
၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၃)ရဲ့ ပထမနေ့ပွဲစဉ်တွေမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက အင်တာမီလန်အသင်းကို အိမ်ကွင်းမှာ (၃-၂)ဂိုးနဲ့အနိုင်ယူခဲ့သလို၊ အင်္ဂလန်ကလပ်အသင်း (၂)သင်းဖြစ်တဲ့ လီဗာပူးလ်၊ မန်စီတီးတို့ကလည်း ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ နောက်တစ်ဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။
အုပ်စုပွဲစဉ် (၃) ပထမနေ့ပွဲစဉ်မှာ ပရိသတ်စိတ်ဝင်စားဆုံးပွဲလို့ဆိုရမဲ့ ရီးယဲလ်မက်ဒရစ်နဲ့ - အင်တာမီလန်မီလန်ပွဲစဉ်ကတော့ (၂)သင်းစလုံးအတွက် အရေးပါတဲ့ပွဲစဉ်ပီပီ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အကြိတ်အနယ်ရှိတဲ့ပွဲတစ်ပွဲကို ခံစားခဲ့ရတာပါ။
ရီးယဲလ်မက်ဒရစ်ရော အင်တာမီလန်အသင်းပါ အုပ်စုအဖွင့်ပွဲစဉ် (၂)ပွဲမှာ နိုင်ပွဲကိုယ်စီပျောက်ထားကြလို့ အခုပွဲစဉ်မှာ အနိုင်ရရှိရေးအတွက် အားကုန်ရုန်းကန်ခဲ့ကြပြီး ရီးယဲလ်မက်ဒရစ်အသင်းက အဖိုးတန်နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်အတွက်မျှော်လင့်ချက်ပြန်လည်အားကောင်းသွားခဲ့တယ်လို့ ဆိုရမယ်။
ကစားသမားဘဝမှာ အသင်းဖော်တွေအဖြစ် လက်တွဲညီခဲ့ကြတဲ့ ရီးယဲလ်နည်းပြ ဇီဒန်းနဲ့ အင်တာမီလန်နည်းပြ ကွန်တီတို့ရဲ့နည်းဗျူဟာပြိုင်ဆိုင်မှုကိုပါမြင်ခဲ့ရပြီး ဟာကွက်များခဲ့တဲ့ အင်တာမီလန်ခံစစ်အမှားတွေကို ရီးယဲလ်အသင်းအကောင်းဆုံးအသုံးချပြီး နိုင်ပွဲရယူခဲ့တာပါ။
ပွဲစကတည်းက ရီးယဲလ်အသင်း အင်တာမီလန်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့အတူ ဖိအားပေးကစားဖို့ကြိုးစားခဲ့ပေမဲ့ အင်တာမီလန်အသင်းရဲ့တုံ့ပြန်မှုတွေကို ရီးယဲလ်ကိုမလွယ်ကူစေခဲ့ပါဘူး။
ဒါကြောင့်လည်း ပွဲအစပိုင်းမိနစ်တွေမှာ အင်တာမီလန်အသင်းအခွင့်အရေးတွေရခဲ့ပြီး အသုံးမချနိုင်ခဲ့လို့သာ အဖွင့်ဂိုးနဲ့ဝေးခဲ့ရတာပါ။ ရီးယဲလ်အသင်းကတော့ ပွဲချိန်ကြာလာတာနဲ့အမျှ ကစားကွက်ပြန်တည်လာနိုင်ခဲ့ပြီး ဟာဇက်၊ ဘန်ဇီမာ၊ အဆန်စီယိုတို့ရဲ့ တိုက်စစ်တွဲက အင်တာမီလန်အသင်းကို ဖိအားပေးလာနိုင်ခဲ့ပါတယ်။
ပွဲချိန် (၂၅)မိနစ်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းအဖွင့်ဂိုးရသွားခဲ့ပြီး အင်တာမီလန်အသင်းရဲ့ ခံစစ်အမှားကတစ်ဆင့် ဘန်ဇီမာက ဂိုးသမား ဟန်ဒါနိုဗစ်ကို လိမ်ခေါက်ကျော်ဖြတ်ပြီး သွင်းယူခဲ့တာပါ။
