Top News

ဂက်စ်ယိုစိမ့်နေသည်ကို မသိဘဲ မီးမွှေးရာမှ ဂက်စ်အိုးပေါက်ကွဲမှုကြောင့် စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သုံးဦးသေဆုံး
24htopnews | January 3, 2025 11:12 AM CST

စမ်းချောင်းမြို့နယ် လင်းလွန်(တောင်) ရပ်ကွက် ဗဟိုလမ်းပေါ် ပန်းတနော်လမ်းနှင့် ကျိုက်လတ်လမ်းကြားရှိ  ငွေတောင်လက်ဖက်ရည်ဆိုင်တွင် ဇန်နဝါရီ ၂၃ ရက် နံနက် ၅ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး သုံးဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

လက်ဖက်ရည်ဆိုင်မီးလောင်မှု အကြောင်းရင်းမှာ ဂက်စ်အိုးပေါက်ကွဲမှုကြောင့် ဖြစ်သည်ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးမျိုးဝင်းက ကနဦး မှတ်ချက်ပြုထားပြီး တိကျသောအဖြေရရှိရန် စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက “မီးကတော့ အားလုံးငြိမ်းသွားပြီ။ ဒါပေမဲ့ ပျောက်ဆုံးနေတဲ့သူတွေ ရှိဦးမလားဆိုပြီး ကျွန်တော်တို့ ဆက်လက်ရှာနေပါတယ်။ ကျွန်တော်တို့ အကြမ်းဖျင်းသိရ တာတော့ သူတို့ရဲ့ ဂက်စ်အိုးကနေ ပေါက်တယ်လို့ သိရတယ်။ ဒါပေမဲ့ သေချာအောင်စုံစမ်းနေပါတယ်။ Dead Body က သုံးလောင်း တွေ့ပါတယ်။ ပျောက်ဆုံးနေတာက အတိအကျတော့ မပြောနိုင်သေးပါဘူး  ဟု မီး လောင်မှုဖြစ်ပွားသည့်နေရာတွင် မီဒီယာများအား ဖြေကြားသည်။

ငွေတောင်လက်ဖက်ရည်ဆိုင် မီးလောင်မှုအကြောင်းအရင်းမှာ ဂက်(စ်)အိုးယိုစိမ့်နေသည်ကို မသိရှိဘဲ မီးမွှေးရာမှ ဂက်စ်အိုးသို့ မီးကူးစက်၍ စတင်လောင်ကျွမ်းခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုကြောင့် ငွေတောင် လက်ဖက်ရည်ဆိုင်မှ အမျိုးသား၊ အမျိုးသမီး လေးဦးအနက် သုံးဦးသေဆုံးပြီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊  သေဆုံးသူသုံးဦးအနက် တစ်ဦးမှာ ကျား၊ မခွဲခြား၍ မရကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်က ပြောကြားသည်။

စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်လွင်က “သေဆုံးတာက သုံးဦးရှိတယ်။ ဒါပေမဲ့ ကျားတစ်ဦး၊ မတစ်ဦးကတော့ ကျိန်းသေတယ်။ နောက်တစ်လောင်းကတော့ ကျား လား၊မလားတော့ မကွဲသေးဘူးဖြစ်နေတယ်။ မနက်ဖြန် မှုခင်းဆရာဝန်ကြီးက စစ်ပြီးမှဘဲ ကျား၊ မကို သေချာသိရမယ်။ အဲဒီတစ် ယောက်ကတော့ မီးလောင်ကျွမ်းမှုများသွားတယ်။ များသွားတော့ ခွဲခြားဖို့ မသေချာဘူးဖြစ်နေတယ် ဟုပြောကြားသည်။

ထို့ကြောင့် မီးလောင်မှုတွင် သေဆုံးသွားသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ မည်သူမည်ဝါဖြစ်ကြောင်း စစ် ဆေးနေကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးရှိပြီး အသက်(၂၉ နှစ်) အရွယ် အမျိုးသား တစ်ဦးနှင့် အသက်(၁၆ နှစ်)အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော လက်ဖက်ရည်ဆိုင်မှာ ပျဉ်ထောင်နှစ်ထပ် အဆောက်အအုံဖြစ်ပြီး မီးတောက်များမှာ အနီးရှိ ခြောက်ထပ်တိုက်ကိုလည်း ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊  မီးလောင်မှုကို မီးငြိှမ်းသတ် ယာဉ်စေလွှတ်မှု  Level 2 သတ်မှတ်ကာ ငြိှမ်းသတ်ခဲ့ရကြောင်း၊ မီးငြိမ်းသွားသည့်အခါ ဆိုင်အတွင်းမှ  ဂက်(စ်)လေးလုံးခန့် တွေ့ရှိ သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဘေးလွှတ်ရာသို့ ပြောင်းရွေ့ခဲ့ကြောင်းသိရသည်။

နံနက်အစောပိုင်းတွင် လောင်ကျွမ်းခဲ့သော အဆိုပါမီးမှာ အရှိန်အဟုန်ဖြင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ရာ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ၄၅ မိနစ်ခန့် အကြာတွင် မီးထိန်းနိုင်ခဲ့သဖြင့် နံနက် ၆ နာရီခန့်တွင် မီး ငြိမ်းသွားကြောင်း သိရသည်။

စမ်းချောင်းမြို့နယ် ပန်းတနော်လမ်းနေ အမျိုးသားတစ်ဦးက “မနက် ၅ နာရီခွဲလောက်မှာ အသံတွေကြားလို့နိုးလာတော့ မီးတောက် ကို အခန်းကနေ လှမ်းမြင်နေရတယ်။ သိပ်လည်းမဝေးတော့ အရေးကြီးတဲ့ပစ္စည်းတွေ သိမ်းဆည်းပြီး အောက်ဆင်းလာတော့ ဒီနားရောက်တော့ ဆိုင်က တစ်ဆိုင်လုံးကုန်နေပြီ။ အပေါ်ထပ်မှာ လူနေပြီး အောက်ထပ်မှာ ဆိုင်ဖွင့်ထားတာ။ ဂက်စ်အိုးက လောင်တာဆို တော့ မီးတောက်က အရှိန်ကြီးတယ်။ ဟုန်း ခနဲ ဟုန်းခနဲ့ လောင်သွားတာမြန်တယ် ” ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ နောက်ဆုံးသတင်းအရ သေဆုံးသွားသူများမှာ ဦးမြခိုင်(၇၄ နှစ်)၊ ဒေါ်မြမြ (၈၃ နှစ်) နှင့် မစိုးစိုး(၃၈)နှစ်တို့ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါဆိုင်၏ အဖျော်ဆရာနှင့် မန်နေဂျာအဖြစ်ဆောင်ရွက်သည့် ကိုအောင်သူဆိုသူအား စမ်းချောင်း မြို့မရဲစခန်းတွင် (ပ) ၃၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၆ ဖြင့် အမှုဖွင့်ထားသည်။                         

 


READ NEXT
Cancel OK