Top News

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိပြီး လက်နက်ကိုင်တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း နစက ဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထား
24htopnews | January 4, 2025 4:12 PM CST

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိပြီး လက်နက်ကိုင်တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း နစက ဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယနေ့(ဇန်နဝါရီ ၄ ရက်)တွင် ကျရောက်သည့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအား နေပြည်တော်ရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့ပြီး လွတ်လပ်ရေးနေ့ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဖတ်ကြားခဲ့သည်။

နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိကြောင်း၊  လက်နက်ကိုင်အကြမ်းဖက် တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်းကိုလည်း အတိအလင်း ကြေညာထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်    လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို   ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားကြရန်” တိုက်တွန်းအပ်ပါကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန်၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော  ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ (၁၅)ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို   လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ တပ်မတော်အနေဖြင့် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် ဖိတ်ခေါ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါကြောင်း၊ သို့သော်လည်း  NCA  တွင်  လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAO)အချို့သည် NCA ပါ ကတိကဝတ်များကို လိုက်နာမှုမရှိဘဲ ချိုးဖောက်နေကြသည်ကိုလည်း တွေ့ရှိနေရပါကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများသည်  နိုင်ငံရေးအမြင် မတူညီမှုများကို အခြေခံသကဲ့သို့ တသီးတခြားရပ်တည်လိုစိတ်နှင့်  အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့ခြင်းကြောင့်လည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ နယ်မြေဒေသအသီးသီးတွင်  လက်နက်ကိုင်သောင်းကျန်းသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းကာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရပါကြောင်းနှင့် အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် အမျိုးမျိုးသော ပံ့ပိုးမှုများ ပါဝင်ပတ်သက်နေသည်ကိုလည်း နိုင်ငံသားတိုင်း သတိချပ်သင့်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ယနေ့ကမ္ဘာ့ရေးရာ အခြေအနေများမှာ လွန်စွာနက်နဲ ရှုပ်ထွေးလာနေသောကြောင့် နိုင်ငံသူ၊ နိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုအားဖြင့်သာ ရင်ဆိုင်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျက် ရှိကြသော မြန်မာနိုင်ငံတွင် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများ၊ ရပ်ရွာပြည်သူလူထုကို အကြောက်တရားကိန်းအောင်းစေရန် အနိုင်ကျင့်ဗိုလ်ကျမှုများ၊ တရားဥပဒေစိုးမိုးမှုနှင့် အစိုးရ၏အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင် အဖျက်အမှောင့်လုပ်ငန်း ဆောင်ရွက်မှုများသည် နိုင်ငံတော်ကို အားအင် ချည့်နဲ့စေကာ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးစေနိုင်ပါကြောင်း၊ အမိမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့နေစေရေးအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြရန် အရေးကြီးပါကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေးများ ရင်းနှီးပေးဆက်ခဲ့သော မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေသည့် တရားသောစစ် အောင်မြင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ယုံကြည်စွာ ဝန်းရံပေးကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပရန်ဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ်   လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ(၁) ရက်မှ (၁၅)ရက်အထိ ဆောင်ရွက်ခဲ့ပြီး တိကျမှန်ကန်သည့် အတည်ပြုလူဦးရေစာရင်းကို ဆက်လက်ပြုစု၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ မဲပေးပိုင်ခွင့်ရှိသူ   မဲစာရင်းပြုစုနိုင်ရေး ပေးပို့သွားရန် ဆောင်ရွက်လျက်ရှိပါကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် စည်းစနစ်ကျနသည့်၊ တရားမျှတပြီး သိက္ခာရှိသည့် အထွေထွေရွေးကောက်ပွဲ ဖြစ်စေရေးနှင့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားလိုပါကြောင်း၊ “စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရေးအတွက် တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး”အတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

  


READ NEXT
Cancel OK