Top News

ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အသစ်ဆောက်လုပ်နေသည့် အဆင့်မြင့်ခုနစ်ထပ်ဆောင်တွင် သွေးနှင့် သွေးကင်ဆာရောဂါကုသဆောင်၊ ရိုးတွင်းချဉ်ဆီ အစားထိုးကုသဆောင်ကို ထည့်သွင်းမည်
24htopnews | January 4, 2025 11:12 AM CST

ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အသစ်ဆောက်လုပ်နေသည့် အဆင့်မြင့်ခုနစ်ထပ်ဆောင်တွင် သွေးနှင့် သွေးကင်ဆာရောဂါကုသဆောင်၊ ရိုးတွင်းချဉ်ဆီ အစားထိုးကုသဆောင်ကို ထည့်သွင်းမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

ဆောက်လုပ်လျက်ရှိသည့် ခုနစ်ထပ်ဆောင်တွင် ပုံမှန်ဆေးကုသဆောင်များအပြင် သွေးနှင့် သွေးကင်ဆာရောဂါလူနာများ ဆေးကုသမှုခံယူနိုင်ရန်အတွက် သွေးနှင့် သွေးကင် ဆာရောဂါကုသဆောင်၊ ရိုးတွင်းချဉ်ဆီ အစားထိုးကုသဆောင်ကို ထည့်သွင်းစီစဉ်သွားမည်ဖြစ်ကြောင်း၊ သင်ကြားရေးဆေးရုံဖြစ်သည့် အတွက် စာသင်ခန်းများကိုလည်း အရည်အသွေးပြည့်မီအောင် ဆောက်လုပ်သွားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာပါမောက္ခ/ဌာနမှူးများအနေဖြင့် အဆောက်အဦအထူးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အကြံဉာဏ်ပေးစေလိုကြောင်း၊ အဆောက်အဦ တည်ဆောက်မှုလုပ်ငန်း မြန်မြန်ပြီးစီးပါက ပြည်သူများအတွက် မြန်မြန်အကျိုးရှိမည်ဖြစ်သည့်အတွက် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာတစ်နိုင်ငံလုံးက ပြည်သူများ အားကိုးအားထားရသည့် ဆေးရုံကြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဆောက်လုပ်လျက်ရှိသည့် အဆင့်မြင့်(၇)ထပ်ဆောင်ကို အရည်အသွေးအကောင်းဆုံးဖြစ်အောင် ဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအားလုံးကို စံကိုက် အရည်အသွေးပြည့်မီအောင် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်သွားရန်လိုကြောင်း၊ သို့မှသာ ပြည်သူလူထုအနေဖြင့် စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများကလည်း အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် (၇)ထပ်ဆောင်ကို အစိုးရမှ ကျပ်  ၂၁ ဒသမ ၈၉ရဘီလျံ အကုန်ကျခံ ဆောက်လုပ်ပေးလျက်ရှိကာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK