီး ပြည့်တန်ဆာအဖြစ်စေခိုင်းသူများအား ဖမ်းဆီးအမှုဖွင့်ထားပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီခန့် တွင် လှိုင်သာယာမြို့နယ် ၇ ရပ်ကွက်နေ ဦး......သည် အတူနေသည့် ၎င်းအစ်မဖြစ်သူ၏မြေးဖြစ်သော မ......(၁၄ နှစ်) ကို မီးခွက်စျေးထိပ်သို့ စျေးဝယ်ခိုင်းခဲ့ပြီးပြန်လည် ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သည့်အတွက် အစ်မ ဖြစ်သည့် ဒေါ်....... (၆၂ နှစ်) ထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ယင်းသို့အကြောင်းကြားခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်တွင် ဒေါ်......(၆၂ နှစ်) နေထိုင် သည့် ထန်းတပင်မြို့နယ်နေအိမ်သို့ မ.......(၁၄ နှစ်)မှာ ရောက်ရှိလာသဖြင့် အကျိုးအကြောင်း မေးမြန်းခဲ့ရာ ဇန်နဝါရီ ၂၀ ရက်က စျေးဝယ်သွားချိန်တွင် အသိဖြစ်သည့် ဒေါ်ဌေးဌေးစိန်နှင့်တွေ့ရာ ဌေးဌေးစိန်က ဖားကန့် တွင် အလုပ်ရှိကြောင်း၊ အလုပ်လုပ်လိုလျှင် သူပို့ပေးနိုင်ကြောင်း၊ လစာတစ်သိန်းကြိုထုတ်နိုင်ပြီး လစာအဖြစ် ကျပ် ၄၅၀၀၀၀ ရမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ပြောဆိုသဖြင့် မ.......မှာ လိုက်ရန် သဘောတူခဲ့ပြီး ဒေါ်ဌေးဌေးစိန်ခေါ် သည့် ဘီအိုစီမှတ်တိုင်ရှိ နေအိမ်တစ်အိမ်သို့ ရောက်သွားခဲ့ကြောင်း၊ ယင်းနေအိမ်တွင် နေထိုင်သည့် အသက်  ၅၀ အရွယ် အမေစု ဆိုသော အမျိုးသမီးတစ်ဦးက စီစဉ်ပေးသောကြောင့် ဇန်နဝါရီ ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ဆိုင်ကယ်ကယ်ရီဖြင့် ပင် လှိုင်သာယာမြို့နယ်ရှိ  ကျူးကျော်နေအိမ်တစ်ခုသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

တိုင်ချက်မှာတော့ အမေစု ဆိုတဲ့သူစီစဉ်ပေးတဲ့အတွက် ကျူးကျော်နေအိမ်တစ်အိမ်ကိုရောက်သွားတယ်။ အဲဒီကျူးကျော် နေအိမ်ပိုင်ရှင်ဆိုတဲ့ ဒေါ်ဝင်းခိုင်ဆိုသူနဲ့တွေ့ တယ်။ အဲဒီအိမ်မှာ တစ်ညအိပ်ခဲ့ရတယ်လို့ သိရတယ်။ ညအိပ်ပြီး နောက်တစ်နေ့ ၂၁ ရက်နေ့ပေါ့။ အဲဒီနေ့ညနေပိုင်းမှာ ဒေါ်ဝင်း ခိုင်နဲ့ ဆိုင်ကယ်ကယ်ရီနဲ့ ဒဂုံဧရာအဝေးပြေး ကိုသွားခဲ့ပြီး အဝေးပြေးမှာ အမေစုဆိုတဲ့ သူကစောင့်နေတယ်လို့ သိရတယ်။ အဲဒီကနေပြီး ဒေါ်ဝင်းခိုင်၊ အမေစုနဲ့အတူ ကောင်မလေးက ဧရာဝတီတိုင်းမှာရှိတဲ့ မြို့တစ်မြို့ကို ကားတစ်စီးနဲ့ ခေါ်သွားတယ်လို့သိရတယ်။ တိုင်တန်းချက်အရတော့ ကောင်မလေးက အဲဒီမြို့ကိုမသိဘူးလို့ သိရတယ် ဟု ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါမြို့သို့ ညနေပိုင်းတွင်ရောက် ရှိခဲ့ပြီး အမေစု၊ ဒေါ်ဝင်းခိုင်ဆိုသူတို့ စီစဉ်သော တည်းခိုခန်းတစ်ခုတွင် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနှင့် ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းအထိ အတူအိပ်ခဲ့ရပြီး အလိုမတူဘဲ သားမယားနှစ်ကြိမ် ပြုကျင့်ခံခဲ့ရကြောင်း အမှုဖွင့်တိုင်တန်းမှုအရ သိရသည်။

ယင်းနောက် ဇန်နဝါရီ ၂၂ ရက်တွင် မ.......ကို အမေစု၊ ဒေါ်ဝင်းခိုင်တို့က လှိုင်သာယာမြို့နယ်ရှိ ဒေါ်ဝင်းခိုင်နေအိမ်သို့ ပြန်ခေါ်လာခဲ့ပြီး နေအိမ်သို့ရောက်သောအခါ မ.....အား ကျပ်နှစ်သိန်းပေးခဲ့ကြောင်း၊ ထိုသို့ ပေးအပ်ပြီးနောက် မ......က အဘွား ဖြစ်သူ၏ နေအိမ်သို့လာခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်ကို မ.....၏ အဘွားဖြစ် သူက လှိုင်သာယာမြို့မရဲစခန်းသို့တိုင်တန်း ခဲ့ပြီး ရဲစခန်းက မ......အား သွေးဆောင် လိမ်လည်ခေါ်ယူ၍ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန်စေခိုင်းသူ အမေစု၊ ဒေါ်ဝင်းခိုင်နှင့်  မဌေးဌေးစိန်တို့ သုံးဦးအား ရာဇသတ် ကြီး ပုဒ်မ ၃၇၂/၁၁၄ ဖြင့်အမှု ဖွင့်ကာ မဌေးဌေးစိန်အား ဖမ်းဆီးထားပြီး ကျန်နှစ်ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။                                         


READ NEXT
Cancel OK