Top News

အခြေခံ စပါးစျေးနှုန်းအောက် ကျဆင်းသည့်ဒေသများတွင် နိုင်ငံတော်က ကျပ် ၁၅ ဘီလျံဖြင့် စပါးဝယ်ယူမည်ဖြစ်ပြီး ပဲခူးတိုင်းတွင် ကျပ်ရှစ်ဘီလျံ၊ ဧရာဝတီတိုင်း ဒေသကြီး၌ ကျပ်ငါးဘီလျံဖြင့် ဝယ်ယူမည်
24htopnews | January 4, 2025 1:12 AM CST

အခြေခံစပါးစျေးနှုန်းအောက် ကျဆင်းသည့်ဒေသများတွင် နိုင်ငံတော်က ကျပ် ၁၅ ဘီလျံဖြင့် စပါးဝယ်ယူရန် စီစဉ်ထားပြီး ပဲခူးတိုင်းဒေသကြီးတွင် ကျပ်ရှစ်ဘီလျံ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျပ်ငါးဘီလျံဖြင့် ဝယ် ယူရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးအောင်ထူးက  နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ရှိ Sule Shangri – la Hotel ၌  ပြုလုပ်သည့် “Doing Business 2020 and Way Forward” အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

သတ်မှတ်ထားသော အခြေခံစပါးစျေးနှုန်းအောက်ကျဆင်းပါက နိုင်ငံတော်မှ စပါးဝယ်ယူနိုင်ရန်အတွက် ရန်ပုံငွေအဖြစ် ကျပ် ၁၅ ဘီလျံလျာထားခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်သည့် အနေအထားရှိကြောင်း သိရသည်။

“ကျွန်တော်တို့ လုပ်ခဲ့တာတော့ အဆင့်ဆင့်လုပ်ခဲ့တာပေါ့။ ပထမကတော့ အခြေခံ စျေးနှုန်းထက်ကျမယ်ဆိုရင် ဝယ်ယူဖို့ ရန်ပုံငွေပေါ့လေ။ ရန်ပုံငွေကတော့ Initially ၁၅ ဘီလျံလျာထားပါတယ်။ အဲဒီ ၁၅ ဘီလျံကတော့ ထုတ်ထားပြီးပြီ။ ကျွန်တော်တို့မှာ အ ဆင်သင့်ပဲဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းများ၌ မကြာမီအချိန်တွင်း နိုင်ငံတော်ရန်ပုံငွေဖြင့် စပါးဝယ်ယူရန် ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းအတွက် ကျပ်ရှစ်ဘီလျံနှင့် ဧရာဝတီတိုင်း အတွက် ကျပ်ငါးဘီလျံ လျာထားကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြား သည်။

“ဧရာဝတီတိုင်းရယ်၊ ပဲခူးတိုင်းရယ်၊ ရန်ကုန်တိုင်းရယ်ပေါ့။ ရန်ကုန်တိုင်းကတော့ အကုန်တော့ မဟုတ်ဘူး။ အစိတ်အပိုင်းလေး တစ်ရပ်ပေါ့။ စောစောက ဦးဖြိုးမင်းသိန်းနဲ့ ပြောကြည့်တဲ့အခါကျတော့ ရန်ကုန်တိုင်းမှာ တော့ ဝယ်ဖို့မလိုလောက်ဘူးဆိုပြီး သူက ပြောပါတယ်။ နှစ်ခုကျန်တာပေါ့။ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းပေါ့လေ။ ပဲခူးတိုင်းက ပြီးခဲ့ တဲ့အပတ်ထဲမှာ သူတို့စပါးဝယ်ယူဖို့အတွက် ရှစ်ဘီလျံခွဲပေးဖို့ ပြောပါတယ်။ ပြောတဲ့အခါ ကျတော့ ဒါနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်း ကမ်းတွေချဖို့ဆိုပြီးတော့ မကြာခင်ကာလ ပေါ့လေ။ တစ်ပတ်လောက်အတွင်းမှာ အစည်းအဝေးခေါ်ပါမယ်။ သူတို့လိုချင်တဲ့ ပိုက်ဆံကို ကျွန်တော်တို့ ထုတ်ပေးမယ်။ ဒါ ကို ဘယ်လိုပြန်ဆပ်ရမယ်ဆိုတာတွေကို ကျွန်တော်တို့ လုပ်ပါ့မယ်။ လုပ်ပြီးသွားရင် ပဲခူးတိုင်းရဲ့အစီအစဉ်နဲ့ ဝယ်ယူဖို့ပေါ့လေ။ ဧရာဝတီတိုင်းကတော့ အခုထိ မဆက်သွယ်လာသေးဘူး။ သူတို့အတွက်က ငါးဘီလျံ လောက်လိုမယ်လို့ ပြောပါတယ်” ဟု ဒုတိယ  ဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

တောင်သူလယ်သမားအကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ အဆိုပါစပါးဝယ်ယူ ဆောင်ရွက်ခြင်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများမှ စီမံဆောင်ရွက်မည်ဖြစ် သည်။ ထို့ကြောင့် စပါးဝယ်ယူပေးရန် လိုအပ်သော ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့က နိုင်ငံတော်သို့ တင်ပြဆွေးနွေးရမည် ဖြစ်ကြောင်း သိရသည်။

“ရှစ်ဘီလျံရယ် ငါးဘီလျံဆို ၁၃ ဘီလျံ လောက်ပဲလိုပါတယ်။ ထုတ်ထားတဲ့ပိုက်ဆံ နဲ့တော့ လုံလောက်မှုရှိပါတယ်။ တကယ်ဖြစ်လာရင်ဝယ်ဖို့ကတော့ အဆင်သင့်ပါပဲ။ ဝယ်တာကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရရဲ့ အစီအမံနဲ့ ဝယ်ပါမယ်။ ပိုက်ဆံကို တော့ ခွဲပြီးတော့ ပေးပါမှာဖြစ်တယ်။ တောင် သူလယ်သမားအကျိုးစီးပွား မြှင့်တင်ရေး ဥပဒေမှာ ဘာပါလဲဆိုတော့ ဒီလိုဝယ်ဖို့ကိစ္စ ရပ်တွေကို ပြည်နဲ့တိုင်းတွေကနေ ဆွေးနွေးတာလုပ်ရမယ်လို့ ပါပါတယ်။ ဒါကြောင့်မို့ ဆွေးနွေးဖို့ လုပ်တာကိုစောင့်နေတာ ပိုက်ဆံလည်း အဆင်သင့်ရှိတယ်။ သူတို့ဝယ်ဖို့လိုပြီလို့ တင်ပြလာရင် ကျွန်တော်တို့ ထုတ်ပေးမယ်ပေါ့လေ။ အခုတော့ ပဲခူးတိုင်းက တင်ပြလာပြီ” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။                                     

 

 

 


READ NEXT
Cancel OK