Top News

ရေဘေးအန္တရာယ်စိုးရိမ်ရမှုကြောင့် တာတမံကြံ့ခိုင်ရေးအတွက် ဇလွန် ကမ်းနားတာနယ်နိမိတ်အတွင်းနေထိုင်သူများ ပြောင်းရွှေ့ပေးရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်ကြား
24htopnews | January 3, 2025 11:12 AM CST

ရေဘေးအန္တရာယ်စိုးရိမ်ရမှုကြောင့် တာတမံကြံ့ခိုင်ရေးကောင်းမွန်စေရန် ဇလွန် ကမ်းနား တာနယ်နိမိတ်အတွင်း နေထိုင်သူများ ပြောင်းရွှေ့ပေးရေး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။

ထိုသို့ညွှန်ကြားထားသဖြင့် အဆိုပါတာတမံနယ်နိမိတ်အတွင်းရှိ အိမ်ခြေ ၃၂၀ ရွှေ့ ပြောင်းပေးရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖများက တွေ့ဆုံညှိနှိုင်းမှုများ၊ ရုံးလုပ်ထုံးလုပ်နည်းနှင့်အညီ သတိပေးစာ ထုတ်ပြန်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇလွန်ကမ်းနားတာဟာ အင်္ဂလိပ်တွေ လက်ထက်ကတည်းက တည်ဆောက်ခဲ့တဲ့ တာ ဖြစ်တဲ့အတွက် နှစ်ပေါင်းကြာခဲ့ပြီပေါ့။ နဂိုကတော့ ကမ်းနဲ့ တာနဲ့က အဝေးကြီးပေါ့။ သို့သော်လည်း ဧရာဝတီမြစ်ရဲ့ ရေစီးကြောင်း ပြောင်းလဲလာမှုကြောင့် အခုအခါမှာ ကမ်းပြိုကမ်းစားတာတွေ မြို့နားမှာ ဖြစ်ပေါ်နေတယ်။ ဖြစ်ပေါ်နေတော့ အခုလက်ရှိ အနေအထားဟာဆိုရင် မြို့နဲ့ အနီးကပ်ဆုံးနေရာဖြစ်တဲ့အတွက် အနှရာယ်ပေးနိုင်တဲ့ နေရာတစ်ခု အဖြစ် တွေ့ရတာပေ့ါ။ ဒီ တာတမံကြံ့ခိုင်ရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ တာတမံ နယ်နိမိတ်အတွင်းမှာနေထိုင်တဲ့ အိမ်ထောင်စုတွေ ရှိပါတယ်။ ဒီအိမ်ထောင်စုတွေရဲ့ မဆင်မခြင် နေထိုင်မှုတွေကြောင့် တာဟာ ပျက်စီး ယိုယွင်းမှုတွေဖြစ်ပြီး စိုးရိမ်ရတဲ့အနေအထား ဖြစ်တဲ့အတွက် သူတို့ ရွှေ့ပြောင်းစေရေးအတွက် မြို့မိမြို့ဖတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေနဲ့ စုပေါင်းအဖွဲ့ဖွဲ့ပြီးတော့ ကမ်းနားတာနယ်နိ မိတ်အတွင်းမှာ နေထိုင်သူတွေကို အကြိမ်ကြိမ် ချပြဆွေးနွေးပြီးတော့မှ ဒီလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။  ပြောင်းရွှေ့ ခြင်းကို ဆောင်ရွက်ဖို့ စီစဉ်ခဲ့ခြင်းဖြစ်ပါတယ် ဟု ဇလွန်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချ မှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆယ်မောင်က ပြောကြားသည်။

အဆိုပါတာတမံနယ်နိမိတ်အတွင်း နေထိုင်သူများပြောင်းရွှေ့ရေး အဆင်ပြေစေရန် အတွက် တိုင်းအစိုးရအဖွဲ့မှ မြေနေရာစီစဉ် ပေးထားခဲ့ပြီး လက်ရှိအချိန်တွင် အိမ်ခြေ ၂၅၀ ခန့် ရွှေ့ပြောင်းပြီးဖြစ်ကာ ကျန်ရှိအိမ်ခြေများ ဆက်လက်ပြောင်းရွှေ့ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း ကျွန်တော်တို့က သူတို့ကို ချက်ချင်းရွှေ့ဆိုပြီး မလုပ်ပါဘူး။ တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီ မြေနေရာရရှိရေး တင်ပြပေးပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း တန်ရာတန် ကြေးထက် မြေစျေးပိုပေးပြီး အဲဒီအိမ်ခြေ ၃၂၀ အတွက် မြေနေရာ ဝယ်ပေးပါတယ်။ ရွှေ့ပြောင်းနိုင်ဖို့အတွက်လည်း လူကယ်ပြန် ဝန်ကြီးဌာနက ရွှေ့ပြောင်းတဲ့ အိမ်ခြေတွေ ကို တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သိန်း နှုန်းနဲ့ ပစ္စည်း ၁၀ မျိုးကို ပံ့ပိုးပေးပါတယ်။ ရွှေ့ပြောင်းတဲ့ ကွက်သစ်မှာလည်း ရေ၊ မီး၊ လမ်းရရှိရေးအတွက်လည်း မြို့မိမြို့ဖတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တိုင်ပင်ပြီး အဆင့်ဆင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုလက်ရှိအနေအထားမှာ အိမ်ခြေပေါင်း ၃၂၀ ရှိတဲ့အနက် ၂၅၀ လောက် ပြောင်းပြီးပါပြီ။ ကျန်တဲ့ အိမ်ထောင်စုတွေထဲမှာ အခြေခံ လူတန်းစားတွေရှိသလို စီးပွားရေးအရ လာရောက် လုပ်ကိုင်သူတွေလည်း ရှိပါတယ်။ စီး ပွားရေးအရ လာရောက်လုပ်ကိုင်သူတွေအ နေနဲ့လည်း ပြောင်းရွှေ့ပေးဖို့ အခက်အခဲမရှိဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်။ မြို့ရဲ့ ရေ ဘေးအန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက်  ပြောင်းရွှေ့ပေးပါလို့ တိုက်တွန်းချင်ပါတယ် ဟု ဦးစီးအရာရှိ ဦးဆယ်မောင်က ပြောကြားသည်။

 တာတမံဥပဒေ အခန်း (၆) ပုဒ်မ (၂၂)၌ မည်သူမျှ တာတမံပေါ်တွင်လည်းကောင်း၊ တာတမံ၏ နယ်နိမိတ်အတွင်းတွင်လည်းကောင်း ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ စိုက်ပျိုးမွေးမြူခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် စက်ယန္တရားတစ်ခုခု ထားရှိအသုံးပြုခြင်း မပြုရဟု တားမြစ်ထားပြီး အဆိုပါပုဒ်မကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထိုသူကို  နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေ ဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။


READ NEXT
Cancel OK