Top News

အစိုးရနှင့် KIO မကြာမီ တရားဝင်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူညီမှုရရှိ
24htopnews | January 3, 2025 11:12 AM CST

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မကြာမီကာလအတွင်း တရားဝင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီမှုရရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်တင်ဦးဆောင်သော အစိုးရကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်ဂွန်မော် ဦးဆောင်သော KIO ကိုယ်စားလှယ်တို့ ဇန်နဝါရီ ၂၁ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါ အလွတ်သဘောတွေ့ဆုံပွဲမှ အစိုးရနှင့် KIO တရားဝင်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဦးဆန်းအောင်က ပြောကြားသည်။

“သဘောတူညီချက် ရပါတယ်။မကြာခင်မှာပဲ ကျွန်တော်တို့ တရားဝင်တွေ့ဆုံပွဲ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ NRPC နဲ့ တွေ့မှာပါ။ အဲဒီမှာ တပ်လည်း ပါတာပေါ့။ သိပ်မကြာခင် ဖေဖော်ဝါရီလဆန်းပိုင်း ဖြစ်မလား။ လလယ်ပိုင်း ဖြစ်မလားပေါ့”  ဟု ဦးဆန်းအောင်က ပြောကြားသည်။

တရုတ်နိုင်ငံ ကူမင်းတွင် တွေ့ဆုံခဲ့သော NRPC နှင့် KIO ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် လေးလကြာ အပစ်ရပ်ထားသော တပ်မတော်၏ ကြေညာချက်နှင့်ပတ်သက်၍ နှစ်ဖက်သဘောထားများကို ချပြ ဆွေးနွေးခဲ့ကြပြီး NRPC နှင့် KIO အကြား အလွတ်သဘောတွေ့ဆုံမှုသည် ယုံကြည်မှု တည်ဆောက်သောခြေလှမ်းဟုလည်း ၎င်းက ဆိုသည်။

“အဓိကကတော့ ယုံကြည်မှုပျက်ပြားနေတဲ့ဟာတွေကို ယုံကြည်မှုတည်ဆောက်တဲ့ ခြေလှမ်းပဲပေါ့။ တရားဝင်ဆွေးနွေးပွဲ တွေ့ဆုံနိုင်ဖို့ နှစ်ဖက်အသေးစိတ်အချက်အလက်တွေလည်း တင်ပြကြတယ်”  ဟု အလွတ်သဘော တွေ့ဆုံပွဲအခြေအနေကို ဦးဆန်းအောင်က ရှင်းပြသည်။

ဖေဖော်ဝါရီလအတွင်း ပြုလုပ်နိုင်ဖွယ်ရှိ သည့် အစိုးရနှင့် KIO ၏ တရားဝင်တွေ့ဆုံပွဲအား မည်သည့်အချိန်တွင် ပြုလုပ်မည်၊ မည်သည့်အကြောင်းအရာများ ဆွေးနွေးကြမည်ဆိုသည်ကို နှစ်ဖက်အဖွဲ့အစည်းအတွင်း ပြန်လည်ဆွေးနွေးသတ်မှတ်သွားမည်ဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲကို ပြည်တွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“ပြည်တွင်းမှာ လုပ်မှာပါ။နေပြည်တော် ရန်ကုန်အပြင် တခြားမြို့တွေလည်း ဖြစ်နိုင်ပါတယ်”  ဟု ဦးဆန်းအောင်က ဆိုသည်။


READ NEXT
Cancel OK