
အဂတိမှုနှင့်ထောင်ဒဏ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့ရသည်ဟု အဓိက သက်သေ ထွက်ဆိုခဲ့သူ နှစ်ဦးအနက် ဦးမောင်ဝိတ် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
စေပိုင်ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးမောင်ဝိတ်မှာ ဇွန် ၂၉ ရက်တွက် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း Sae Paing ကုမ္ပဏီ၏ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ရေးသားထားသည်။
“၂၉ ဇွန် ၂၀၂၃ ကံဇာတ်ဆရာရေ။ ကျနော်အိမ်ပြန်ရောက်လို့ကျေးဇူးတင်ပါတယ်။ ကျနော့ အမေလည်းဝမ်းသာပါတယ်…” ဟု အစချီကာ ဦးမောင်ဝိတ်က ရေးသားထားသည်ကို တွေ့ရသည်။
ဦးမောင်ဝိတ်မှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်လာငါးသိန်းခွဲပေးရသည်ဟု သက်သေထွက်ဆိုခဲ့ပြီး ယင်းအမှုနှစ်မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှာ ထောင်ဒဏ်သုံးနှစ် တပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခံထားရသည်။
၂၀၁၄ ခုနှစ်တွင် စေပိုင် ဆောက်လုပ်ရေးကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များကို ငွေကြေးကူညီခြင်း၊ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် အလုပ်လုပ်နေသည့် ဒေါ်ခင်ခင်ဦးနှင့် ရင်းနှီးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် မေလခန့်တွင် ဒေါ်ခင်ခင်ဦး၏ အကူအညီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် ကန်တော့ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကို စက္ကူလက်ဆောင် အိတ်အနက်ထဲသို့ ထည့်သွင်း၍ ဦးရှောက်စန်းနှင့် ဦးလှမျိုးတို့ရှေ့၌ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း ထွက်ဆိုထားသည့် ဦးမောင်ဝိတ်၏ ရုပ်သံဖိုင်အား ၂၀၂၁ ခုနှစ် မတ် ၁၇ ရက် ည ၈ နာရီတွင် MWD ရုပ်သံက သတင်းကြေညာခဲ့သည်။
MWD ရုပ်သံက သတင်းကြေညာထားသည့် ရုပ်သံဖိုင်တွင် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကို စက္ကူလက်ဆောင်အိတ်အနက်ထဲသို့ ထည့်၍ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း အမေရိကန်ဒေါ်လာ ငါးသောင်းကို ဒေါ်အောင်ဆန်းစုကြည်အိမ်၌ ထပ်မံပေးအပ်ခဲ့ကြောင်း၊ ဧပြီလတွင်လည်း အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲကို ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်းနှင့် ယင်းသို့ ပေးအပ်ချိန်တွင် အနားတွင် မည်သူမှရှိမနေကြောင်းလည်း ဦးမောင်ဝိတ်က ထည့်သွင်းထွက်ဆိုထားသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် အမှုတွင်လည်း ၄င်းအနေဖြင့် ဆေးကုသစရိတ် လှူဒါန်းခဲ့ပြီး သုံးကြိမ်တိတိ သွားရောက်ခဲ့သော်လည်း ဒေါက်တာဇော်မြင့်မောင်နှင့် တွေ့ဆုံနိုင်ခဲ့ခြင်းမရှိဟု စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်က တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောကြားထားသည်။
ကင်ဆာရောဂါ ခံစားနေရသည့် ဒေါက်တာဇော်မြင့်မောင်မှာ ထိုင်းနိုင်ငံတွင် ဆေးသွားကုစဉ်က ကျန်းမာရေးစရိတ် ထောက်ပံ့ပေးခဲ့ရသည်ဟု မောင်ဝိတ်က စွပ်စွဲထားပြီး ဖေဖော်ဝါရီ ၁၈ ရက်တွင် တရားခွင်အတွင်း ကြားနာစဉ် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
ဇူလိုင် ၆ ရက်က ထုတ်လွှင့်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၊ ဘန်ရွမ်ဂရက်(စ်)ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် မန္တလေးတိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော လုပ်ငန်းရှင်တစ်ဦးက လာရောက်တွေ့ဆုံပြီး ဆေးကုသစရိတ် အကြောင်းပြ၍ အမေရိကန်ဒေါ်လာ တစ်သိန်းကို သုံးကြိမ်ခွဲ၍ ပေးအပ်ခဲ့ခြင်းကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့သည်ဟု ဖော်ပြထားသည်။
စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် မောင်ဝိတ်သည် ၂၀၀၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်များကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အား လာဘ်ပေးခဲ့ရသည်ဟု အဓိကလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သူနှစ်ဦးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ဖြစ်သည်။
