
၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် မိုဘိုင်းငွေကြေးစျေးကွက်အတွင်း စတင်ဝင်ရောက်လာခဲ့ပြီး စတင်အပြီး ခြောက်လအတွင်းမှာပင် သုံးစွဲသူတစ်သန်းပြည့်မြောက်ခဲ့သည့် K Pay မှာ ခြောက်နှစ်နီးပါး အကြာ၌သုံးစွဲသူများအကြား ယုံကြည်မှုအတွက် မေးခွန်းထုတ်ခံနေရပြီဟု ဆိုရမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နောက်ပိုင်းတွင် K Pay သုံးစွဲသူအချို့၏ အကောင့်များမှ ငွေကြေးများကို ပိုင်ရှင်မသိဘဲ ခိုးယူခံရခြင်းမှာ ဆက်တိုက်နီးပါးဖြစ်ပွားခဲ့သည်။
“ ဒီနေ့ထီပေါက်ပါတယ်။ လင်မယား၂ ယောက်အိမ်မှာ TV ထိုင်ကြည့်နေတာအကောင်း။ ကိုဝဏ္ဏက Deli ဖုန်းဆက်လို့ဆင်းယူခါမှ သူ့ဖုန်းထဲကို ဒီလို SMS တွေဝင်လာတယ် မိန်းမရေ လက်တဖက်ကမအားဘူး။ ယူကြည့်ပါဦးဆိုတော့ အသဲအသန် ကေပေးဖွင့်ကြည့်တော့ လူကိုဟိုက်ခနဲပဲ ဘာOTP ဘာ SMS Code မှ မပေးရပဲ K Pay ထဲက ၁၀ သိန်း ၂ ကြောင်းကထွက်နေတာ။ ရိုးရိုးမဟုတ်ဘူးနော် ချိတ်ထားတဲ့ Banking ထဲက ၁၀ သိန်း ၂ ခါ ဆွဲယူထားတာ”ဟု K Pay အ ကောင့်ထဲမှာ ငွေကြေးများ ရယူခံလိုက်ရသည့် အကောင့်ပိုင်ရှင်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ယင်းကဲ့သို့ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၉ ရက် နှင့် ဒီဇင်ဘာ ၃၀ ရက် ညပိုင်းများတွင် ဖြစ်ပွားခဲ့ပြီး K Pay သုံးစွဲသူအချို့၏ အကောင့်များမှငွေကြေးများကို မသမာသူများ၏ ရယူခံလိုက်ရခြင်းဖြစ်သည်။
ယခင်က ဖုန်းများအတွင်းအက်ပလီကေးရှင်းအချို့ထည့်သွင်းထားရာတွင် ယင်းအက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းသုံးစွဲသူ၏အချက်အလက်များကို ရယူကာ မိုဘိုင်းငွေကြေးဆော့ ဝဲလ်များအတွင်းဝင်ရောက်ပြီး ငွေကြေးများကို ထုတ်ယူခဲ့သည့် ဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့သော်လည်း ဒီဇင်ဘာလကုန်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များတွင်မူ ယခင်ပုံစံမဟုတ်ဘဲကွဲပြားခြားနားနေသည်ဟု သိရသည်။
“အရင်က ကျွန်မတို့သိထားတာက ကိုယ့်ဖုန်းကိုကြည့်လို့ရတဲ့ အက်ပလီကေးရှင်းတစ်ခုခုကို မသိဘဲ ဒေါင်းထားမိလို့ဖြစ်တာလို့ သိတာ။ အခုကျတော့ ကိုယ့်ဖုန်းထဲကို OTP လည်း မတောင်းဘဲနဲ့ ဖုန်းထဲကို OTP SMS ကျလာတယ်။ မိနစ်ပိုင်းလေးနဲ့ အကောင့်ထဲက ငွေတွေပါကုန်တယ်။ ဘယ်လောက်အထိ ဆိုး ရွားသလဲဆိုရင် စာအုပ်နဲ့ ချိတ်ထားတော့ စာအုပ်ထဲက ပိုက်ဆံပါပါကုန်တယ်။ ခိုးတဲ့သူတွေက မယူတော့မှ ငွေနည်းနည်းကျန်တယ်” ဟု K Pay မှ တစ်ဆင့် ငွေကြေးများထုတ်ယူခံလိုက်ရသူတစ်ဦးက ပြောကြားသည်။
ယင်းသို့ ဖြစ်ပွားပါက အကောင့်ပိုင်ရှင်မှ ရဲစခန်းတွင် အမှုဖွင့်ပြီးမှသာ ဘဏ်ဘက်မှ ကျန်ရှိသည့်အခြားလုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးကြောင်း ကြုံတွေ့ခဲ့ရသူအချို့ကပြောကြားသည်။
