Top News

ချောင်းဦးမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး သီလရှင်တစ်ပါးအပါအဝင် ရှစ်ဦး ဒဏ်ရာရရှိ
24htopnews | January 4, 2025 11:12 AM CST

ချောင်းဦးမြို့နယ်တွင် ခရီးသည်တင် ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး သီလရှင်တစ်ပါးအပါအဝင် ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၃၀ ရက် နံနက် ၁၀ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာနေ ကိုသက်နိုင်ဖြိုး (၃၂ နှစ်)မောင်းနှင်ပြီး တစ်ရွာတည်းနေ ယာဉ်နောက်လိုက်ဖြစ်သူ မောင်ဇော်ဖြိုးနိုင် (၁၅ နှစ်) လိုက်ပါလျက် ခရီးသည်များ တင်ဆောင်လာသည့် ‘ရွှေသင်္လာ’ ခရီးသည်တင်ယာဉ်လိုင်းမှ မော်တော်ယာဉ်သည် မန္တလေးမြို့မှ ရေစကြိုမြို့သို့ ထွက်ခွာလာစဉ် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအဝင် တံတားအနီးအရောက်၌ PDF အဖွဲ့အင်အား (စိစစ်ဆဲ)က လက်လုပ်မိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် အဆိုပါခရီးသည်တင်မော်တော်ယာဉ်၏ကိုယ်ထည်နှင့် လေကာမှန်များ မိုင်းစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် သီလရှင်ဆရာလေး ဒေါ်ပညာဝတီ (ခ) မမြတ်နိုး (၁၄ နှစ်)၊ ယာဉ်မောင်း ဦးသက်နိုင်ဖြိုး၊ ယာဉ်နောက်လိုက် မောင်ဇော်ဖြိုးနိုင်၊ ဒေါ်ညွန့်ရွှေ (၅၃ နှစ်)၊ ဒေါ်ဝင်းဌေး (၅၂ နှစ်)၊ ဒေါ်မာမာချို (ခ) ခင်မာချို (၅၂ နှစ်)၊ ဒေါ်ဌေးဝင်း (၄၈ နှစ်)နှင့် မအိခိုင် (၂၄ နှစ်)တို့တွင် မိုင်းစထိ မှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထိုသို့အရပ်သားများ စီးနင်းလိုက်ပါလာသည့် ခရီးသည်တင်မော်တော်ယာဉ်ကို မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သူများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည် ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK