
နေပြည်တော်မြို့သစ်ကြီးတွင် မြေကွက်တန်ဖိုး ကျပ်သိန်း ၂၀-၃၀ သတ်မှတ်ရောင်းချခဲ့သော်လည်း ပြည်သူများဝယ်ယူရန် မြေကွက်မရှိခဲ့ကြောင်း ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက ပြောကြားသည်။
နေပြည်တော်၌ ဇန်နဝါရီ ၂၃ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် ဦးသန့်ဇင်ထွန်းက လယ်ယာမြေထောက်ပံ့ကြေး နည်းပါးစွာ ရရှိခဲ့သူများ အတွက် တန်ဖိုးနည်းအိမ်ရာ မြေကွက်များ ဖော်ထုတ်ရောင်းချပေးရန် အစီအစဉ် ရှိ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်းမေးမြန်းရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“နေပြည်တော် မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာတွင် ဒေသခံတောင်သူများထံမှ ရွာမြေ၊ လယ်ယာမြေနဲ့ အခြားမြေအမြောက်အများကို တပ်မတော်အစိုးရက သိမ်းဆည်းခဲ့ပါတယ်။ ရွာမြေသိမ်းဆည်း ခံရသော ပြည်သူများအတွက် ရပ်ကွက်အသစ်များ ဖော်ထုတ်၍ ပြန်လည်နေရာချထား ပေးခဲ့ပါတယ်။ လယ်ယာမြေနဲ့ အခြားမြေ သိမ်းဆည်းခံရသော အချို့တောင်သူတွေလည်း မြေယာထောက်ပံ့ကြေးအပြင် မြို့မြေ ကွက်များ ရရှိခဲ့ပါတယ်။ တောင်သူအများစုမှာ ဦးပိုင်ပေါက်လယ်အတွက် တစ်ဧက ၃ ဒသမ ၅ သိန်းနှုန်း၊ ယာအတွက် တစ်ဧက ၂ ဒသမ ၅ သိန်းနှုန်းနဲ့ သစ်တောကျူးလယ်အတွက် တစ်ဧက နှစ်သိန်းနှုန်း၊ ယာအတွက် တစ်သိန်းနှုန်း မြေယာထောက်ပံ့ကြေးသာ ရရှိခဲ့ကြပါတယ်။ နေပြည်တော်မြို့သစ်ကြီးတွင် ကုမ္ပဏီကြီးများ၊ တပ်မတော်သားများနဲ့ ဝန်ထမ်းများအတွက် မြို့မြေကွက်အမြောက်အများကို ခွဲဝေချထားပေးခဲ့ပါတယ်။ ပြည်သူများဝယ်ယူရန် မြေကွက်တန်ဖိုး ကျပ်သိန်း ၂၀-၃၀ သတ်မှတ်ရောင်းချခဲ့သော်လည်း ရိုးသားတဲ့ ပြည်သူများဝယ်ယူရန် မြေကွက်မရှိခဲ့ပါ” ဟု ဦးသန့်ဇင်ထွန်းက ပြောကြားသည်။
ထို့ပြင် ကျေးလက်နေပြည်သူတို့အတွက် စိုက်ပျိုးမြေနည်းပါးလာခြင်းကြောင့် ရွာမြေများ မချဲ့နိုင်တော့ဘဲ တိုးပွားလာသော လူဦးရေတို့ကြောင့် ဒေသခံပြည်သူတို့အတွက် အိမ်ယာမြေကွက်များ လိုအပ်လျက်ရှိကြောင်း၊ သိမ်းဆည်းခံတောင်သူများက ယခုအခါ ထောက်ပံ့ကြေးရရှိမှု နည်းပါးခဲ့ခြင်းကြောင့် ထပ်မံရရှိလိုမှုများ တင်ပြနေကြပြီး အကောင် အထည်မဖော်သော မြေများအတွင်း ကျူးကျော်ထွန်ယက် စိုက်ပျိုးမှုများရှိနေကြောင်း၊ အချို့မြေဝယ်ယူခွင့် ရသူများနှင့် အချို့တောင်သူများကြားတွင် တရားစွဲဆို ရင်ဆိုင်နေရမှုများလည်းရှိနေကြောင်းနှင့် လယ်ယာမြေ ထောက်ပံ့ကြေး နည်းပါးစွာရရှိခဲ့သူများအတွက် တန်ဖိုးနည်းအိမ်ယာမြေကွက်များ ဖော်ထုတ်ရောင်းချပေးပါက ဒေသခံပြည်သူတို့အတွက် အိမ်ယာမြေကွက်လိုအပ်ချက်နှင့် အခြားပြဿနာများ ပြေလည်လျော့ပါးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက နေပြည်တော်တည်ဆောက်ရေး ဧရိယာနှင့် ကင်းလွတ်မှုမရှိသော ကျေးရွာများမှ အိမ်ထောင်စုများကို အဆောက်အအုံလျော်ကြေးနှင့် ပြောင်းရွေ့စရိတ်ပေးလျော်၍ မြို့ကွက်သစ်၊ ရပ်ကွက်သစ်များ ဖော်ထုတ်ကာ ပြောင်းရွေ့နေရာချထားပေးခြင်း ဆောင်ရွက်ခဲ့ပြီး စီမံကိန်းဧရိယာတွင်ပါဝင်သော လယ်ယာမြေများအတွက် လယ်ယာမြေလျော်ကြေးများကို တွက်ချက်ပေးရာတွင် လယ်ယာမြေဥပဒေ ၂၀၁၂ ခုနှစ် မထုတ်ပြန်မီကာလတွင် ဦးပိုင်ပေါက် လယ်မြေတစ်ဧကလျှင် ၃ ဒသမ ၅၀ သိန်းနှုန်း၊ ဦးပိုင်ပေါက် ယာမြေတစ်ဧကလျှင် ၂ ဒသမ ၅၀ သိန်းနှုန်းဖြင့် ပေးလျော်ခဲ့ပြီး လယ်ယာမြေဥပဒေ ၂၀၁၂ ထုတ်ပြန်ပြီးနောက် ဥပဒေအတိုင်း သက်ဆိုင်ရာ မြေယာနှင့် သီးနှံလျော်ကြေး တွက်ချက်ပေးရေးအဖွဲ့များနှင့် လယ်ယာမြေစီမံခန့်ခွဲအဖွဲ့တို့၏ တွက်ချက်မှုအတိုင်း ပေးလျော်ခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်တည်ဆောက်ရေး စီမံကိန်းကြောင့် မူလနေထိုင်ရာ ကျေးရွာများမှ မြို့ကွက်သစ်၊ ရပ်ကွက်သစ်များသို့ ပြောင်းရွှေ့နေရာချထားပေးပြီးနောက်ပိုင်း အိမ်ထောင်ကျပြီး အိမ်ခွဲသူများ၊ လယ်ယာ မြေသိမ်းဆည်းခံရမှုကြောင့် မိသားစုနေထိုင်ရေး အမှန်အခက်အခဲရှိသော အိမ်ထောင်စုများ၏ မိသားစုနေထိုင်ရေးကိစ္စအတွက် စီစဉ်ဆောင်ရွက်ပေးရန် တင်ပြခြင်းများကို နေပြည်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအရ နေပြည် တော်စည်ပင်သာယာရေးကော်မတီမှ အိမ်ရာ စီမံကိန်း၊ မြေကွက်စီမံကိန်းများ ဖော်ဆောင်ချိန်တွင် ဆောင်ရွက်ပေးနိုင်ရေး မှတ်တမ်းတင်ထားရှိပါကြောင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ မြေကွက်စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများဖော်ဆောင်ရန် စီစဉ်နေပြီဖြစ်သဖြင့် မိသားစုနေထိုင်ရေးကိစ္စ အတွက် အမှန်တကယ်နစ်နာသူများကို ဦးစားပေးနေရာချထားပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်