အဖွင့်ဂိုးရပြီးချိန်မှာ ရီးယဲလ်ကစားပုံပိုတက်လာခဲ့ပြီး အင်တာမီလန်အသင်းကတော့ တန်ပြန်တိုက်စစ်တွေကတစ်ဆင့် ချေပဂိုးရဖို့ကြိုးစားခဲ့ပါတယ်။ ပွဲချိန် (၃၅)မိနစ်မှာတော့ ရီးယဲလ်အသင်းဒုတိယဦးဆောင်ဂိုးရသွားခဲ့ပြီး တိုနီကရို့စ်ရဲ့ထောင့်ကန်ဘောပေးပို့မှုကနေ ရာမို့စ်ကခေါင်းတိုက်သွင်းယူခဲ့တာပါ။
ဒါပေမဲ့ ဆက်တိုက်ဆိုသလိုပဲ ပွဲချိန် (၃၅)မိနစ်မှာ ဘာရယ်လာရဲ့ပေးပို့မှုကနေ လော်တာရိုမာတီနက်ဇ်က အင်တာမီလန်အသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့လို့ ပွဲကအကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။
ပထမပိုင်းမှာတော့ (၂-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန်တုံ့ပြန်မှုတွေနဲ့အတူ ဂိုးရဖို့ကြိုးစားလာခဲ့လို့ ပွဲကအကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။ နှစ်သင်းစလုံးဂိုးရဖို့နီးစပ်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့လို့ အသီးသီးနစ်နာခဲ့ကြပါတယ်။
ဒုတိယပိုင်းမိနစ် (၆၀)ကျော်မှာတော့ တိုက်စစ်ပိုင်းကစားပုံတဖြည်းဖြည်းအေးစက်လာခဲ့ရီးယဲလ်အသင်း ဗင်နီစီယပ်စ်၊ ရိုဒရီဂိုတို့ကိုထည့်သွင်းပြီး အပြောင်းအလဲလုပ်ပြီးချိန်မှာ တိုက်စစ်ပိုင်းကစားကွက်ပိုမြိုင်လာခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒါပေမဲ့ပွဲချိန် (၆၈)မိနစ်မှာတော့ အင်တာမီလန်အသင်း ဒုတိယချေပဂိုးရသွားခဲ့ပြီး မာတီနက်ဇ်ရဲ့ပေးပို့မှုကနေ ပါရီဆစ်က သွင်းယူပေးခဲ့တာပါ။
(၂-၂)ဂိုးဖြစ်သွားချိန်မှာ ပွဲရဲ့အရှိန်ကပိုမြင့်လာခဲ့ပြီး နှစ်သင်းစလုံးအနိုင်ရဖို့အရေးတကြီးလိုအပ်နေလို့ အနိုင်ဂိုးအတွက်အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပါတယ်။
ကံကောင်းသွားခဲ့တာကတော့ အိမ်ရှင်ရီးယဲလ်ဖြစ်ပြီး လူစားဝင်ကစားသမား(၂)ဦးဖြစ်တဲ့ ဗင်နီစီယပ်စ်ရဲ့ပေးပို့မှုကနေ ရိုဒရီဂိုက အင်တာမီလန်ဂိုးစည်းထဲမှာ လှလှပပကန်သွင်းအဆုံးသတ်ပေးခဲ့တာပါ။
လက်ကျန်မိနစ်မှာ အင်တာမီလန်အသင်းချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ရီးယဲလ်အသင်းကို အနိုင်ကိုထိန်းချုပ်ကစားသွားခဲ့လို့ ပွဲအပြီးမှာတော့ (၃-၂)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး နည်းပြဇီဒန်းအတွက်လည်း ဖိအားအနည်းငယ်လျော့စေခဲ့ပါတယ်။