ဦးဖြိုးမင်းသိန်းမှာ အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် ရွှေခုနစ်ပိဿာကို ဒေါ်အောင်ဆန်းစုကြည်ထံ လာဘ်ပေးခဲ့ရသည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။
ထို့ပြင် အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီရွှေ ခုနစ်ပိဿာပေးခဲ့သည်ဟု ဦးဖြိုးမင်းသိန်း ထွက်ဆိုထားသည့် ဗီဒီယိုဖိုင်အား နိုငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် မတ် ၂၃ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြသခဲ့သည်။
၎င်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ လစဉ်ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ရကြောင်း၊ ထိုသို့ အစည်းအဝေး တက်ရောက်သည့်အခါ အစိုးရက ဝန်ကြီးချုပ်များသုံးရန် ယာဉ်နှင့် ယာဉ်မောင်းများ လွှဲအပ်ပေးလေ့ရှိကြောင်း၊ ယင်းကဲ့သို့ အစည်းအဝေးပြီးပါက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ၎င်းတစ်ယောက်တည်း သုံးကြိမ် လေးကြိမ် သွားရောက်ခဲ့ကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ဒီလို သွားရောက် တွေ့ဆုံတဲ့အချိန်မှာ ကျွန်တော် ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ထောက်ခံ စောင့်ရှောက်ပေးဖို့ ပိုးထည်၊ အစားအသောက်၊ ဒေါ်လာ၊ ရွှေများကို သင့်လျော်တဲ့ ပစ္စည်းထည့်တဲ့ အိတ်တွေထဲမှာ ထည့်ပြီးတော့ ပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ပထမအကြိမ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို အစိုးရက ထုတ်ပေးထားတဲ့ ယာဉ်၊ ယာဉ်မောင်း၊ ကိုယ်ရေးအရာရှိ ဦးမောင်မောင်ကြည်တို့နဲ့ သွားရောက်ခဲ့ပါတယ်။ အိမ်ခြံဝင်းအတွင်းကို ရောက်တဲ့အခါမှာ ယာဉ်မောင်းနဲ့ ကိုယ်ရေးအရာရှိကို ယာဉ်ပေါ်မှာသာ စောင့်နေရန် ပြောခဲ့ပြီးတော့ ပိုးထည်၊ အစားအသောက်ထည့်တဲ့ အိတ်တွေထဲမှာ ထည့်ထားတဲ့ အမေရိကန်ဒေါ်လာ တစ်ထုပ်လျှင် အရွက် ၁၀၀ ပါတဲ့ ၁၀၀ တန် အထုပ် ၂၀ ဒေါ်လာ နှစ်သိန်းနဲ့ အကယ်ဒမီရွှေ ၁၀ ကျပ်သားတုံး အပိုင်း ၂၅ ပိုင်း စုစုပေါင်း နှစ်ပိဿာခွဲကို ကျွန်တော့်တစ်ဦးတည်း ယူဆောင်၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းကို ဝင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရေးကိုယ်တာအတွက်ပဲ သုံးသုံး၊ ပါတီနိုင်ငံရေးအတွက်ပဲ သုံးသုံး၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်ပဲ သုံးသုံး လိုတဲ့နေရာမှာ သုံးပါလို့ ပြောပြီး ကျွန်တော်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်လက်ထဲကို ထည့်ပေးခဲ့ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ထို့အတူ ၂၀၁၈ ခုနှစ် ဧပြီအတွင်း၌လည်း ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ဒုတိယအကြိမ် သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ အဆိုပါတွေဆုံချိန်တွင်လည်း ပထမအကြိမ်အတိုင်းပင် ယာဉ်မောင်းနှင့် ကိုယ်ရေးအရာရှိကို ယာဉ်ပေါ်တွင်သာ စောင့်နေစေခဲ့ကြောင်း၊ ယင်းနောက် ပိုးထည်၊ အစားအသောက်ထည့်သည့် အိတ်များအတွင်း ထည့်သွင်းထားသည့် အမေရိကန်ဒေါ်လာ တစ်ထုပ်လျှင် အရွက် ၁၀၀ ပါသော ၁၀၀ တန် အထုပ် ၂၀ ဒေါ်လာ နှစ်သိန်းနှင့် အကယ်ဒမီတံဆိပ် ရွှေ ၁၀ ကျပ်သားတုံး ၂၅ ပိုင်း နှစ်ပိဿာခွဲကို ပေးအပ်ခဲ့ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော့် တစ်ဦးတည်း ယူဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ ဝင်ရောက်တွေ့ဆုံပြီး ကျွန်တော်တို့ရဲ့ ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းကိစ္စရပ်များနဲ့ ပတ်သက်ပြီး ထောက်ခံစောင့်ရှောက်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် လိုရာသုံးပါလို့ ပြောပြီး ဒေါ်လာ နှစ်သိန်း၊ ရွှေနှစ်ပိဿာခွဲ ထည့်ထားတဲ့အိတ်ကို ကျွန်တော်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုင်းဖုန်းဆရာတော်ကြီး မှော်ဘီထောက်ကြံ့အနီးမှာရှိတဲ့ ရှမ်းကျောင်းကို ရောက်လာတဲ့အချိန်မှာ ကျွန်တော် သွားရောက် ဖူးမြော်ခဲ့ပါတယ်။ ဆရာတော်ကြီးက ကိုးလက်မ အမြင့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးပေးဖို့ဆိုပြီး ကျွန်တော့်ကို ပေးခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ် ဇွန်လမှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ထပ်မံသွားရောက် တွေ့ဆုံခဲ့ပါတယ်။ ပထမအကြိမ်၊ ဒုတိယအကြိမ် အတိုင်းပါပဲ။ ယာဉ်မောင်းနဲ့ ကိုယ်ရေးအရာရှိတို့ကို ယာဉ်ပေါ်မှာသာ စောင့်ရန် ပြောကြားခဲ့ပြီးတော့ ဗုဒ္ဓရုပ်ပွားတော်၊ ပိုးထည်၊ အစားအသောက်ထည့်ထားတဲ့ အိတ်အတွင်း ထည့်သွင်းထားတဲ့ အမေရိကန် ဒေါ်လာ တစ်ထုပ်လျှင် အရွက် ၁၀၀ ပါတဲ့ ၁၀၀ တန် အထုပ် ၂၀ နှစ်သိန်းနဲ့ အကယ်ဒမီတံဆိပ်ရွှေ ၁၀ ကျပ်သားတုံး အပိုင်း ၂၀ စုစုပေါင်း နှစ်ပိဿာတို့ကို ကျွန်တော့်တစ်ဦးတည်း ယူဆောင်ပြီး နေအိမ်အတွင်းသို့ဝင်ကာ ဗုဒ္ဓရုပ်ပွားတော်ကိုပေးပြီး ဒေါ်လာ နှစ်သိန်းနဲ့ ရွှေနှစ်ပိဿာထည့်ထားတဲ့ အိတ်ကို ဒေါ်အောင်ဆန်းစုကြည် လိုရာကိုသုံးပါလို့ပြောပြီး ပေးခဲ့တာဖြစ်ပါတယ်။ သုံးကြိမ်စလုံး ပေါင်းလိုက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီတံဆိပ်ရွှေ ခုနစ်ပိဿာ ရှိပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ထိုကဲ့သို့ ပေးအပ်ရန်အတွက် ၎င်း၏ ဇနီးဖြစ်သူနှင့် တိုင်ပင်ပြီး မိသားစုပိုင် စိန်ရွှေရတနာ ရောင်းဝယ်ရေး လုပ်ငန်းများအတွက် အသုံးပြုရန် စုဆောင်းထားသည့် အကယ်ဒမီတံဆိပ်ရွှေနှင့် လုပ်ငန်းလည်ပတ်သူများ အချို့တွင် ဒေါ်လာနှင့်လဲလှယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အား မလျော်ဩဇာ လွှမ်းမိုးခြင်းများကြောင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ထားသော ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က ဖြင့် တရားစွဲခံရသည့် ဦးဖြိုးမင်းသိန်းမှာ ငွေဒဏ်တစ်သိန်း ချမှတ်ခံရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာဒေသ ရွေးကောက်ပွဲကော်မရှင်အား မလျော်သုံး လွှမ်းမိုးခြင်း၊ တရားမဲ့ပြုကျင့်ခြင်းများကြောင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်း သိန်းအပေါ် ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုထားသည့်အမှုဖြင့် ဒဏ်ငွေ တစ်သိန်း ကျခံစေရန် ဒဂုံမြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၁၇ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဦးဖြိုးမင်းသိန်းအား အဂတိလိုက်စားမှုဖြင့် အရေးယူခြင်း ရှိ မရှိနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် ဇွန် ၁၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းအပါအဝင် အစိုးရထိပ်ပိုင်း တာဝန်ယူခဲ့သူတချို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခဲ့ခြင်းမှာ ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များကြောင့်ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားခြင်းကို တွေ့ရသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ လာဘ်ပေးခဲ့သူများကိုမည်သို့ ဆောင်ရွက်မည်နည်း သို့မဟုတ် အရေးယူခြင်း မပြုလုပ်ဘဲ ကင်းလွတ်ခွင့်ပေးမည်နည်းဟု Eleven Media ၏ မေးမြန်းမှုအပေါ် နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေ၏အထက်၌ မည်သူမျှမရှိကြောင်းနှင့် ဥပဒေအတိုင်း ဖြစ်စေရမည်ဟု ဖြေကြားခဲ့သည်။
ယခင် NLD အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့တော်ဝန် အစရှိသူတို့မှာ အဂတိမှုများဖြင့် တရားစွဲဆိုခံထားရသော် လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းမှာ သက်ဆိုင်ရာဒေသ ရွေးကောက်ပွဲကော်မရှင်အား မလျော်သုံး လွှမ်းမိုးခြင်း၊ တရားမဲ့ပြုကျင့်ခြင်းများကြောင့် ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က ဖြင့်သာ တရားစွဲခံရပြီး ဒဏ်ငွေတစ်သိန်းချမှတ်ခံထားရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့ရသည်ဟု အဓိက သက်သေထွက်ဆိုခဲ့သူနှစ်ဦးအနက် ဦးမောင်ဝိတ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် ဦးဖြိုးမင်းသိန်း၏ အခြေအနေနှင့် ပတ်သက်ပြီး မသိရှိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်