Top News

ထားဝယ်-သရက်ချောင်းလမ်းပိုင်း ရထားပြေးဆွဲရာ၌ ကုန်ကျစရိတ်နှင့် ရရှိသည့်ဝင်ငွေ မျှတမှုမရှိသည့်အတွက် ပြေးဆွဲမှု ရပ်နားထား
24htopnews | January 3, 2025 11:12 AM CST

ထားဝယ်-သရက်ချောင်းလမ်းပိုင်းတွင် ရထားပြေးဆွဲရာ၌ ကုန်ကျစရိတ်နှင့် ရရှိသည့် ဝင်ငွေ မျှတမှုမရှိ၍ ပြေးဆွဲမှုကို ရပ်နားထားရကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

နေပြည်တော်၌ ဇန်နဝါရီ ၂၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ထားဝယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်က ထားဝယ်-မြိတ် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းတွင် ပါဝင်သွားသော မြေယာများအတွက် မြေယာလျော်ကြေးပေးရန် သို့မဟုတ် ရထားလမ်းအဖြစ် ဆက်လက်အသုံးမပြုသည့် ထိုမြေယာများကို မူလလက်ရှိထားလုပ်ကိုင်ခဲ့သည့် တောင်သူလယ်သမားများလက်သို့ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။ 

“ဖွင့်လှစ်ပြီးလမ်းပိုင်းဖြစ်တဲ့ ထားဝယ်-သရက်ချောင်းလမ်းပိုင်းတွင် ရထားပြေးဆွဲခဲ့ရာ နေ့စဉ်ရထားခရီးစဉ် အသွား၊ အပြန်အတွက် စုစုပေါင်း စက်သုံးဆီစရိတ်တစ်ခုထဲပင် ကျပ် ၇၀၀၀၀ ခန့်ကုန်ကျပြီး တစ်ရက်ပျမ်းမျှ ဝင်ငွေမှာ ကျပ် ၇၀၀၀ ကျော်သာရှိသဖြင့် ကုန်ကျစရိတ်နဲ့ ရရှိသည့်ဝင်ငွေ မျှတမှုမရှိ၍ စီးပွားရေးအရ တွက်ခြေမကိုက်သဖြင့် ၁၆- ၅-၂၀၁၆ ရက်နေ့မှစ၍ ယနေ့အချိန်ထိ ရထားပြေးဆွဲမှုကို ရပ်နားထားခဲ့ရတာဖြစ်ပါတယ်”  ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ထားဝယ်-မြိတ် ရထားလမ်းဖောက်လုပ် ရေးစီမံကိန်းတွင် ထားဝယ်မြို့နယ်မှ လယ်မြေ ၁၅၁ ဒသမ ၀၅ ဧက၊ သရက်ချောင်းမြို့နယ်မှ လယ်မြေ ၁၇၄ ဒသမ ၉၉ ဧက၊ ဥယျာဉ်ခြံမြေ ၃ ဒသမ ၂၈ ဧကနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းအတွက် လယ်မြေ ၈၉ ဒသမ ၃၃ ဧက စုစုပေါင်း ၄၁၈ ဒသမ ၆၅ ဧကပါဝင်ကြောင်း၊  ဖောက်လုပ်ပြီးဖြစ်သော ထားဝယ်-သရက် ချောင်းလမ်းပိုင်းနှင့် ဖောက်လုပ်ဆဲဖြစ်သော သရက်ချောင်း-ပလော လမ်းပိုင်းရှိ တာပေါင် အရှည် သုံးမိုင်ခန့်တွင်ရှိသော ရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့်မြေများ ကို မြန်မာ့မီးရထားအနေဖြင့် သီးနှံလျော်ကြေး၊ မြေယာလျော်ကြေးများ ပေးချေထားခြင်းမရှိသေးကြောင်း၊ မြိတ်ဘက်ခြမ်းရှိ ဖောက်လုပ်ဆဲဖြစ်သော သမုတ်-ဘုတ်ခြံ- ပုလောလမ်းပိုင်း ရထားလမ်းတာပေါင် အရှည် ၁၀ မိုင်ခန့်ဖောက်လုပ်ရာတွင် မလွတ်ကင်းသော လယ်ယာမြေ ၀ ဒသမ ၅၉ ဧက၊ ရော်ဘာစိုက်ခင်း ၃၄ ဒသမ ၈၁ ဧက၊ ကွမ်းသီးပင် ၂ ဒသမ ၂၄ ဧက၊ စုစုပေါင်း ၃၇ ဒသမ ၆၄ ဧကအတွက် သီးနှံလျော်ကြေးနှင့် ၂၅ ပေ x ၁၅ ပေအကျယ်ရှိသော မျောတိုင်၊ ထရံကာ၊ ဓနိမိုး၊ လူနေအိမ်နှစ်လုံး ပြောင်းရွှေ့ရခြင်းအတွက် လျော်ကြေးငွေအပါအဝင် စုစုပေါင်း လျော်ကြေးငွေ ကျပ် ၂၉၈ ဒသမ ၉၈ သန်း ကို ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပေးချေထားပြီးဖြစ်သော်လည်း မြေယာလျော်ကြေးအနေဖြင့် ပေးချေခဲ့ခြင်း မရှိသေးကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

 

 


READ NEXT
Cancel OK