အုပ်စုပွဲစဉ် (၃)ပွဲကစားပြီးချိန်မှာ နိုင်ပွဲမရသေးတဲ့အင်တာမီလန်အသင်းကတော့ နောက်တစ်ဆင့်တက်ဖို့ ရုန်းကန်ရတော့မှာဖြစ်ပြီး လက်ကျန် (၃)ပွဲမှာ အမှားအယွင်းမရှိမှသာ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။
အခြားပွဲစဉ်တွေမှာတော့ အင်္ဂလန်ကလပ်အသင်း (၂)သင်းဖြစ်တဲ့ လီဗာပူးလ်၊ မန်စီးတီးတို့ ဂိုးပြတ်နိုင်ပွဲတွေနဲ့အတူ အုပ်စုတွင်းရာနှုန်းပြည့်နိုင်ပွဲနဲ့ ရှေ့ဆက်ခဲ့ကြပါတယ်။
စီးရီးအေကလပ် အတ္တလန်တာအသင်းကို အဝေးကွင်းမှာ (၅-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ လီဗာပူးလ်ရဲ့စွမ်းဆောင်ရည်က ချီးကျူးစရာဖြစ်ခဲ့ပြီး ဒီယေဂိုယိုတာကတော့ ဟက်ထရစ်သွင်းဂိုးနဲ့အတူ နည်းပြကလော့ပ်ရဲ့ယုံကြည်မှုကို ရယူနိုင်ခဲ့တယ်လို့ဆိုရပါမယ်။
ဆာလာ၊ မာနေ၊ ယိုတာတို့နဲ့ လီဗာပူးလ်ရဲ့တိုက်စစ်အတွဲအဖက်က မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပြီး (၃)ဦးစလုံးဂိုးသွင်းနိုင်ခဲ့တာကလည်း ကျေနပ်စရာပါပဲ။
တိုက်စစ်အားကောင်းတဲ့အတ္တလန်တာအသင်းကတော့ ဒီနေ့ပွဲမှာ လီဗာပူးလ်ရဲ့ခံစစ်ကို ဖိအားပေးမှုတချို့လုပ်နိုင်ခဲ့ပေမဲ့ ဂိုးရနိုင်တဲ့အထိတော့မစွမ်းဆောင်နိုင်ခဲ့သလို၊ ဂိုးရဖို့နီးစပ်တဲ့အခွင့်အရေးတချို့လည်းလွဲချော်ခဲ့လို့ ချေပဂိုးနဲ့ဝေးခဲ့တာပါ။
အီတလီမြေမှာဖြစ်ပေမဲ့ လီဗာပူးလ်အသင်းကပဲ ကစားကွက်အားကောင်းကောင်းနဲ့ ပွဲအစပွဲအဆုံးထိန်းချုပ်ကစားသွားခဲ့ပြီး အုပ်စုတွင်း (၃)ပွဲကစား (၃)ပွဲနိုင် ပေးဂိုးမရှိရလဒ်နဲ့အတူ နောက်တစ်ဆင့်အတွက်ခြေတစ်ဖက်လှမ်းခဲ့ပြီလို့ဆိုရပါမယ်။
လီဗာပူးလ်အတွက်ဂိုးတွေကို (၁၆)မိနစ်၊ (၃၃)မိနစ်နဲ့ (၅၄)မိနစ်တွေမှာ ဒီယေဂိုယိုတာ၊ (၄၇)မိနစ်မှာ ဆာလာနဲ့ (၆၉)မိနစ်မှာ မာနေတို့ကသွင်းယူခဲ့တာပါ။
ဒါ့အပြင် လီဗာပူးလ်အသင်းထပ်မံရရှိတဲ့အခွင့်အရေးအချို့ကို အသုံးမချနိုင်ခဲ့လို့သာ အတ္တလန်တာအသင်းအိမ်ကွင်းမှာ ဒီထက်ပိုပြီး မျက်နှာမပျက်ခဲ့ရတာလို့ဆိုရပါလိမ့်မယ်။
နောက်ထပ်ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက အိမ်ကွင်းမှာ အိုလံပီယာကော့စ်အသင်းကို (၃-၀)ဂိုးနဲ့ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ သွင်းဂိုးနည်းနေတဲ့ တိုက်စစ်ပိုင်းကြောင့် ဖိအားများနေတဲ့ မန်စီးတီးအသင်းအတွက်တော့ ကျေနပ်စရာနိုင်ပွဲဖြစ်ခဲ့ပြီး ဒဏ်ရာကပြန်လည်သက်သာလာတဲ့ လူစားဝင်တိုက်စစ်မှူး ဂျေဇူးဂိုးသွင်းနိုင်ခဲ့တာကလည်း ဂွါဒီယိုလာအတွက်ကျေနပ်စရာလို့ဆိုရပါမယ်။
