
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မင်းကင်းမြို့နယ်နှင့် ကလေးမြို့နယ်များတွင် နေထိုင်ကြသည့်ဒေသခံအချို့သည် တရုတ်နိုင်ငံသို့ လူပွဲစားများ၏ လိမ်လည်ပို့ဆောင်ခြင်း ခံခဲ့ရသည့် မြန်မာအလုပ်သမား ၄၅ ဦး နေရပ်သို့ ပြန်လည်ရောက်ရှိလာကြပြီး ယင်းအလုပ်သမားများကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ကူညီမှုများပေးနေကြောင်း သိရသည်။
ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ပန်းဆိုင်းမြို့ကနေတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သာသနာ့ဗိမာန်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်ရန်အတွက် ပွဲစားများ၏ လိမ်လည်ပို့ဆောင်ခြင်းခံခဲ့ရသည့် အလုပ်သမားအဖွဲ့နှစ်ဖွဲ့ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောကြားသည်။
“လက်ရှိမှာတော့ အဖွဲ့နှစ်ဖွဲ့ရှိတယ်။ပထမအဖွဲ့က ၁၅ ဦးအဖွဲ့ပေါ့။ အခုမုံရွာကို ပြန်ရောက်လာတဲ့အဖွဲ့ကတော့ ၄၅ ဦး အဖွဲ့ ပေါ့။ အခုပြန်လာကြတဲ့အဖွဲ့က တစ်ဖက် နိုင်ငံထဲမှာ သူတို့စိတ်ကြိုက်ပိုက်ဆံမရလို့ ပြန်လာတာ။ အခုအဖွဲ့ကသူတို့အစီစဉ်နဲ့ သူတို့ ပြန်လာတာဖြစ်တယ်။ ပြန်လို့မရရင်တော့ တိုင်းဒေသကြီးအစိုးရကနေ အဆင့်ဆင့် ချိတ်ဆက်ပြီး ကူညီပေးမှာပါ။ ပြန်လာတဲ့သူတွေရဲ့ ဘဝကိုရေရှည်ရပ်တည်နိုင်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ရာအတွက် ဝန်ကြီးချုပ်နဲ့ ညှိနှိုင်းပြီး စီမံချက်တွေ ရေးနေပါတယ်။ အခုပြန်လာကြတဲ့ သူတွေက တရုတ်နိုင်ငံကို တရားဝင်သွားကြတာ မဟုတ်ဘူး။ လမ်းမှာအဖမ်းခံရမှာစိုးလို့ သူတို့ဘာသာသူတို့ ချိတ်ဆက်ပြီးတော့ ပြန်လာကြတာပါ။ နောက်ထပ်တစ်ဖွဲ့ကတော့ အခြေအနေ အတော်ဆိုးတယ်။ ငိုယိုပြီးတော့မှ ကျွန်တော်ဆီကို Viber ကနေတစ်ဆင့် ချိတ်ဆက်တယ်။ သူတို့မှာ အပြင်လည်းပေး မထွက်ခိုင်းဘူး။ ကျန်းမာရေးမကောင်းတဲ့ အခါမှာလည်း အလုပ်ကိုအတင်းဆွဲခေါ်ပြီး လုပ်ခိုင်းတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောကြားသည်။
မြန်မာအလုပ်သမား ၄၅ ဦးသည် တရုတ်နိုင်ငံအတွင်း ၎င်းတို့အလုပ်လုပ်ကြမည့် နေရာသို့ ရောက်ရှိချိန်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ပြန်လာကြသည့်အချိန်အထိ မုန်လာထုပ်/ငါးပိရည်များဖြင့် နေ့စဉ်နေ တိုင်းထမင်းစားခဲ့ရကြောင်း၊ မြန်မာနိုင်ငံကနေ တရုတ်ပြည်သို့ မသွားခင်ကာလ၌ လူပွဲစားများသည် တရုတ်နိုင်ငံအတွင်းမှာ သက်သက်သာသာ အလုပ်လုပ်ရမည်ဟုပြောဆိုကာ လိမ်လည်ခေါ်ဆောင်သွားခဲ့ကြောင်း နေရပ်သို့ ပြန်လည်ရောက်ရှိလာသူတစ်ဦးက ဆိုသည်။
“ညှဉ်းပန်းနှိပ်စက်တာတော့ မရှိဘူး။မသွားခင်တုန်းကတော့ တရုတ်နိုင်ငံထဲမှာ သက်သက်သာသာ အလုပ်လုပ်ရမယ်ပြောတယ်။ ဟိုရောက်တော့ ဘာမှအဆင်မပြေဘူး။ စားရေးသောက်ရေးကအစ ဘာတစ်ခုမှ အဆင်မပြေဘူး။ အလုပ်လုပ်ရတာကလည်း တောင်ကုန်းတောင်ပေါ်တွေမှာပဲ ကြံခုတ်ရတာ။ ပြန်မယ်ပြောတော့ သူဌေးက တရုတ်နိုင်ငံသုံး ပိုက်ဆံတောင်းတာ။ ကျွန်တော် တို့မှာက တစ်ကျပ်မှမရှိဘူူး။ ဒါနဲ့ပြန်လာ တော့လမ်းမှာပဲ ပြန်ပြီး အဖမ်းခံရတယ်။အလုပ်လုပ်တဲ့နေရာကို ပြန်ရောက်သွားတယ်။ဖုန်းပါတဲ့သူတွေကနေတစ်ဆင့် မြန်မာပြည်ထဲမှာ ကူညီပေးမယ့်သူတွေနဲ့ချိတ်ဆက်ပြီး ပြန်လာခဲ့တာပါ” ဟု နေရပ်သို့ ပြန်လည်ရောက် ရှိလာသူတစ်ဦးက ပြောကြားသည်။
တရုတ်နိုင်ငံကနေ မြန်မာပြည်နေရပ်သို့ပြန်လာရောက်လာကြသည့် အလုပ်သမား ၄၅ ဦးသည် တရုတ်နိုင်ငံ မုန်ရှိန်မြို့နယ် တောင်ကုန်းတစ်ခုပေါ်တွင် ကြံခုတ်ရသည့် အလုပ်ကို လုပ်ကိုင်ခဲ့ရကြောင်း၊ ထို့ပြင် တရုတ် နိုင်ငံ မုန်ရှိန်မြို့နယ်အတွင်း၌ ၎င်းတို့နည်းအတူ အခြားအလုပ်သမား အများအပြားလည်း ကျန်ရှိနေသေးကြောင်း သိရသည်။
တရုတ်နိုင်ငံကနေ မြန်မာပြည်နေရပ်သို့ ပြန်ရောက်လာကြသည့် အလုပ်သမား ၄၅ ဦးအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းအားကစားကွင်းအတွင်း၌ ယာယီတည်းခိုရန်အတွက် နေရာချထားပေးကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးထားကြောင်း၊ အစားသောက်များ နှင့် ရေများလည်း ပြုလုပ်ပေးထားကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ လူပွဲစားများ၏ လိမ်လည်ပို့ဆောင်ခြင်းခံခဲ့ရသည့် မြန်မာအလုပ်သမား ၄၅ ဦးနေရပ်သို့ ပြန်လည်ရောက်ရှိလာကြသူများသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၊ကနီမြို့နယ်နှင့် မင်းကင်းမြို့ နယ်များတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်