Top News

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန် ထိုင်းလိဂ်-၂ ကလပ် ဖရေးယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့
24htopnews | January 6, 2025 1:12 AM CST

 

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်ကောင်းမာန်သည် ထိုင်းလိဂ်-၂ ကလပ် ဖရေးယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။

ဖရေးယူနိုက်တက်အသင်းသည် အောင်ကောင်းမာန်ကို ခေါ်ယူနိုင်ခဲ့ကြောင်း ဇန်နဝါရီ ၃ ရက်တွင် တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး အောင်ကောင်းမာန်အနေဖြင့် ယင်းနေ့မှာပင် အသင်းနှင့် လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့သည်။ အောင်ကောင်းမာန်သည် ၁၁ သင်း မြောက် ပြည်ပကလပ်အသင်းအဖြစ် ဖရေးယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး မလေးရှားကလပ် ကီလန်တန်အသင်းမှ ပြောင်းရွှေ့လာခြင်းဖြစ်သည်။ 

အောင်ကောင်း မာန်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းတွင် စတင်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ပြည်ပကလပ်အသင်းများသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ အောင်ကောင်းမာန်သည် ငါးနှစ်ဝန်းကျင်ကာလအတွင်း ပြည်ပကလပ် ၁၁ သင်း အထိ ပြောင်းရွှေ့ခဲ့ပြီး ထိုင်းကလပ်များဖြစ်သည့် ထရတ်အသင်း၊ လမ်ပန်အသင်း၊ အူဒုံထာနီအသင်း၊ ခွန်ကန်ယူနိုက်တက်အသင်း၊ အူထိုင်းထာနီအသင်း၊ ချောင်ဘူရီအသင်း၊ ကာစတမ်ယူနိုက်တက်အသင်း၊ နာခွန်ရတ်ချာစီမာအသင်း၊ မလေးရှားကလပ် ဆရီပါဟန်းအသင်း၊ ကီလန်တန်အသင်းတို့တွင် ကစားခဲ့ခြင်းဖြစ်သည်။ 

အောင်ကောင်းမာန် သည် ချောင်ဘူရီအသင်းတွင်သာ တစ်ပွဲမှ မကစားရဘဲ အခြားအသင်းများသို့ အငှားချခဲ့ခြင်းဖြစ်သည်။ အောင်ကောင်းမာန်သည် ဖရေးယူနိုက်တက်အသင်းတွင် ကျောနံပါတ် ၁၆ ဝတ်ဆင် ကစားမည်ဖြစ်သည်။ ဖရေးယူနိုက်တက် အသင်းတွင် လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ကျော်ကိုကို ကစားခဲ့ဖူးသည့်အသင်းဖြစ်ပြီး မြန်မာတိုက်စစ်မှူးတစ်ဦးကို ဒုတိယအကြိမ် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

ဖရေးယူနိုက် တက်အသင်းသည် ယခုရာသီတွင် ထိုင်းလိဂ် -၂ ၌ ပါဝင်ကစားနေပြီး ပထမအကျော့အပြီးတွင် ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နေသည်။ ဖရေးယူနိုက်တက်အသင်းသည် လာမည့်ရာသီတွင် ထိုင်းလိဂ်-၁ သို့ တန်းပြန်တက်ခွင့်ရရန် ကြိုးပမ်းနေပြီး ရာသီဝက်တွင် ကစားသမားသစ်များ အားဖြည့်ခြင်းဖြစ်သည်။


READ NEXT
Cancel OK