Top News

နိုင်ငံရေးပါတီများ မြို့နယ်ရုံးများဖွင့်လှစ်ပြီးပါက စနစ်တကျဖွဲ့စည်းပုံနှင့်တာဝန်ပေးထားရန်နှင့် ရွေးကောက်ပွဲကော်မရှင်၊ ထွေအုပ်၊ စီမံ/ဘဏ္ဍာနှင့် စာရင်းစစ်ဌာနတို့ ပူးပေါင်းစစ်ဆေးရန်ရှိသဖြင့် ကြိုတင်ပြင်ဆင်ထားရန် UEC ဥက္ကဋ္ဌပြောကြား
24htopnews | January 4, 2025 9:12 PM CST

နိုင်ငံရေးပါတီများ မြို့နယ်ရုံးများဖွင့်လှစ်ပြီးပါက စနစ်တကျဖွဲ့စည်းပုံနှင့်တာဝန်ပေးထားရန်နှင့် ရွေးကောက်ပွဲကော်မရှင်၊ ထွေအုပ်၊ စီမံ/ဘဏ္ဍာနှင့် စာရင်းစစ်ဌာနတို့ ပူးပေါင်းစစ်ဆေးရန်ရှိသဖြင့် ကြိုတင်ပြင်ဆင်ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည်အဖွဲ့ဝင်များဖြစ်သော ဦးသန်းစိုး၊ ဦးဘရန်ရှောင်၊ ဦးမြင့်သိန်းတို့နှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ် မေလ တွင် မှတ်ပုံတင်ခွင့်ရရှိပြီးသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) နှင့် ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (Danu National League Party)တို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇွန်လ ၃၀ ရက်က တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို စစ်ဆေးရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားရှိသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ဥပဒေအရ သတ်မှတ်ထားသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့် ပြုမိန့်ကျပြီးနောက် ရက်ပေါင်း(၉၀)အတွင်း စုစည်းရမည့်ပါတီဝင်အင်အား ပြည့်မီအောင်စုဆောင်းရေးနှင့်ရက်ပေါင်း(၁၈၀)အတွင်းဖွင့်လှစ်ရမည့် နိုင်ငံရေးပါတီများ၏ မြို့နယ်ပါတီရုံးများဖွင့်လှစ်နိုင်ရေးနှင့် ဖွင့် လှစ် ရာတွင်လည်း သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာ ယာရေးဌာနများမှ ခွင့်ပြုချက်တောင်းခံဆောင်ရွက်ရန်၊ မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများကို မြို့နယ်ရုံး များဖွင့်လှစ် ပြီးပါက မြို့နယ်ပါတီရုံးဖွဲ့စည်းမှုများကို စနစ်တကျဖွဲ့စည်းပုံနှင့်တာဝန်ပေးထားရန်၊ နိုင်ငံရေးပါတီများရှိပါတီဝင်များတွင် ယခင်သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတွင် သွားရောက်လဲလှယ်နိုင်ရေး ဆောင်ရွက်သွားရန်၊  မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနတို့မှပူးပေါင်းပြီး စစ်ဆေးရန်ရှိသဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားရာ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီဌာနချုပ်သည် တောင်ကြီးမြို့စျေးပိုင်းရပ်ကွက် အနောက်မြို့ပတ်လမ်းအမှတ် (၁၈) တွင် တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ်(၁၅/ ၂၀၂၃) ဖြင့်လည်းကောင်း၊ အင်းအမျိုးသားအဖွဲ့ချုပ် ပါတီသည် ညောင်ရွှေမြို့ ကံသာရပ် တိတ်နန်းတံတားအနီး ရုံးကြီးလမ်းတွင် တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၂၀/၂၀၂၃)ဖြင့်လည်းကောင်း၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီဌာနချုပ်ကို ကလောမြို့ (၁၀)ရပ်ကွက် ချယ်ရီလမ်းအမှတ်(၁၀/၆၄)တွင် ဖွင့်လှစ်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၂၆/၂၀၂၃)ဖြင့် လည်းကောင်း ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။


READ NEXT
Cancel OK