Top News

မြန်မာ့ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဂျပန်အစိုးရအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်ပူးပေါင်းဆောင်ရွက်မည်ဟု NCA-S EAO ခြောက်ဖွဲ့ ထုတ်ပြန်
24htopnews | January 4, 2025 9:12 AM CST

မြန်မာ့ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးတို့အတွက် ဂျပန်အစိုးရ အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌဆာဆာကာဝါနှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ခြောက်ဖွဲ့က သတင်း ထုတ်ပြန်သည်။

မြန်မာပြည် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဂျပန်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါကို တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယင်းလုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် NCA-S EAO ခုနစ်ဖွဲ့က ထောက်ခံကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥက္ကဋ္ဌ ဆာဆာကာဝါ ဦးဆောင်သည့်  နီပွန်ဖောင်ဒေးရှင်းသည် တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးအတွက် မြို့သစ်စီမံကိန်းများ ထောက်ပံ့ခြင်း၊ စာသင်ကျောင်းများ ထောက်ပံ့ခြင်း၊ ဆေးရုံများ ထောက်ပံ့ခြင်းအပြင် လူသားချင်းစာနာမှုအကူအညီများတွင် NCA-S EAO ခုနစ်ဖွဲ့၏ နယ်မြေများတွင် အခြေခံရိက္ခာဆန်ဖြန့်ဝေပေးမှုကို ၂၀၂၂-၂၃ ခုနစ်အတွင်း ဆန်အိတ်ရေ ၆၄,၀၀၀ ဖြန့်ဝေနိုင်ခဲ့ပြီး ၂၀၂၃-၂၄ အတွက်လည်း ဆက်လက်ဖြန့် ဝေနိုင်ရန် စီစဉ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။       

ထို့ကြောင့် ယခင်အစိုးရအဆက်ဆက် ကတည်းက မိမိတို့တိုင်းရင်းသားနယ်မြေအတွင်းရှိ IDPs များ၊ စစ်ပြေးစစ်ရှောင်များနှင့် ဒုက္ခသည်များကို ကူညီပံ့ပိုးပေးနေသည့် ဥက္ကဋ္ဌဆာဆာကာဝါနှင့် နီပွန်ဖောင်ဒေးရှင်းအပေါ် တက်ကြွလှုပ်ရှားသူဟုဆိုသော ပုဂ္ဂိုလ်အချို့၏ တိုက်ခိုက်ထိုးနှက်နေမှုအပေါ်  NCA-S EAO ခုနစ်ဖွဲ့အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအချိန်သည် ပဋိပက္ခဒဏ်ခံစားနေရသော တိုင်းရင်းသား ပြည်သူများ၏ အကျိုးအတွက် နီပွန်ဖောင်ဒေးရှင်းနှင့် ဥက္ကဋ္ဌဆာဆာကာဝါအား အပြည့်အဝထောက်ခံကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NCA-S EAO တိုင်းရင်းသားလက်နက်ကိုင် ခြောက်ဖွဲ့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် NCA-S EAO တိုင်းရင်းသားလက်နက်ကိုင်ခြောက်ဖွဲ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


READ NEXT
Cancel OK