Top News

မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ၁၂ ရက်မြောက်နေ့အဖြစ် မီးလင်းရွှေ တစ်ကျပ်သား ကျပ်သိန်း ၃၀ ဖြင့် ဆက်လက်ရောင်းချ
24htopnews | January 4, 2025 9:12 AM CST

မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ၁၂ ရက်မြောက်နေ့အဖြစ် မီးလင်းရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ ဖြင့် ဆက်လက်ရောင်းချလျက်ရှိကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နောက်ရက်တွေမှာလည်း ဆက်တိုက် ရောင်းချပေးမယ်။ စျေးကျရင်ကျသလို ရောင်းပေးမယ်”ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြင်ပပေါက်စျေး ကျဆင်းလာသဖြင့် မီးလင်းရွှေ တစ်ကျပ်သား ကျပ်သိန်း ၃၀ ဖြင့် ဇူလိုင် ၄ ရက်မှ စတင်ကာ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ရောင်းချနေခြင်း ဖြစ်သည်။

၁၁ ရက်မြောက်နေ့ဖြစ်သည့် ဇူလိုင် ၄ ရက်တွင် ပြင်ပရွှေပေါက်စျေး ကျဆင်းလာသဖြင့် ယခင်ရက်များက ကျပ်သိန်းသုံးဆယ် သုံးသောင်းနှုန်းဖြင့် ရောင်းချနေရာမှ ကျပ် သိန်း ၃၀ နှုန်းသို့ စျေးလျှော့ရောင်းချခဲ့ခြင်း ဖြစ်သည်။

“လူကတော့ အရင်အတိုင်းပဲ လာဝယ်တဲ့သူ များပါတယ်”ဟု မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၁၀ ရက်မြောက်နေ့အဖြစ် မီးလင်းရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ် သုံးသောင်းနှုန်းဖြင့် ရောင်းချခဲ့ရာ ယခင်နေ့များထက် လာရောက်ဝယ်ယူသူ ပိုများခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရွှေလာဝယ်ယူသူ များပြားလာသဖြင့် ဝယ်ယူမှုများကို သေချာစစ်ဆေးမည်ဖြစ်ကြောင်း၊ မမှန်မကန် ဝယ်ယူမှုများ၊ နေရာဦးရောင်းစားခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်သည်ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည်။

ဇွန် ၁၉ ရက် မွန်းလွဲပိုင်းမှစ၍ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက မီးလင်းရွှေများကို တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ် ငါးသောင်းနှုန်းဖြင့် စတင်ရောင်းချပေးခဲ့သည်။

ဇွန် ၂၀ ရက်တွင်ရောင်းချပေးသည့် စျေးနှုန်းအနေဖြင့် ရွှေတစ်ကျပ်သား ကျပ်သိန်းသုံးဆယ် လေးသောင်းနှုန်းဖြစ်ပြီး ဇွန် ၂၁ ရက်နှင့် ဇွန် ၂၂ ရက်တွင် ကျပ်သိန်းသုံးဆယ် သုံးသောင်းငါးထောင်၊ ဇွန် ၂၃ ရက်တွင် ကျပ်သိန်းသုံးဆယ် သုံးသောင်းနှုန်းဖြင့် စျေးထပ်မံလျှော့ချ ရောင်းချခဲ့ခြင်းဖြစ်သည်။

စတင်ရောင်းချသည့် ဇွန် ၁၉ ရက်တွင် လာရောက်ဝယ်ယူသူ ၅၀ ရှိပြီး ဇွန် ၂၀ ရက် နှင့် ဇွန် ၂၁ ရက်တို့တွင် လူ ၆၀ ကျော် လာရောက်ဝယ်ယူခဲ့ကြောင်း၊ ဇွန် ၂၂ ရက်တွင် လာရောက်ဝယ်ယူသူ ၁၀၀ နီးပါးရှိခဲ့သည်။

အသင်းတွင် ရွှေဝယ်ယူမည်ဆိုပါက အသင်းသားမှလွဲ၍ မည်သူမဆို လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ပြီး အိမ်ထောင်စုဇယား၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူယူဆောင်လာရမည်ဖြစ်ကြောင်း၊ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ရွှေစျေးနှုန်းများ မြင့်တက်နေသဖြင့် မန္တ လေးတိုင်းနှင့် ရန်ကုန်တိုင်းမှ ရွှေလုပ်ငန်းရှင် အချို့အား သက်ဆိုင်ရာက ခေါ်ယူမေးမြန်း ဆွေးနွေးမှုများ ရှိခဲ့သည်။ မန္တလေးမြို့ရှိ ရွှေ လုပ်ငန်းရှင် ၁၂ ဦးအား ဇွန် ၁၅ ရက်တွင် စတင်ခေါ်ယူမေးမြန်းခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့တွင် ဇွန် ၁ ရက်မှ ဇွန် ၂ ရက် အထိ ရွှေနှင့် ငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဗဟိုဘဏ်၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် အခြားသော သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သည့်အဖွဲ့များက မြေပြင်တွင် သွားရောက်စစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ပြီးခဲ့သည့်နှစ် အောက်တိုဘာလပိုင်းတွင် ရွှေတစ်ကျပ်သား ကျပ်၂၅ သိန်း လေးသောင်းနှုန်းဖြင့် မီးလင်းရွှေ ခုနစ်ပိဿာ ကို လူတစ်ဦးလျှင် ရွှေ ၁၀ ကျပ်သားနှုန်းဖြင့်  ရောင်းချပေးခဲ့သည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းကလည်း အောက်တိုဘာလပိုင်းမှာပင် အလုပ်အမှုဆောင်နှင့် အသင်းဝင် ၂၄ ဦးက မီးလင်းရွှေအတုံးအခဲ ၁၂၇၇ ကျပ်သားကို နှစ်ရက်ဆက်တိုက် ရောင်းချပေးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK