Top News

UNIDO စက်မှုဖွံ့ဖြိုးရေးဘုတ်အဖွဲ့၏ (၅၁) ကြိမ်မြောက် အစည်းအဝေးတွင် ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်ဆွေးနွေး
24htopnews | January 4, 2025 9:12 AM CST

သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (United Nations Industrial Development Organization-UNIDO) အောက်ရှိ စက်မှုဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (Industrial Development Board-IDB) ၏ (၅၁) ကြိမ်မြောက် အစည်းအဝေးကို Vienna International Centre ၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ် တာဝန်ခံ သံမှူး ဦးရဲမောင်သိမ်းတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေး၏ ပထမနေ့ အစီအစဉ်အရ UNIDO ညွှန်ကြားရေးမှူးချုပ်၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာခေါင်းစဉ်အောက်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆွေးနွေးပြောကြားရာ၌ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် စက်မှုကဏ္ဍမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများတွင် စီးပွားရေးနှင့် လူမှုရေး တိုးတက်သာယာရေးအတွက် UNIDO ၏ ဦးဆောင်ပံ့ပိုးဆောင်ရွက်ပေးနေမှုများအပေါ် အသိအမှတ်ပြုပါကြောင်း၊ UNIDO က ပေးအပ်သည့် နည်းပညာအကူအညီများ၊ မူဝါဒဆိုင်ရာ အကြံပြုချက်များနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များသည် အဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအတွက် များစွာအရေးပါေကာင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအဆင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် ချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တာဝန်ကျေပွန်သော အဖွဲ့ဝင်နိုင်ငံပီသစွာဖြင့် UNIDO သို့ နှစ်စဉ်ကြေးများ ပုံမှန်ထည့်ဝင်လျက် ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ UNIDO နှင့် အလှူရှင်နိုင်ငံများအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများကို ကူညီပံ့ပိုးရာတွင် ကုလသမဂ္ဂ၏ “Leave No One Behind” မူအတိုင်း မည်သည့်နိုင်ငံကိုမျှ နောက်ချန်မထားသင့်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်စေရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး၊ UNIDO နှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုလျက် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ယင်းအစည်းအဝေးကာလအတွင်း ၅-၇-၂၀၂၃ ရက်၊ ညနေပိုင်းတွင် VIC ၌ UNIDO က ကျင်းပသည့် Culture Event နှင့်ဧည့်ခံပွဲသို့လည်း တက်ရောက်ခဲ့ပါသည်။ 

ယခုကျင်းပခဲ့သည့် IDB  အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဓိကအားဖြင့် UNIDO ၏ ၂၀၂၂ခုနှစ်အတွင်း ဆောင်ရွက်ချက်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နည်းပညာပိုင်း ကူညီပံ့ပိုးမှု တိုးမြှင့်ပေးရေး၊ ၂၀၂၄-၂၀၂၅ နှစ် ဘတ်ဂျက်အသုံးစရိတ်ကိစ္စ၊ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အောင်မြင်စေရန် ပံ့ပိုးဆောင်ရွက်နေမှု၊ ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်ရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ ရာသီဥတုထိခိုက်မှု နည်းပါးစေမည့် စက်မှုကဏ္ဍနှင့် Circular Economy ဖြစ်ပေါ်လာရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


READ NEXT
Cancel OK