Top News

ချင်းပြည်နယ် ပလက်ဝဒေသရှိ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သော အိမ်ထောင်စုတချို့ကို ထန်တလန်မြို့နယ် သီးကီရ်ရွာသို့ ရွှေ့ပြောင်းပေးမည်
24htopnews | January 4, 2025 1:12 AM CST

ချင်းပြည်နယ် ပလက်ဝဒေသရှိ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သော အိမ်ထောင်စု ၁၄ စုကို ထန်တလန်မြို့နယ် သီးကီရ်ကျေးရွာသို့ ရွှေ့ပြောင်းပေးမည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီး ဦးစိုးထက်၏ ပြောကြားချက်အရ သိရသည်။

“ပလက်ဝ စစ်ဘေးရှောင်ပြည်သူတွေက လက်ရှိမီးဇာမှာ အိမ်ခြေတော်တော်များများ ရှိပါတယ်။ တချို့က အဲဒီမှာ မနေရဲဘူးပေါ့။ လက်ရှိ စစ်ဖြစ်နေတဲ့နေရာကျ သူတို့ မနေရဲတာပေါ့။ သူတို့ မူလနေရာဖြစ်တဲ့ ကင်းတလင်းတို့ ခမောင်းဝတို့ အဲဒီဖက်က ပြောင်းရွှေ့လာတဲ့သူတွေဖြစ်တော့ မီးဇာမှာ မနေရဲတဲ့အတွက် ထန်တလန်မြို့နယ်ထဲက သီးကီးရ်ရွာဖက်ကို ပြောင်းရွှေ့ဖို့ လုပ်ထားတယ်။ အဲဒါ ကိုမိသားစု ၁၄ စု၊ လူဦးရေ ၈၆ ယောက်ကို ဒီဖက်မှာရွှေ့ဖို့ သဘောတူညီချက်ရတယ်။ မိသားစု ၂၁ စု၊ လူဦးရေ ၁၃၂ ဦးထဲက၊ မိသားစု ခုနစ်စုက မပြောင်းတော့လို့ မိသားစု ၁၄ စုကပြောင်းမယ်။ သူတို့ကိုမီးဇာကနေ ပလက်ဝ၊ ပလက်ဝကနေ ဆမီး၊ ဆမီးကနေ မတူပီ၊ မတူပီကနေ ရေဇွာ၊ ရေဇွာကနေ နှာရိန်၊ နှာရိန်ကနေ ထန်တလန်၊ ထန်တလန်ကနေ သီးကီးရ်၊ အဲဒီလိုပို့ဖို့ လုပ်ထားပါတယ်။ ကျွန်တော်တို့ သူတို့ကိုမီးဇာကနေ ပလက်ဝအထိ စက်လှေငါးစီးနဲ့ ပြောင်းရွှေ့ဖို့ လုပ်ထားပါတယ်။ ပလက်ဝကနေပြီး သီးကီးရ် ရောက်သည်အထိ ကားငါးစီး စီစဉ်ထားပါတယ်။ သူတို့နေဖို့ အတွက်လည်း တန်ဖိုးနည်းအိမ်ရာ ၂၆ လုံးက သီးကီးရ်မှာ ရှိတယ်။ မိသားစု ၁၄ စုဖြစ်တဲ့အတွက် ၁၄ စုထားဖို့ လုံလောက်တယ်။ သူတို့အတွက် ရေကိစ္စ လျှပ်စစ်မီးရဖို့ ကိစ္စတွေကိုလည်း ချင်းပြည်နယ် အစိုးရအဖွဲ့ ရံပုံငွေနဲ့ ၂၅၈ သိန်းနဲ့ ရေရဖို့၊ မီးရဖို့ကိစ္စတွေကိုလည်း စတင်လုပ်ဆောင်နေပါပြီ။ ရေမီးလည်း အဆင်ပြေမယ်။ သူတို့လုပ်ကိုင် စားသောက်ဖို့ အတွက်ကလည်း ကုန်းမြင့်လယ်ယာတွေရှိတယ်။ တောင်ယာတွေရှိတယ်။ အဲဒီအတွက် ရာထားပေးပြီးပါ” ဟု ဝန်ကြီးဦးစိုးထက်က ပြောကြားသည်။

လွန်ခဲ့သည့် နှစ်နှစ်မှ စတင်၍ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ် မီးဇာကျေးရွာအနီးတွင် စစ်ဘေးရှောင်ရန် အတွက် ရောက်ရှိလာခဲ့ပြီး ယခုအခါ မီးဇာကျေးရွာတွင် စစ်ဘေးရှောင်သူဦးရေ ၁၂၀၀ ခန့်ရှိသည်ဟု ဝန်ကြီးက ပြောကြားသည်။

“မီးဇာစစ်ဘေးရှောင်စခန်းမှာက ကင်းတလင်းအဖွဲ့တွေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ရောက်တော့ မိသားစု ၁၉ စုကတော့ ကနဦးပေါ့။ နောက်ပိုင်း ပြောင်းလာတာနဲ့ဆို အိမ်ထောင်စု ၅၀ ဝန်းကျင်ရှိပါတယ်။ လူဦးရေ ၁၀၀၀ ကျော်၊ ၁၂၀၀ ဝန်းကျင်ရှိမယ်။ နောက် ထပ်ရွှေ့ချင်တယ် ဆိုရင်လည်းနေရာ ဝင်ဆန့်မှုနဲ့ အဆောက်အအုံတွေရဲ့ လိုအပ်ချက်တွေအရ ရွှေ့ချင်တယ် ဆိုရင်လည်း ကျွန်တော်တို့ ဝိုင်းကူဖို့ လုပ်ထားပါတယ်။ စစ်ဖြစ်တဲ့နေရာကနေ ငြိမ်းချမ်းတဲ့နေရာ ပို့တယ်ဆိုတော့ ကျွန်တော်တို့လည်း တာဝန်ရှိတယ်လို့ထင်လို့ ပြည်နယ်အစိုးရက လုပ်ပေးနေတာပါ။ စစ်ဘေးဖြစ်တဲ့ နေရာမှာမနေရဲတဲ့ လူထုလိုအပ်ချက်ကို ကျွန်တော်တို့က ဖြည့်ဆည်းပေးရမှာပေါ့” ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ဝန်းကျင်ခန့်ရှိပြီး ရခိုင်ပြည်နယ်များ အတွင်းတွင် နေထိုင်သည့် စစ်ဘေးရှောင်များကဲ့သို့ Camp ဖြင့် နေထိုင်ခြင်း မဟုတ်ဘဲ၊ မိမိတို့ နီးစပ်ရာ ကျေးရွာများ၊ ဆွေမျိုးများ အိမ်များတွင် နေထိုင်ကြသည်ဟု သိရသည် ။

