Top News

ဖိလစ်ပိုင်ကမ်းလွန်ရေပြင်တွင် တရုတ်၏ ရေအောက်မောင်းသူမဲ့ယာဉ်ဟု ယူဆရသည့် ရေယာဉ်တစ်စင်းကို တွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ပြောကြား
24htopnews | January 3, 2025 6:12 PM CST

ဖိလစ်ပိုင်ကမ်းလွန်ရေပြင်တွင် တရုတ်၏ ရေအောက်မောင်းသူမဲ့ယာဉ်ဟု ယူဆရသည့် ရေယာဉ်တစ်စင်းကို တွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်တွင်  ပြောကြားခဲ့ပြီး ယင်းသည် အမျိုးသားလုံခြုံရေးအတွက် ဂယက်ရိုက်ခတ်မှုများဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။

ဖိလစ်ပိုင်ငါးဖမ်းသမားသုံးဦးသည် မက်စ်ဘာတီပြည်နယ် ဆန်ပါစကူယယ်မြို့နယ်နှင့် ခြောက်မိုင်ကွာဝေးသည့် ကမ်းလွန် ရေပြင်တွင် အဆိုပါရေအောက်မောင်းသူမဲ့ ယာဉ်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရေငုပ်သင်္ဘောဒရုန်းဟု ခေါ်ဆိုသည့်ရေအောက်တွင် မောင်းနှင်နိုင်သည့် မောင်းသူမဲ့ရေယာဉ်ကို ဖိလစ်ပိုင်နှင့်တရုတ်အကြား တင်းမာမှုမြင့်တက်နေချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်းက တောင်တရုတ်ပင်လယ်တွင် ပင်လယ်ရေကြောင်းဆိုင်ရာအခွင့်အရေးများ၊ ကျောက်တန်းများနှင့် ကျွန်းများပိုင်ဆိုင်ရေးတို့နှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နှင့်တရုတ်အကြား ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အားလုံးနီးပါးကိုပိုင်ဆိုင်ကြောင်း ကြေညာထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည်။

ဖိလစ်ပိုင်ငါးဖမ်းသမားများ တွေ့ရှိခဲ့သည့်အဝါရောင်ရေအောက်မောင်းသူမဲ့ယာဉ်တွင် HY-110 ဆိုသည့် အမှတ်တံဆိပ် ပါရှိပြီး ထိုရေယာဉ်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင်မျောပါနေပြီး ငါးဖမ်းသမားများက အဆိုပါ မောင်းသူမဲ့ရေယာဉ်ကို ဆယ်ယူကာ အာဏာပိုင်များကို လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ညွှန်ကြားရေးမှူး အန်ဒရီ ဒီဇွန်က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ထိုမောင်းသူမဲ့ရေယာဉ်သည် နှစ်မီတာ (ခြောက်ပေ) အရှည်ရှိပြီး ဒလက်များပါရှိကာ တော်ပီဒိုလက်နက်ပုံစံဖြစ်သည်။

“အင်တာနက်မှာ ရှာကြည့်တဲ့ သုတေသနမှတ်တမ်းတွေကိုအခြေခံရရင် HY-199 ဆိုတာဟာ တရုတ်ရဲ့ရေအောက် ရေကြောင်းပြစနစ်နဲ့ ဆက်သွယ်ရေးစနစ်ကို ပြောတယ်ဆိုတာကို ညွှန်ပြနေပါတယ်”ဟု ဒီဇွန်က ပြောကြားခဲ့သည်။

ထိုမောင်းသူမဲ့ရေယာဉ်တွင် ဧရိယာတိုင်တစ်တိုင်နှင့် မြင်ကွင်းကြည့်ရန် အပေါက်တစ်တစ်ခုပါရှိပြီး သုတေသနများအရ ယင်းရေအောက်မောင်းသူမဲ့ယာဉ်ကို ကင်းထောက်လှမ်းမှုအတွက် အသုံး ပြုခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

ထိုဒရုန်းတွင် လက်နက်တပ်ဆင်ထားခြင်းမရှိသော်လည်း ရဲတပ်ဖွဲ့ကမူထိုဒရုန်းကိုရှာဖွေတွေ့ရှိမှုသည် အမျိုးသားလုံခြုံရေးကို ဂယက်ရိုက်ခတ်နိုင်သည့်အရာအဖြစ် သတ်မှတ်ခဲ့သည်။ထိုဒရုန်းကို ရဲတပ်ဖွဲ့က ဖိလစ်ပိုင်ရေတပ်ဆီ လွှဲပြောင်းပေးအပ်ခဲ့သည်ဟုလည်း ဒီဇွန်က ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မနီလာမြို့တော်ရှိ တရုတ်သံရုံးနှင့် ဖိလစ်ပိုင်ရေတပ်တို့က အေအက်ဖ်ပီသတင်းဌာန၏ မှတ်ချက်ပေးရန်တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိသေးပေ။

ထို့ကြောင့် ဖိလစ်ပိုင်က ၎င်း၏ကာကွယ်ရေးကဏ္ဍကို အဆင့်မြှင့်တင်ခဲ့ကာ အမေရိကန်၏ Typhon ဒုံးကျည်စနစ်များကို ဝယ်ယူရန်စီစဉ်နေကြောင်း ဖိလစ်ပိုင်စစ်တပ်က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။   

ဖိလစ်ပိုင်သည် ဒေသတွင်းအင်အားကြီး တရုတ်နိုင်ငံနှင့် အငြင်းပွားမှုအချို့ရှိခဲ့ပြီး ၎င်း၏ ပင်လယ်ရေကြောင်းအကျိုးစီးပွား များကိုကာကွယ်ရန်အတွက် Typhon ဒုံးကျည်စနစ်ကို ပိုင်ဆိုင်ရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။                         

Ref: AFP


READ NEXT
Cancel OK