ဒီနိုင်ပွဲကြောင့် မန်စီးတီးအသင်းကလည်း လီဗာပူးလ်အသင်းလိုဘဲ အုပ်စုတွင်းပွဲစဉ် (၃)ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်အတွက်အခြေအနေကောင်းခဲ့ပြီလို့ဆိုရမှာဖြစ်ပြီး အင်္ဂလန်ကလပ်အသင်းတွေကတော့ ချန်ပီယံလိဂ်မှာ နိုင်ပွဲဆက်မှုတွေနဲ့အတူ ရပ်တန့်ရခက်နေဆဲပါပဲ။
မန်စီးတီးအသင်းအတွက်ဂိုးတွေကို (၁၂)မိနစ်မှာ ဖယ်ရန်တောရက်စ်၊ (၈၁)မိနစ်မှာ ဂျေဇူးနဲ့ မိနစ် (၉၀)မှာ ကန်ဆယ်လိုတို့ကသွင်းယူပေးခဲ့ပါတယ်။ ဖယ်ရန်တောရက်စ်ကတော့ မန်စီးတီးအသင်းအတွက် ကစားခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် (၃)ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ဗလင်စီယာအသင်းနဲ့သွင်းဂိုးပါထည့်တွက်ရင်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၄)ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
မန်စီးတီးအသင်းနောက်ထပ်ဂိုးရနိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့သလို အိုလံပီယာကော့စ်ခံစစ်ပိုင်းက အကောင်းဆုံးတုံ့ပြန်ခဲ့လို့ ဒီထက်ပိုပြီးဂိုးမပြတ်ခဲ့တာပါ။
ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၃)ရဲ့ ပထမနေ့ပွဲစဉ်တွေကတော့ ဂိုးတွေမြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းက အဝေးကွင်းမှာ ဆာလ်ဘာ့ဂ်အသင်းကို (၆-၂)ဂိုးနဲ့အနိုင်ယူခဲ့သလို မိုချန်ဂလာဘတ်အသင်းကလည်း ရှက်တာဒိုးနက်အသင်းကို အဝေးကွင်းမှာ (၆-၀)ဂိုးနဲ့အနိုင်ယူခဲ့တဲ့ပွဲတွေကလည်း ဖျော်ဖြေမှုအပြည့်ပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။
■ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၃) ရလဒ်
လိုကိုမိုးတစ်မော်စကို ၁-၁ အက်သလက်တီကို
ရှက်တာဒိုးနက် ၀-၆ မိုချန်ဂလာဘတ်
ဆာလ်ဇ်ဘာ့ဂ် ၂-၆ ဘိုင်ယန်မြူးနစ်
ရီးယဲလ်မက်ဒရစ် ၃-၂ အင်တာမီလန်
မန်စီးတီး ၃-၀ အိုလံပီယာကော့စ်
ပေါ်တို ၃-၀ မာဆေးလ်
မစ်ဂျီလန်း ၁-၂ အေဂျက်စ်
အတ္တလန်တာ ၀-၅ လီဗာပူးလ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်