Top News

အဆင့်မြှင့်တင်မှုပြုလုပ်မည့် မန္တလေး ချမ်းမြရွှေပြည် အ‌ဝေးပြေးကားကြီးကွင်းမှ ယာဉ်အသင်းများ ယာယီကားကွင်းသို့ ယခုလအတွင်း ပြောင်းရွှေ့ရန် စီစဉ်နေဟု သိရ
24htopnews | January 4, 2025 1:12 AM CST

အဆင့်မြှင့်တင်မှု ပြုလုပ်မည့် မန္တလေး ချမ်းမြရွှေပြည် အ‌ဝေးပြေးကားကြီးကွင်း (ကျွဲဆည်ကန်ကားကွင်း)မှ ယာဉ်အသင်းများ ယာယီကားကွင်းသို့ ယခုလအတွင်း ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ချမ်းမြရွှေပြည် (ကျွဲဆည်ကန်ကားကြီးကွင်း) ရွှေ့ပြောင်းရန်အတွက် မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ၇၁ လမ်းနှင့် ၇၃ လမ်း ကြားတွင် ( မန္တလေး တံခွန်တိုင်အဝိုင်းအနီး) ယာယီကားကြီးကွင်း တည်ဆောက်နေမှုမှာ ပြီးစီးနေပြီဖြစ်ရာ ယခုနိုဝင်ဘာလအတွင်း ရွှေ့ပြောင်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရွှေ့မယ့်ရက်တော့ မသတ်မှတ်ရသေးဘူး။ မြို့တော်ဝန်ကြီးနဲ့ ကော်မတီအဖွဲ့တော့ ယာယီကားကွင်းကို ကြည့်ရှုစစ်ဆေးပြီးပြီ။ အချို့ပြုပြင်သင့်တာတွေ မှာကြားထားတာကို ကုမ္ပဏီဘက်ကလည်း လုပ်နေတယ်။ အဖြစ်နိုင်ဆုံး နိုဝင်ဘာလထဲမှာ ရွှေ့နိုင်ဖို့လုပ်နေတယ်။ ရွှေ့ပြီဆိုရင်တော့ ရွှေ့ရဖို့ရက် မတိုင်ခင် ၁၆ ရက်ကြိုပြီးတော့မှ ဂိတ်ခန်းတွေကို မဲနှိုက်နေရာချပေးမယ်။ သတ်မှန်ရက် ရောက်ရင်ရွှေ့ရမယ်။ သတ်မှတ်ရက်မှာ အဲဒီည နောက်ဆုံးထွက်တဲ့ကား ထွက်ခွာပြီးတာနဲ့ ကျွဲဆည်ကန်ကားကွင်းကို လုံးဝပိတ်လိုက်မှာ ဖြစ်တယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

တည်ဆောက်ထားသည့် ယာယီကားကွင်းမှာ ၁၀ ဧကကျော်ကျယ်ဝန်းပြီး ယာဉ်များ ဆိုက်ရောက်၊ ထွက်ခွာရန် နေရာများ စီစဉ်ထားပြီး ဆိုက်ရောက်ထွက်ခွာ ဧရိယာတွင် ယာဉ်အစီးရေ ၄၀ ခန့် တစ်ပြိုင်တည်း ဆိုက်ရောက်ထွက်ခွာမှု ပြုလုပ်နိုင်ကာ ကားကွင်းအတွင်း ယာဉ်အစီးရေ ၂၀၀ ခန့်ရပ်နားနိုင်ကြောင်း၊ ခရီးသည်များအတွက် အဆင်ပြေစေရန် နားနေဆောင်များ၊ သန့်စင်ခန်းအပြင် ရေချိုးခန်းများပါ ပါဝင်မည်ဖြစ်ကာ အငှားယာဉ်များ အတွက်လည်း စနစ်တကျရှိစေရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြောင်းရွှေ့သည့်အခါ လက်ရှိ ကျွဲဆည်ကန်ကားကွင်းမှ ယာဉ်အသင်းဂိတ်များအပြင် စားသောက်ဆိုင်နှင့် ကုန်တင်ကုန်ချဂိတ်များ၊ ထိုးမုန့်ဆိုင် စသည့် ဆိုင်ခန်းပေါင်း ၁၁၉ ခန်းအတွက်လည်း နေရာချထားပေးရန် စီစဉ်ထားကြောင်း သိရသည်။

ကားကွင်း အဆင့်မြှင့်တင် တည်ဆောက်နိုင်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် m.Development Corporation (Myanmar) Col.,Ltd တို့ လုပ်ငန်းသဘောတူစာချုပ်ကို ၂၀၁၇ အောက်တိုဘာလအတွင်း လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့အတွင်း အဝေးပြေး ခရီးသည်တင် ယာဉ်ရပ်နားစခန်း ငါးခုရှိသည့်အနက် ချမ်းမြရွှေပြည်ကားကွင်း (ကျွဲဆည် ကန်)ကွင်းမှာ ယာဉ်လိုင်းများ အများဆုံးထွက်ခွာ ပြေးဆွဲနေသည့် ကားကွင်းတစ်ခု ဖြစ်သည့်အတွက် ချမ်းမြရွှေပြည် အဝေးပြေး ကားကွင်းအား ပထမဦးဆုံး အနေဖြင့် အဆင့်မြှင့်တင်ခြင်း ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK