
၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အကျဉ်းသား ၅၈၆၄ ဦးတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင်နှင့် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံထားရသူ ၆၀၀ ဦးခန့် ပါဝင်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
" ပြစ်ဒဏ်လွတ်ငြိမ်းခွင့် နှစ်ခုကတော့ အကျဉ်းသား ၅၈၆၄ ဦးကို ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အဲ့ထဲမှာတော့ မီဒီယာတွေ မေးမြန်းနေတဲ့ ၅၀၅ နဲ့ တရားစွဲခံထားရတဲ့သူ ၆၀၀ ဦးခန့် ပါဝင်မှာ ဖြစ်ပါတယ်။ ပြီးရင် နိုင်ငံခြားသား ၁၈၀ ဦး လွတ်ငြိမ်းပေးခဲ့ပါတယ်။ အများအားဖြင့်တော့ ထိုင်းနိုင်ငံသားတွေ ဖြစ်ပါတယ်။ အဓိကကတော့ တာချီလိတ်မှာ လောင်းကစားကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားများ အများဆုံး ပါဝင်ပါတယ်။ ပြီးရင် အင်ဒိုနီးရှားနိုင်ငံက မြန်မာ့ရေပိုင်နက်အတွင်းမှာ ငါးဖမ်းခဲ့တဲ့ ငါးဖမ်းသင်္ဘောက အင်ဒိုနီးရှားနိုင်ငံသားတွေ ပါမှာဖြစ်ပါတယ်။ ပြီးရင်တော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင် လည်း လွတ်ငြိမ်းထဲမှာ ပါဝင်လာပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သောရ၇ နှစ်မြောက် လွတ်လပ်ရေးနေ့၌နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနှင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် နှစ်ခု၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် နှစ်ခု ထုတ်ပြန်ကြေညာခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက " ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် နှစ်ခုမှာ ပထမတစ်ခုကတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္တုပစ္စည်းများ အက်ဥပဒေ၊ မတရားအသင်း အက်ဥပဒေ၊ လက်နက်ဥပဒေ၊ မူးယစ်ဆေးဥပဒေ၊ သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အဲ့ဒီ ဥပဒေ (၇)ခုနဲ့ တရားစွဲခံထားရတဲ့သူတွေမှအပ ကျန်တာတွေနဲ့ ပြစ်ဒဏ်ကျခံနေတဲ့သူတွေကို ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပါတယ်" ဟု ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူ လူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ အရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉(စ) အရပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ)အက်ဥပ အရပြစ်မှုများ၊ ၁၉၅၁ ခုနှစ်လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသား/သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားသည်။
“ဒီနေရာမှာတော့ မီဒီယာများ မေးမြန်းနေတဲ့ ဘယ်သူ့ကို ဘယ်လောက်သက်သာခွင့် ပေးသလဲ။ ဘယ်ဟာတွေကို ဘယ်လောက်သက်သာခွင့်ပေးသလဲဆိုတာ ခုနက ပြောခဲ့တဲ့ ပြစ်မှု (၇)ခုမှအပ ကျန်တဲ့ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေကို ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့အပြင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူ လူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၁၄၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ထောင်ဒဏ်တစ်သက်မှ ထောင်ဒဏ် ၁၅ နှစ်သို့ လျှော့ပေါ့ပြောင်းလဲပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်ပြုလိုက်ကြောင်းလည်း နစကမှ ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်