Top News

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Bar နှင့်စားသောက်ဆိုင်များတွင် Unplugged သီဆိုဖျော်ဖြေမှုများ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာက ညွှန်ကြား
24htopnews | January 4, 2025 9:12 AM CST

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Bar နှင့် စားသောက်ဆိုင်များတွင် Unplugged သီဆိုဖျော်ဖြေမှုများ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း ဇူလိုင် ၆ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော Bar နှင့် စားသောက်ဆိုင်များတွင် Unplugged သီဆိုဖျော်ဖြေမှုအစီအစဉ်များ ဇူလိုင် ၅ ရက်မှစ၍ ရပ်ဆိုင်းထားရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားခဲ့ပြီး  သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက သက်ဆိုင်ရာမြို့နယ်အတွင်းရှိ Bar နှင့်စားသောက်ဆိုင်များတွင် Unplugged သီဆိုဖျော်ဖြေမှုများ ရပ်ဆိုင်းထားရန် အသိပေးပြီး ခံဝန်လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

'' မနေ့က ညနေလောက်မှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကနေ ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို Bar နဲ့ စားသောက်ဆိုင်တွေမှာ  သီဆိုဖျော်ဖြေနေတဲ့ Unplugged တွေကို  ရပ်ဆိုင်းထားရန် အကြောင်းကြားတယ်။  မနေ့ကပဲ ကျွန်တော် 

ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့က စားသောက်ဆိုင်နှစ်ဆိုင်ကို သွားရောက်အကြောင်းကြားတယ်။ ခံဝန်ထိုးခိုင်းတယ်။ စားသောက်ဆိုင်တွေက ပုံမှန်အချိန်တိုင်း ဖွင့်လှစ်လို့ရတယ်။  အဓိက Unplugged ဖျော်ဖြေမှုအစီအစဉ်တွေ ရပ်ဆိုင်းထားခိုင်းတာပါ '' ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း " မနေ့က တောင်ဥက္ကလာမှာရှိတဲ့ ဆိုင်ပိုင်ရှင်တွေကို ခေါ်တွေ့တယ်။ သူတို့ကို ရှင်းပြတယ်။ ဘာကြောင့်ရပ်ဆိုင်းရသလဲဆိုတာက ဒီUnplugged တွေက လိုင်စင်မရှိဘူး။ စားသောက်ဆိုင်က လိုင်စင်ရှိတယ်။ ပုံမှန်အတိုင်း ဖွင့်လို့ရတယ်။ ဒါက ကျွန်တော်တို့ မြို့နယ်တခုတည်း မဟုတ်ဘူး။ ဒါတွေကို ရပ်ဆိုင်းပေးဖို့ မြို့နယ်တိုင်းကို ညွှန်ကြားထားတာပါ" ဟု ပြောကြားသည်။ 

အဆိုပါညွှန်ကြားမှုထွက်ပေါ်လာခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ နာမည်ကြီး Bar နှင့်စားသောက်ဆိုင်များက ၄င်းတို့စီစဉ်ထားသည့် Unplugged သီဆိုဖျော်ဖြေမှုများကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင်

ကြော်ငြာထားသည်ကို တွေ့ရသည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပစက်မှုဇုန်အတွင်း ဖွင့်လှစ်ထားသည့် The Beer Bar Live Music Theater က '' The Beer Bar ကို ချစ်ခင်အားပေးကြသော Customer များရှင့်။  ကျွန်မတို့ရဲ့ ယနေ့ညပွဲလေးအကြောင်းအမျိုးမျိုးကြောင့် 

အကန့်အသတ်မရှိရွှေ့ဆိုင်းထားပါသောကြောင့် Ticket ဝယ်ပြီးထားသော Customer များကို ကျွန်မတို့ Reservation Department  မှ ဆက်သွယ်ပီး refund ကိစ္စလေး ပြန်လုပ်ပေးဖို့ စီစဉ်ဆောင်ရွက်ပေးနေပါပြီရှင်။ ကျေးဇူးတင်ပါတယ်ရှင် '' ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြော်ငြာထားသည်။

ထို့ပြင် ရန်ကုန်ဘူတာကြီးဘေး အောင်ဆန်းကွင်းမျက်နှာချင်းဆိုင်တွင် ဖွင့်လှစ်ထားသည့် The Heart Of Rangoon-THOR က '' ချစ်ခင်ရသည့် ဧည့်ပရိသတ်များအတွက် ယနေ့ဆိုင်ဖွင့်ပါသည်။ ယခင်ပါဝင်နေကြ 𝐋𝐢𝐯𝐞 𝐌𝐮𝐬𝐢𝐜 𝐁𝐚𝐧𝐝 အစီအစဉ်များကို ခေတ္တခဏ ရက်ရွှေ့ဆိုင်းထားပါသော်လည်း စားသောက်ဖွယ်ရာများကို လာရောက်အားပေးသုံးဆောင်နိုင်ပါကြောင်း ချစ်ခင်စွာအသိပေးအပ်ပါသည် " ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြော်ငြာထားသည်။


READ NEXT
Cancel OK