Top News

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် Oxford တက္ကသိုလ်၏ St Hugh's ကောလိပ်ကျောင်းအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆို
24htopnews | January 4, 2025 12:12 PM CST

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် Oxford တက္ကသိုလ်၏ St Hugh's ကောလိပ်ကျောင်းအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုလိုက်ကြောင်း The Independent သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

Oxford တက္ကသိုလ်၏ St Hugh's ကောလိပ်ကျောင်းအုပ်ကြီးဖြစ်သူ အဲလစ်ရှ်အန်ဂျီယိုလီနီက ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန် မြန်မာတပ်မတော် အစိုးရကို စာတစ်စောင် ရေးသား ပေးပို့ခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းများဖြစ်သည့် ဝီလျံဟိဂ် ၊ Sir.မယ်လ်ကွန်ရစ်ဖ်ကိုင်းနှင့် ဂျက်စထရောတို့က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်တိုက်တွန်းခဲ့မှုအပေါ် မစ္စစ်အန်ဂျီယိုလီနီကလည်း ထပ်မံထောက်ခံခဲ့သည်။

အသက် ၇၉ နှစ်အရွယ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) လူနည်းစုကို ဆန့်ကျင်သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ဘင်္ဂလီများဘက်မှ ရပ်တည်ဖြေရှင်းပေးရန် ငြင်းဆိုခဲ့ပြီးနောက် နိုင်ငံတကာတွင် ၎င်း၏ ဂုဏ်သိက္ခာနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကျဆင်းမှုကို "Cancelled: The rise and fall of Aung San Suu Kyi" ဆိုသည့်ခေါင်းစဉ်ဖြင့် ထုတ်လွှင်ခဲ့သည့် Independent သတင်းဌာန၏ ရုပ်သံမှတ်တမ်းဗီဒီယိုတွင် ဖော်ပြထားသည်။

ထိုမှတ်တမ်းရုပ်ရှင်တွင် မစ္စတာ ဝီလျံ ဟိဂ်က ထိုဖြစ်စဉ်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် အပြစ်အနာအဆာတစ်ခုဖြစ်နိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် မိမိတို့အနေဖြင့် ဆက်လက်လှုပ်ရှားသင့်ကြောင်း ပြောကြားခဲ့သည်။

စိန့်ဟုချ် ကောလိပ်၏ ကျောင်းအုပ်ကြီးဖြစ်သည့် မစ္စစ် အန်ဂျီယိုလီနီကလည်း မစ္စတာဟိဂ်၏ မှတ်ချက်စကားများကို သဘောတူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မြန်မာအစိုးရကို စာတစ်စောင်ရေးသားခဲ့သည်ဟု အယ်ဂျီယိုလီနီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စိန့်ဟုချ် ကောလိပ်တွင် ဘွဲ့ကြိုကျောင်းသူတစ်ဦးအဖြစ် ပညာသင်ကြားခဲ့ပြီး ဂုဏ်ထူးဆောင်အသင်းဝင်တစ်ဦးလည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၆၀ ပြည့်နှစ်အလယ်ပိုင်းကာလများက နိုင်ငံရေး၊ ဒသနိကဗေဒနှင့် စီးပွားရေးပညာများကို သင်ယူခဲ့သည့် အဆိုပါစိန့်ဟုချ် ကောလိပ်တွင် ၎င်း၏ အသက် ၆၇ နှစ်ပြည့် မွေးနေ့ပွဲကို ပြုလုပ်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်နှင့်ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီးနောက် စိန့်ဟုချ်ကောလိပ်သည် ၂၀၁၇ ခုနှစ်တွင် ကောလိပ်တွင် ချိတ်ဆွဲပြသထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို ဖယ်ရှားခဲ့ပြီး စတိုခန်းထဲတွင် ထားရှိခဲ့သည်။


READ NEXT
Cancel OK