“ ကေပေးစင်တာကို ဖုန်းဆက်တော့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတဲ့။ အဲ့စာနဲ့ဆို ဟိုဘက်ကို ဆက်လွှဲမရအောင် ပိတ်ပေးပါ့မယ်ပေါ့။ ဟိုဘက်ကငွေဆက်မထွက်သွားအောင်တော့ လုပ်ပေးပါ့မယ်။ ပြန်ရဖို့ရောဆိုတော့ အဲ့ဒါ နောက်မှအမတို့ချင်းညှိရမှာတဲ့။ကောင်းရော အဲ့ဒါနဲ့ရဲစခန်းသွား အမှုဖွင့်မယ်ဆို ဖုန်းကို CID ပို့ရပါမယ်တဲ့။ မပို့ချင်ဘူးဆို အမှုဖွင့်လို့ မရဘူး၊ ထောက်ခံစာသဘောမျိုးတော့ရေးပေးလို့ရပါတယ်တဲ့ Phishing Apps တွေ Link တွေဝင်ထားဖူးလားတဲ့။ ဘာမှကို မဝင်ဖူးတာပါ၊ သုံးတာကလဲ iphone 15 Pro ပါဆိုတော့ ကေပေးကိစ္စနဲ့လာတာ ရှေ့ရက်က တယောက်လဲ ၂၈ သိန်းတဲ့ သူတို့ဆီမှာရေးရတဲ့စာကကို အဆင်သင့်ရှိနေတယ်။ အဲ့ဒါနဲ့စာကိုယူ ကေပေးစင်တာကိုပြေး၊ စခန်းက မူရင်းစာရွက်ပေးခဲ့ရမယ်တဲ့၊ မင်းတို့ဘဏ်ကြောင့်ဖြစ်တာ ငါမူရင်းမပေးနိုင်ဘူးဆိုတော့ ကျနော်တို့ဘဏ်ကြောင့်လို့ ဘာလို့ပြောရတာလဲ၊ အကိုတို့ဖုန်းကဘာလဲတဲ့ အော်ရီဒူးဆိုတော့ အော်ရီဒူးကြောင့်ပဲဖြစ်နေကြတာတဲ့ သူတို့ကတ်ပွါးတာ မဖြစ်နိုင်ဘူးလားတဲ့။ သူတို့က တဖန်စိတ်ပြန်ဆိုးသေးတာတော်။အော်ရီဒူးကိုလဲဆက်ပြီးပြီး ကတ်ပွါးရင်ပထမသုံးတဲ့ သူကကတ်ပျက်သွားမှာပြောတယ်လို့ ပွါးမထားဘူး သေချာတယ်ပြောတယ်လို့ ပြီးတော့မောင်လေးရေ ဒီမှာကြည့် မက်ဆေ့ဝင်ထားတာ K Pay Centre ကနော်၊ တခြားကမဟုတ်ဘူး ဘယ်သူလုပ်တာ ဖြစ်နိုင်မလဲပေါ့ဆိုတော့ K Pay ဆာဗာဟက်ခံရတာဖြစ်နိုင်ပါတယ်ဖြစ်ပြန်ရော”ဟု ငွေကြေးများထုတ်ယူခံရသူတစ်ဦးက ကြုံတွေ့ရသည့်ဖြစ်စဉ်များကို လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။
■ ဘာကြောင့်ဖြစ်တာလဲ
ယင်းသို့ K Pay အကောင့်မှတစ်ဆင့် ငွေကြေးများကို မသမာသူများက ထုတ်ယူခံရခြင်းမှာ မိုဘိုင်းငွေကြေးစနစ်ဝန်ဆောင်မှု ပေးသူများ၏ စနစ်အားနည်းပညာဖြင့် ဖောက်ထွင်းဝင်ရောက်ပြီး လိမ်လည်ရယူခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ဒီဂျစ်တယ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အများပြည်သူများအနေဖြင့် မိုဘိုင်းဖုန်းသုံးစွဲမှုနှင့် မိုဘိုင်းငွေပေးချေမှုနည်းလမ်းများသုံးစွဲမှု များပြားလာခဲ့ကြောင်း၊ ထိုသို့သုံးစွဲလျက်ရှိသည့်အတွက် မသမာသူများမှလည်း မသိနားမလည်သူများအား ဆွဲဆောင်စည်းရုံးခြင်း၊ ခြိမ်းခြောက်ခြင်းစသည့် လိမ်လည်လှည့်ဖြားမှုနည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူစုဆောင်းခြင်း၊ OTP နံပတ်များ၊ လုံခြုံရေးနံပါတ်(Password)များအား နည်းလမ်း အမျိုးမျိုးဖြင့်ရယူခြင်း၊ ဒီဂျစ်တယ်နည်းပညာကိုအသုံးပြု၍ ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင်လုပ်ငန်းများနှင့် ၎င်းတို့နှင့် ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများမှတစ်ဆင့် ၎င်းတို့၏တစ်ဆင့်ခံ ဝန်ဆောင်မှုပေးသူများ၏ စနစ်အားဖောက်ထွင်း၍ နည်းပညာဖြင့် ဖောက်ထွင်းယူခြင်းများဆောင်ရွက်ပြီး၊ သုံးစွဲသူများ၏ မိုဘိုင်းငွေကြေးများအား ဖောက်ထွင်းရယူ၍ လိမ်လည်ခြင်းများ ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ ငွေကြေးများ လိမ်လည်ရယူခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် KBZ Pay က ထုတ်ပြန်ခဲ့ရာတွင် လတ်တလော၌အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ်ကို ခန့် မှန်းကာဝင်ရောက်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သိရှိသတိပြုမိကြောင်း၊ အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်က တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ယခုဖြစ်စဉ်များကိုလည်း အမြန်ဆုံးစိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ စုံစမ်းထုတ်ဖော်သွားမည်ဖြစ်ကြောင်း KBZ Pay က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး KBZ Pay က ထပ်မံထုတ်ပြန်ရာတွင် ငွေကြေးဆုံးရှုံးခဲ့သည့် K Pay သုံးစွဲသူ ၃၁ ဦးအတွက် အစားထိုးစိုက်ထုတ်ပေးနေသည်ဟု ထုတ်ပြန်သည်။
ဆုံးရှုံးခဲ့သည့်ငွေကြေးများကို ပြန်ထည့်ပေးနေသည်ကိုလည်း ငွေကြေးလိမ်လည်ခံရသူအချို့က အတည်ပြုပြောကြားခဲ့သည်။
KBZ Pay က မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်ကိုးကားပြီး ဘဏ်နှင့်မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရလျက်ရှိသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူမှတစ်ဆင့် ၎င်းတို့၏ တစ်ဆင့်ခံဝန်ဆောင်မှုပေးသူတို့၏စနစ်အားနည်းပညာဖြင့် ဖောက်ထွင်းယူခြင်းများဆောင်ရွက်ပြီး သုံးစွဲသူများ၏ ငွေကြေးများကို ဖောက်ထွင်းရယူ၍ လိမ်လည်ခြင်းများ ဆောင်ရွက်လာကြကြောင်း KBZ Pay က ကိုးကားထုတ်ပြန်ထားသည်။
ဖြစ်စဉ်များကို ဆက်လက်စုံစမ်းစစ်ဆေးရာတွင် ဖုန်းဟန်းဆက်ပြောင်းလဲသည့် လုပ်ငန်းစဉ်ကိုသာ သက်ရောက်မှုရှိပြီး အဆိုပါဖြစ်စဉ် ၃၁ ခုကို တွေ့ရှိခဲ့သည်ဟု KBZ Pay က ထုတ်ပြန်သည်။
လက်ရှိတွင် အချို့အော်ပရေတာများ၏ ဖုန်းဟန်းဆက်ပြောင်းလဲမှုများကို ခေတ္တရပ်တန့်ပြီး System Maintenance ပြုလုပ်နေပြီး ဇန်နဝါရီ ၇ ရက်တွင်မှ ပြန်လည်အသုံးပြုနိုင်မည်ဟု KBZ Pay က ကြေညာထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း မိုဘိုင်းငွေပေးချေဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် ဆုံးရှုံးနိုင်ခြေကာကွယ်နိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းလျက်ရှိကြောင်း၊ ထို့ပြင်နိုင်ငံတော်အစိုးရ က ဖွဲ့စည်းပေးထားသည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကြီးကြပ်မှုကော်မတီက စောင့်ကြည့် ထိန်းကျောင်းခြင်းအပြင် မိုဘိုင်းငွေပေးချေမှုလုပ်ငန်းများအသုံးပြုပြီး လိမ်လည်မှုဖြစ်ပွားပါက လိမ်လည်ခံရသူများက တိုင်ကြားနိုင်ရေးစံလုပ်ငန်းစဉ်(SOP)ကိုလည်း ထုတ်ပြန်ထားကြောင်း၊ သုံးစွဲသူ၏ မှားယွင်းမှုနှင့် ဆောင်ရွက်ချက်တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ OTP နံပါတ်များ၊ လုံခြုံရေးနံပါတ်(Password) များနှင့် ကိုယ်ရေးအချက်အလက်များကို အခြားနည်းလမ်းဖြင့်ရရှိခြင်းကြောင့်ဖြစ်ပွားသည့် လိမ်လည်မှုဖြစ်စဉ်များအတွက် ဆုံးရှုံးမှုများဖြစ်ပေါ်လာပါကသုံးစွဲသူများ ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်ရှိ သူများအနေဖြင့် ပူးပေါင်းစိစစ်ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် တာဝန်ရှိသူများအနေဖြင့် လိမ်လည်မှု ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများကိုလည်း ပူးပေါင်းစိစစ်ဖော်ထုတ်လျက်ရှိပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
■ မေးခွန်းထုတ်ခံနေရတဲ့ KBZ Pay
လတ်တလောဖြစ်စဉ်များကြောင့် KBZ Pay မှာ သုံးစွဲသူများအကြား မေးခွန်းထုတ်ခံနေရပြီဖြစ်သည်ကို လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိနေရသည်။
“ K Pay က အခုဆိုရင် ဒုစရိုက်သမားတွေရဲ့ ငွေကြေးလိမ်လည်ရာ နေရာကြီးတစ်ခုလို ဖြစ်နေပါတယ်။ လိမ်ခံရလို့ပါသွားရင်လဲ သဲထဲရေသွန်သလို အစအနပျောက်ဘယ်လိုက်လို့လိုက်ရမှန်းမသိ တာဝန်ယူမှု တာဝန် ခံမှုမရှိသလို ဖြစ်နေပါတယ်။ သုံးစွဲရလွယ်ကူတာ တစ်ခုထဲနဲ့ သုံးနေကြတာမဟုတ်ပါဘူး။ကိုယ်ရဲ့ငွေကို လိမ်သွားတာခံရရင်K Pay App ထုတ်ထားတဲ့ KBZ Bank တာဝန်ရှိသူတွေ အနေနဲ့ ဒီလိုကိစ္စတွေကို ဘယ်လို ဖြေရှင်းမလဲ။ အခုက လိမ်တဲ့သူတွေဘက်ကလိမ်နည်းတွေ အရမ်းကို Update ဖြစ်ပြီး လိမ်လာနေပြီ။K Pay App ထုတ်ထားတဲ့သူတွေဘက်က နည်းပညာနဲ့ဖြေရှင်းမလား၊ ဥပဒေအရဖြေရှင်းမလားဆိုတာ အထူးကိစ္စတစ်ရပ်အနေနဲ့ရှင်းပေးသင့်ပါပြီ။ တစ်ခါလာကိုယ့် OTP တွေကို သူများမပေးပါနဲ့ဆိုတာလောက်ပဲ ပြောနေသတိပေးနေတာပဲ လုပ်မနေပါနဲ့တော့”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။
လတ်တလောတွင်လည်း KBZ Pay ၏ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း K Pay ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး သုံးစွဲသူအများစု မေးခွန်းထုတ်ဝေဖန်နေကြပြီး K Pay အတွင်းရှိ ငွေကြေးများကို ထုတ်ယူခြင်းများကိုပြုလုပ်မှုများလည်းရှိနေသည်ဟု သိရသည်။
ဆယ်နှစ်တာ ကာလအတွင်း သုံးစွဲသူ သန်း ၃၀ ပြည့်ရမည်ဟု ရည်မှန်းထားသည့် KBZ Pay မှာ သုံးစွဲသူများအကြား ယုံကြည်မှုနှင့်ပတ်သက်ပြီးမေးခွန်းထုတ်ခံနေရကာ ယုံကြည်မှုပြန်လည်ရရှိမှသာ ငွေကြေးစျေးကွက်တွင် ရပ်တည်နိုင်မည်လည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်