Top News

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်ကိုကန့်သတ်ခြင်းအပါအဝင် အချက်သုံးချက်ကြောင့် NLD ပါတီမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီတွင် ပါဝင်မည်ဟု ဒေါက်တာ သက်သက်ခိုင် ပြောကြား
24htopnews | January 4, 2025 1:12 AM CST

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များကို ကန့်သတ်ခြင်း အပါအဝင်အချက်သုံးချက်ကြောင့် NLD ပါတီ မှ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က The Daily Eleven သတင်းစာသို့ နိုဝင်ဘာ ၁ ရက်က ပြောကြားသည်။

၎င်းအနေဖြင့် လွှတ်တော်တွင် ၃၅ ကြိမ်ခန့် ဆွေးနွေးခဲ့ပြီး အဆိုသုံးကြိမ်တင်ခဲ့ကြောင်း၊ ပထမအဆိုနှင့် ဒုတိယအဆိုတွင် အဆင်ပြေခဲ့သော်လည်း ယခုနှစ်အတွင်း သုံးကြိမ်မြောက် အဆိုတင်ရန် စီစဉ်ချိန်တွင် NLD ပါတီမှ တားမြစ်မှုများရှိခဲ့ကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

၎င်းတင်သွင်းသည့်အဆိုကို ထောက်ခံသည့် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် များကို ပါတီမှ ထုတ်ပယ်မည်အထိ ခြိမ်းခြောက် မှုများရှိခဲ့၍ SNLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ အကူအညီကို ရယူတင်သွင်းခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ဥပဒေအရပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ ရပိုင်ခွင့်အခွင့် အရေးကိုပါ ကန့်သတ်လာတာပေါ့။ အဲဒါ အဓိကအကြောင်းပေါ့”ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ကုန်သွယ်ရေးတွင် ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့ချင်သည့်အခြေအနေအပေါ် အဆိုတစ်ရပ်တင်သွင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး အဆိုကို လွှတ်တော်က လက်ခံခဲ့သော်လည်း ဝန်ကြီးဌာနကအများပြည်သူရှေ့တွင် ဆွေးနွေးရန် မသင့်လျော်ဆိုသည့် အကြောင်းပြချက်ဖြင့် စာဖြင့်သာ ပြန်လည်ဖြေကြားခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ၎င်းကို NLD ပါတီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်တော့ရန် သေချာနေ ကြောင်း၊ ထိုအချက်ကလည်း NLD ပါတီမှ နုတ်ထွက်ရသည့် အကြောင်းပြချက်များတွင် ပါဝင်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်မကို ရွေးကောက်ပွဲ ပေးဝင်တော့မှာ မဟုတ်ဘူးဆိုတာ တော်တော်လေး သေချာတဲ့ သတင်းတွေ ကျွန်မရထားတယ်ပေါ့။ ရထားတော့ ကျွန်မနိုင်ငံရေးထဲမှာလည်း ပါဝင်ချင်သေးတယ်။ တိုင်းပြည်တည်ဆောက်ရေးထဲမှာလည်း ပါဝင်ချင်သေးတဲ့အတွက်ကို ပါတီက နုတ်ထွက်တာ ဖြစ်ပါတယ်။ အချက်သုံးချက် ရှိပါတယ်”ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

၎င်း၏ လွှတ်တော်တွင်း၊ လွှတ်တော်ပ ( မီဒီယာများသို့) ဖြေကြားမှုအချို့နှင့်ပတ်သက်၍ NLD ပါတီက တားမြစ်မှုများရှိခဲ့ကြောင်း၊ အဆိုပါအကြောင်းပြချက်ဖြင့်ပင် ပါတီကနှုတ်ဖြင့် အကြိမ်ကြိမ်သတိပေးခြင်း၊ ထုချေလွှာ တင်စေခြင်းများ ဆောင်ရွက်ခဲ့ပြီး နောက်ဆုံးတွင် ပါတီတာဝန်များမှ ရပ်ဆိုင်းခဲ့ကြောင်း၊ ပါတီတာဝန်များ ရပ်ဆိုင်းကြောင်း အကြောင်းကြားစာတွင် အကြောင်းပြချက်တစ်စုံတစ်ရာ မပါဝင်ကြောင်း၊ ထိုအချက်က NLD ပါတီမှ နုတ်ထွက်ရသည့် တတိယအကြောင်းပြချက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်သည့် ဒေါက်တာသက်သက်ခိုင်သည် NLD ပါတီသို့ ၂၀၁၄ ခုနှစ် နိုဝင်ဘာတွင် ပါတီဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရရှိကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပြီး ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

ထို့နောက်၂၀၁၈ ခုနှစ် စက်တင်ဘာတွင် NLD ပါတီက ဒေါက်တာသက်သက်ခိုင်ကို ပါတီစည်းကမ်းဖောက်ဖျက်သည်ဆိုကာ မြို့နယ်အလုပ်အမှုဆောင်တာဝန်နှင့် ပါတီတာဝန်များမှ ရပ်ဆိုင်းခဲ့ပြီး မရှေးမနှောင်းပင် ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခံခဲ့ရသည်။

ထိုစဉ်က ၎င်းနှင့်အတူ ဒဂုံမြို့နယ်အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကိုလည်း ပါတီစည်း ကမ်းဖောက်ဖျက်သည်ဆိုသည့်အကြောင်းပြချက်ဖြင့် ပါတီတာဝန်များရပ်ဆိုင်းခဲ့ပြီး မဲဆန္ဒ တူညီသည့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး တစ်ပြိုင်နက် အရေးယူခံရခြင်းလည်း ဖြစ်ခဲ့သည်။

ဒေါက်တာသက်သက်ခိုင်သည်NLD ပါတီဝင်အဖြစ်မှ နုတ်ထွက်စာကို ပါတီထံ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် အကြောင်းကြား ပေးပို့ခဲ့ကြောင်း သိရသည်။

၎င်း၏ ပါတီဝင်အဖြစ်မှ နုတ်ထွက်စာအပေါ် အောက်တိုဘာ၂၅ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင် ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးပြီးနောက်နုတ်ထွက် ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ပါတီပြောရေးဆို ခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က  The Daily Eleven သတင်းစာသို့ ပြောကြားထားသည်။

NLD ပါတီမှ နုတ်ထွက်ပြီးနောက်တွင် အောက်တိုဘာ၂၃ ရက်က နိုင်ငံရေးပါတီမှတ် ပုံတင်ရရှိခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီတွင် ပါဝင်မည်ဟု ဒေါက်တာသက်သက်ခိုင်က အတည်ပြုသည်။

ပြည်သူ့ရှေ့ဆောင်ပါတီတွင် စီးပွားရေး လုပ်ငန်းရှင်အများအပြားပါဝင်ကြောင်းနှင့် ပါတီနှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို မကြာမီ သတင်းစာရှင်းလင်း ပွဲပြုလုပ်၍ ရှင်းလင်းရန်ရှိကြောင်း ပါတီတည် ထောင်ရာတွင် ပါဝင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အောက်တိုဘာ၂၆ ရက်တွင် ပြောကြားထားသည်။


READ NEXT
Cancel OK