Top News

Mizzima သတင်းဌာန နေပြည်တော် သတင်းထောက်ဟောင်းနှင့် BBC သတင်းထောက် တို့ နေပြည်တော်၌ ဖမ်းဆီးခံရ
24htopnews | January 6, 2025 6:12 AM CST

နေပြည်တော်ရှိ BBC သတင်းဌာန၏ သတင်းထောက် ကိုအောင်သူရ နှင့် Mizzima သတင်းဌာန၏ နေပြည်တော် သတင်းထောက်/အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သူ ကိုသန်းထိုက်အောင် တို့ကို ယနေ့ (မတ် ၁၉) ရက် မွန်းတည့် ၁၂ နာရီခန့်က အရပ်ဝတ် ဝတ်ဆင်ထားသူများက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တရားရုံးရှေ့တွင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ခဲ့ရသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။

'' ကားပေါ်က လူ သုံးယောက်၊ လေးယောက် လောက် ဆင်းလာပြီးတော့ လာ ခင်ဗျားတို့နဲ့ စကားပြောစရာရှိလို့ ဆိုတော့ ကျုပ်တို့ ရှေ့နေတွေကလည်း ဘာပြောလို့ ပြောရမှန်း မသိဘူးပေါ့။ သိလို့ပဲ နောက်သလိုလို ဘာလိုလိုနဲ့ဆိုတော့ ပြီးကျမှ ဖမ်းမယ်မှန်းသိမှ ကျုပ်တို့လိုက်ဆွဲလို့လည်း မရဘူးလေ။ ကျုပ်တို့ပါ ခေါ်သွားမှာ အဲ့ကျရင်'' ဟု မျက်မြင်တွေ့ခဲ့ရသည့် အထက်ပါရှေ့နေက ပြောကြားသည်။

ယနေ့ (မတ် ၁၉ ရက်) တွင် ချိန်းဆိုထားသည့် NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၏ ရုံးချိန်းသို့ လာရောက် သတင်းယူပြီးနောက် ၎င်းတို့နှစ်ဦးသည် ယင်းနေရာတွင် ဖမ်းဆီးခေါ်ဆောင်ခံရခြင်း ဖြစ်သည်။

'' မြင်လိုက်တယ်။ ကျွန်တော်တို့ ရှေ့တင်ပဲ၊ စကားပြောစရာရှိလို့ပါဆိုပြီးတော့ မလိုက်ဘူး၊ ဒီမှာတင်ပြောမယ်ဆိုတော့ ဇွတ်ခေါ်သွားတာ'' ဟု မျက်မြင်တွေ့ခဲ့ရသည့် အထက်ပါရှေ့နေက ပြောကြားသည်။

ကိုအောင်သူရနှင့် ကိုသန်းထိုက်အောင် တို့အား မည်သည့်အဖွဲ့က ဖမ်းဆီးသွားကြောင်းနှင့် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။


READ NEXT
Cancel OK