Top News

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များ နိုင်ငံတော်သမ္မတရှေ့မှောက်၌ ကတိသစ္စာပြု
24htopnews | January 5, 2025 10:12 AM CST

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်အပါအဝင် ကောင်စီဝင် ၂၉ ဦးတို့သည် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် နိုဝင်ဘာ ၂၃ ရက်က နိုင်ငံတော်သမ္မတဦးဝင်းမြင့် ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြသည်။

အဆိုပါ ကတိသစ္စာပြုပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင် စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

“နိုင်ငံတော်အစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်လျှောက်လှမ်းနေချိန်မှာ သတင်းမီဒီယာတွေအနေနဲ့ တိုင်းရင်းသားအချင်းချင်းအကြား အမုန်းတရားတွေ၊ ပဋိပက္ခတွေ ပြင်းထန်မြင့်မားမလာအောင်ရှောင်ရန်၊ ဆောင်ရန်အချက်တွေကိုလည်း သတင်းမီဒီယာကောင်စီက ဦးဆောင်ချမှတ်ပေးဖို့ လိုအပ်ပါတယ်။ ထိလွယ်၊ ရှလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သက်ရင် ဘယ်လိုဖော်ပြရမယ်၊ ဘယ်အရာတွေကို သတိပြုရမယ်စတဲ့ ပဋိပက္ခသတင်းဆိုင်ရာ ရေးသားထုတ်လွှင့်မှုတွေနဲ့ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပေးကြဖို့ သတင်းမီဒီယာကောင်စီက ကြီးကြပ်စေလိုပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကတိသစ္စာပြုပွဲအခမ်းအနားတွင် ပြောကြားသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းအား ပြောင်းလဲမသွားစေရေး ထိန်းကျောင်းပေးရန် လိုအပ်ကြောင်းနှင့် သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာ ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

နိုင်ငံတော်သမ္မတက “ကျွန်တော်တို့ ဆွေးနွေးပြောဆိုငြင်းခုံမှု အကျိုးအကြောင်းနဲ့ ဝေဖန်ထောက်ပြမှုတွေမရှိရင် ဒီမိုကရေစီမရှိနိုင်ဘူးဆိုတာ လက်ခံထားပါတယ်။ ဝေဖန်ထောက်ပြတဲ့အခါမှာလည်း ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ပန်းတိုင်ရောက်ရှိရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးကိုဦးတည်ပြီး အပြုသဘော အမြင်ဖြစ်စေလိုပါတယ်။ အပြုသဘောအမြင်နဲ့ ရေးသားထောက်ပြကြသော်လည်း ရေးသားပုံ၊ ရေးသားနည်း တင်ပြပုံ၊ တင်ပြနည်း မမှန်ကန်ပါက အထင်အမြင် လွဲမှားပြီး ခုတ်ရာတခြား ရှရာတခြားဖြစ်ကာ အပျက်သဘော သက်ရောက်သွားနိုင်တာကိုလည်း သတိချပ်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သို့ ကူးပြောင်းစနိုင်ငံ ဖြစ်ပါတယ်။ လမ်းရိုးလမ်းဟောင်းမှ လမ်းသစ်ကို ဖောက်ထွက်နေရတဲ့အခါ ရှောင်လို့မရတဲ့ အခက်အခဲ အကျပ်အတည်းတွေ ရှိပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ အရင်းအနှီး ကြီးကြီးမားမားပေးပြီး ရှားရှားပါးပါးရရှိထားတဲ့ ဒီမိုကရေစီအပင်ပေါက်လေး ရှင်သန်ကြီးထွားရေးကို အားလုံးအလေးအနက် ထားကြစေလိုပါတယ်ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံသူ၊ နိုင်ငံသားများလို လားတောင့်တနေသည့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပန်းတိုင်သို့ ရောက်ရှိရေးအတွက် သတင်းမီဒီယာကောင်စီအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတက “ကျွန်တော်တို့အစိုးရအနေနဲ့ ဒီမိုကရေစီအရေးအတွက် သတင်းမီဒီယာရဲ့ ဥပဒေနဲ့အညီ လွတ်လပ်ခွင့်ပါ  အရေးပါတယ်ဆိုတာကို နားလည်သဘောပေါက်ပါတယ်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့ မီဒီယာကောင်စီရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါတဲ့ နေရာမှာရှိတယ်လို့ ခံယူထားပါတယ်။ ၂၁ ရာစုမှာ ပြည်သူလူထုက သိချင်တဲ့ကိစ္စတွေ များပြားလာတာနဲ့အမျှ သတင်းမီဒီယာများဘက်ကလည်း အဖြစ်အပျက်မှန်ဖို့၊ အချက်အလက် တိကျခိုင်မာဖို့ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးကို ထိခိုက်နစ်နာမှုရှိ မရှိ၊ ဆင်ခြင်တုံတရားများရရှိဖို့ တည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရန် သတိထားဖို့၊ နိုင်ငံတော်ရဲ့ လုံခြုံရေးကိုစောင့်ထိန်းဖို့ စသည်တို့ကို ဂရုစိုက်ရန် လိုအပ်မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဒီမိုကရေစီ ရှင်သန်စေချင်ပါက ဥပဒေအား လေးစားရမည်ဖြစ်သလို စည်းမျဉ်းစည်းကမ်းများအား လိုက်နာရန်လိုအပ်ခြင်းကြောင့် သတင်းမီဒီယာကောင်စီဝင်များအနေဖြင့် သတင်းမီဒီယာဥပဒေတွင်ပါဝင်သည့် ပြဋ္ဌာန်းချက်များနှင့်အညီ ကောင်စီ၏ လုပ်ငန်းတာဝန်များအား ကျေပွန်ရန်၊ သတင်းမီဒီယာများ၏ ရပိုင်ခွင့်များရရှိရန်၊ ကျင့်ဝတ် စည်းကမ်းများအား သတင်းမီဒီယာများမှ လိုက်နာရန် လေ့ကျင့်ပေးပြီး ဟန်ချက်ညီစေရန်နှင့် ပြည်သူများ၏ သတင်းသိပိုင်ခွင့်အား ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များအား လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ပွဲကို ၂၀၁၈ ခုနှစ် သြဂုတ် ၂၈ ရက်က ရန်ကုန်မြို့၌ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့မှ အဆိုပြုကိုယ်စားလှယ်တစ်ဦးစီအပါအဝင် အလွှာအသီးသီးမှ ရွေးကောက်ခံရသူစုစုပေါင်း ၂၉ ဦးအား ရွေးချယ် ခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာ ရေးမှူးများ စသည့်တာဝန်များကို ထမ်းဆောင်မည့်သူများအား ထပ်မံမဲပေး ရွေးချယ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတက သတင်းမီဒီယာဥပဒေအရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအား တရားဝင်ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာကို အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ကောင်စီဝင်အဟောင်းများထံမှ ကောင််စီဝင်အသစ်များက တာဝန်လွှဲပြောင််းရယူခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်၌ ပြုလုပ်ခဲ့ပြီး ယခုအခါ နိုင်ငံတော်သမ္မတရှေ့မှောက်တွင် ကောင်စီဝင်အသစ်များက ကတိသစ္စာပြုခြင်းကို ဆောင်ရွက်ခြင်းဖြစ်သည်။

 


READ NEXT
Cancel OK