Top News

သင်္ဃန်းကျွန်းမြို့နယ်ရှိ အလှအပရေးရာ ဆေးခန်းတစ်ခုတွင် အဆီထုတ် Treatment ခံယူရန်သွားရောက်ခဲ့သည့် အမျိုးသမီးတစ်ဦးကို ၆ ရက်ခန့်အကြာတွင် သေဆုံးလျက်တွေ့ရှိ
24htopnews | January 6, 2025 3:12 AM CST

သင်္ဃန်းကျွန်မြို့နယ်ရှိ အလှအပရေးရာဆေးခန်းတစ်ခုတွင် အဆီထုတ် Treatment ခံယူရန်သွားရောက်ခဲ့သည့် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ၆ ရက်ခန့်အကြာတွင် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် သေဆုံးလျက် စွန့်ပစ်ထားသည့်အလောင်းသာ ပြန်လည်တွေ့ရှိခဲ့ကြောင်း အဆိုပါသေဆုံးခဲ့သည့်အမျိုးသမီး၏ သူငယ်ချင်းများထံမှ သိရသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် အသက် ၂၇ အရွယ် မဇာခြည်ဦးဖြစ်ပြီး ၎င်းသည် ဒီဇင်ဘာ ၂၇ ရက်၊ညနေပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ IRIS Beauty Clinic သို့သွားရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မိသားစုနှင့်အဆက်အသွယ်မရတော့သဖြင့် သူငယ်ချင်း၊မိတ်ဆွေများက လူမှုကွန်ရက်နှင့် ရဲစခန်းတို့တွင်

အဆက်သွယ်မရဘဲ လူပျောက်နေသည့်အကြောင်းကို တိုင်ကြားကာ အကူညီတောင်းခံမှုများပြုလုပ်ခဲ့ကြပြီး ဇန်နဝါရီ ၂ ရက်မှ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိကြောင်း သက်ဆိုင်ရာက အကြောင်းကြားလာခဲ့သည်။

မဇာခြည်ဦး၏ သူငယ်ချင်းဖြစ်သူတစ်ဦးက '' သူက ဒီဇင်ဘာ ၂၇ ရက်၊ ညနေပိုင်းမှာ စပျောက်သွားတာပါ။ ပြန်တွေ့တာကတော့ ဇန်နဝါရီ ၂ ရက်နေ့မှာ ပြန်တွေ့ပါတယ်။ ဒဂုံဆိပ်ကမ်းရဲစခန်းက ၂ ရက်နေ့ ညနေပိုင်းမှာ သူ့အလောင်းကို တွေ့တဲ့အကြောင်းကို အကြောင်းကြားလို့ သိရပါတယ်။ ကျောက်တံတားရဲစခန်းမှာ လူပျောက်တိုင်ကြားထားတာပါ။ ရဲစခန်းတွေက အချင်းချင်း ပြန်အကြောင်းကြားလို့ သိရှိရပါတယ် " ဟု ပြောကြားခဲ့သည်။

မဇာခြည်ဦး၏ အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိချိန်တွင် သူမဝတ်ဆင်ထားသည့် လက်ဝတ်လက်စားရတနာများကို တွေ့ရှိရသော်လည်း လက်ကိုင်ဖုန်းကိုမှု မတွေ့ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 '' လောလောဆယ်ကတော့ သူ့မိဘတွေနဲ့ သက်ဆိုင်ရာကတော့ ဆက်လက်ပြီးတော့ စုံစမ်းနေတဲ့အပိုင်းတွေ ရှိပါတယ်။

ညီမတို့က အသေးစိတ်မသိပါဘူး။ ညီမတို့ကတော့ စောစောပိုင်း၊ ပထမပိုင်းမှာ လူပျောက်သွားတာနဲ့ ပတ်သက်ပြီး လူပျောက်တွေ့ဖို့အတွက်ဖုန်းနံပါတ်ထည့်ပေးထားတာပါ " ဟု သူငယ်ချင်းဖြစ်သူက ဆက်လက်ပြောကြားခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ IRIS Beauty Clinic ၏ ပိုင်ရှင်ဆိုသူ အမျိုးသမီးမှာလည်း ၎င်း၏လူမှုကွန်ရက်အကောင့်များကိုပိတ်သိမ်း၍ ထွက်ပြေးတိမ်းရှောင်နေကြောင်း လူမှုကွန်ရက်များတွင် ရေးသားဖော်ပြလျက်ရှိသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် IRIS Beauty Clinic ကို ပိတ်ထားကြောင်း သိရသည်။

'' စခန်းကတော့  (IRIS Beauty Clinic) ပိတ်လိုက်တယ်လို့ ပြောထားပါတယ် '' ဟု သေဆုံးသူ၏ သူငယ်ချင်းတစ်ဦးက ပြောကြားခဲ့သည်။

မဇာခြည်ဦး၏ အလောင်းစွန့်ပစ်ခံရမှုနှင့် ပတ်သက်၍ Veronica Tz အမည်ရှိ Facebook အကောင့်တွင် ယခုကဲ့သို့ မျှဝေဖော်ပြထားသည်။

'' clinic မှာအဆီသွားစုပ်ထုတ်တဲ့ treatment ယူဖို့ Dec 27 ရက်နေ့အလုပ်အပြန်မှာဈေးခန်းကိုသွားပါတယ် ညနေ6 နာရီလောက်ကစလို့ဆက်သွယ်လို့မရတော့လို့လူပျောက်ရှာပြီး January 2 ရက်နေ့မှအလောင်းအားပြန်လည်တွေ့ရှိခဲ့ပါတယ် ဖြစ်စဉ်မှာ clinic ဘက်မှ treatment ယူနေတုန်း လွှဲမှားစွာလုပ်ဆောင်ခဲ့ပြီးတာဝန်မယူဘဲအလောင်းအား လူမဆန်စွာဒဂုံဆိပ်ကမ်းဘက်တွင်အလောင်းသွားဖျောက်ခဲ့ပါတယ် ခုချိန်မှာ clinic ဘက်မှတာဝန်ယူမှုတစ်စုံတစ်ရာမရှိဘဲထွက်ပြေးတိမ်းရှောင်သွားပြီး ဆေးခန်းပိုင်ရှင်ဘက်မှလဲ ငြင်းဆန်၍ရိုင်းပြစွာပြောဆိုပြီးအစဖျောက်ထားသောကြောင့် သူငယ်ချင်းမတရားခံလိုက်ရတဲ့အကြောင်းကိုအားလုံးသိစေချင်လို့‌ နောက်လူတွေလဲသတိနဲ့ဆင်ခြင်နိုင်ပြီး မတရားခံလိုက်ရပြီး အသတ်သေဆုံးသွားတဲ့ ဒီအမှုအမှန်ကိုလဲအမြန်ဆုံးဖော်ထုတ်ချင်လို့ ဝိုင်း  share ပြီးကူညီပေးကြပါဦးနော် " ဟု ရေးသားဖော်ပြထားသည်။


READ NEXT
Cancel OK