“ကျွန်တော်တို့ ဒေသကကျန်တဲ့ ဒေသနဲ့ မတူတာက စစ်ဘေးရှောင်စခန်းနဲ့၊ ရခိုင်ဘက်ကလို Camp (ကမ့်) နဲ့နေတဲ့စနစ် မဟုတ်ဘူး။ ဆွေမျိုးသားချင်းဆီမှာ ဝင်နေတဲ့သဘော။ မီးဇာလိုနေရာမျိုးမှာ နေရာလေးပေးပြီး နေတဲ့ လိုမျိုး၊ စစ်ဘေးရှောင်စခန်းဆိုပြီးနေတာ ကျွန်တော်တို့ဘက်မှာ သိပ်မရှိဘူး။ ကိုယ့်ဆွေမျိုးသားချင်းဆီမှာ နေကြတာဆိုတော့ နေရာကလည်း ပျံ့နေတာပေါ့။ မီးဇာတစ်ဝိုက်မှာ ရှိမယ်။ ရှင်းလက်ဝမှာရှိမယ်။ တလိုင်ဘက်မှာ ရှိမယ်။ ပလက်ဝဘက်မှာလည်း လောင်ကဒူးတို့ ကင်ချောင်းတို့၊ စိမ့်ဆင်းတို့ဆီမှာ အကုန်ဆွေမျိုးသားချင်းတွေဆီမှာ ကပ်နေတယ်။ နောက်နီးစပ်ရာအိမ်ရာ ရရှိတဲ့အပေါ် မူတည်ပြီး ဆောက်ပြီးနေကြတယ်။ ဟိုဘက်ကလို စစ်ဘေးရှောင်စခန်းလို နေတာမဟုတ်ဘူး။ ကျွန်တော်တို့ ပြည်နယ်အစိုးရက အလှူရှင်တွေ ခေါ်ပြီးတော့ အလှူရှင်တွေ ထောက်ပံ့ငွေနဲ့ ဆန်ဝယ်ပြီးတော့ သူတို့ရဲ့ စားဝတ်နေရေးကို ဖြည့်ဆည်းပေးဖို့ ပလက်ဝမြို့နယ်စီခန့်ရယ် စစ်ဘေးရှောင်တွေကို ထောက်ပံ့ဖို့ ဖွဲ့ထားတဲ့ ကော်မတီဖွဲ့ထားတာရှိတယ်။ အဲဒီအဖွဲ့ဆီ လှူဒါန်းတာတွေကို ဆန်ဝယ်ပြီး လှူဒါန်းတာတွေ ရှိပါတယ်။ အဲဒီအပြင် လူကယ်ပြန်ဌာနကနေပြီး စစ်ဘေးရှောင်တစ်ဦးကို ဘယ်လောက်နှုန်းဆိုပြီး လစဉ်လစဉ် ထောက်ပံ့နေပါတယ်။ မြို့နယ်စီခန့်က စာရင်းအပေါ် မူတည်ပြီး ထောက်ပံ့တယ်။ နိုင်ငံတော်အဆင့်ကလည်း နတလနဲ့ ဘေးစီမံကနေ ထောက်ပံ့နေပါတယ်။ ပလက်ဝမြို့နယ် အတွင်းမှာ စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ကျော် ရှိပါမယ်။ ဒါပေမဲ့ Camp နဲ့နေတဲ့ အဖွဲ့မဟုတ်ဘဲ ဆွေမျိုးသားချင်းနဲ့ နီးစပ်ရာကျေးရွာတွေမှာ ချိတ်ဆက်နေကြတာမျိုးပေါ့။ သူတို့ရဲ့ စားဝတ်နေရေး အနေနဲ့ အလှူရှင်တွေ လှူဒါန်းတာနဲ့ နိုင်ငံတော်က ထောက်ပံ့တာနဲ့ အတတ်နိုင်ဆုံး ဖြေရှင်းပါတယ်။ ဒါပေမဲ့ ပြည့်စုံမှုတော့ မရှိနိုင်ဘူးပေါ့။ ကလေးတွေဆိုရင် ပညာရေး၊ ကျန်းမာရေးကအစ ဒုက္ခရောက်ပါတယ်။ ကျွန်တော်တို့ကလည်း စားဖို့အတွက်ပဲ စဉ်းစားပေးနိုင်တာလေ။ သူတို့ရဲ့ လူမှုဘဝ တိုးတက်ဖို့ ဆိုတာကတော့ နိုင်ငံတော်အဆင့်၊ ပြည်နယ် အဆင့်တွေက အများကြီး လုပ်ရဦးမှာပါ။ ကျွန်တော်တို့ မျှော်လင့်တာကတော့ လက်နက်နဲ့ တိုက်ပွဲတွေ ဖြစ်နေတာကို ရပ်တန့်ပြီး နယ်မြေအေးချမ်း သွားစေချင်တာပဲ” ဟုချင်းပြည်နယ် ပြည်နယ်ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။


READ NEXT
Cancel OK