Top News

ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသည့် NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အား ရုံးထုတ်ခြင်း မရှိဘဲ မှုခင်းစီမံခန့်ခွဲမှု (CMP) အစည်းအဝေး ပြုလုပ်၍ ဧပြီ ၂ ရက်သို့ ရုံးချိန်း ပြန်လည်ချိန်းဆို
24htopnews | January 6, 2025 6:12 AM CST

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသည့် NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အား ယနေ့(မတ် ၁၉ ရက်)တွင် ရုံးထုတ်ရမည်ဖြစ်သော်လည်း ရုံးထုတ်နိုင်ခြင်း မရှိဘဲ ဧပြီ ၂ ရက်သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုကြောင်း သိရသည်။

မတ် ၁၉ ရက် ရုံးချိန်းတွင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ ပြီးခဲ့သည့် ရုံးချိန်းက လျှောက်ထားခဲ့သည့် ဦးဝင်းထိန်၏ ကျန်းမာရေးအခြေအနေကြောင့် ၎င်း၏ ရှေ့နေများမှ အာမခံလျှောက်ထားမှုကို အမိန့်ချရန်ရှိသော်လည်း Video Conferencing ဖြင့် ရုံးထုတ်ခြင်းမရှိခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုးက ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုးက '' ဒီနေ့က အာမခံလျှောက်ထားတဲ့အပေါ်မှာ အမိန့်ချဖို့၊ နောက် Open Court အနေနဲ့ စစ်ဆေးမှုကိစ္စမှာ လျှောက်လဲချက်ပေးဖို့၊ နောက်တွေ့ဆုံခွင့်ပေါ့၊ စွပ်စွဲခံရသူနဲ့ တွေ့ဆုံခွင့်အတွက် လျှောက်လဲချက်ပေးဖို့ ချိန်းထားတာ။ ဒီနေ့ကြတော့ ရဲတပ်ဖွဲ့ရဲ့တင်ပြချက်၊ ဦးဝင်းထိန်ကို Video Conferencing နဲ့လည်း မထုတ်ဘူး။ လူလည်း မတင်ပြနိုင်ဘူး။ အဲကျတော့ လျှောက်လဲချက်လည်း ကြားနာလို့မရဘူး။ အမိန့်လည်း ချလို့မရဘူး။ အခုက ခုံရုံးဖွဲ့လိုက်တယ်'' ဟု ပြောကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်အရ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၏ အမှုကို စစ်ဆေးရန်အတွက် ခုံရုံးဖွဲ့စည်းခဲ့ပြီး အဖွဲ့ ဥက္ကဋ္ဌအဖြစ် ခရိုင်တရားသူကြီး၊ အဖွဲ့ဝင်အဖြစ် ဒုတိယခရိုင်တရားသူကြီးတို့က ဆောင်ရွက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုးက ပြောကြားသည်။

'' Video Conferencing မလုပ်နိုင်တာက အကျဉ်းထောင်ဘက်က သူတို့ဘက်မှာ လိုင်းချိတ်လို့ အဆင်မပြေဘူးဆိုတဲ့အကြောင်း ရဲတပ်ဖွဲ့ဘက်က တင်ပြတယ်လို့ ပြောတယ်။ အဲ့လိုတော့ သိရတယ်။ တင်ပြတာတော့ ကျွန်တော်တို့ရှေ့မှာ တင်ပြတာမဟုတ်ဘူး။ တရားသူကြီးကို အစောပိုင်းကတည်းက တင်ပြထားပုံရတယ်။(ဒီနေ့ ရုံးမထုတ်ဘူးလို့ ပြောလို့ရလား) ဟုတ်တယ်၊ ရုံးမထုတ်ဘူးလို့ ပြောလို့ရတယ်။ တစ်ခုပဲရှိတယ်၊ တရားရုံးက ကျွန်တော်တို့ကို ကူညီတာ တစ်ချက်ရှိတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ စွပ်စွဲခံရသူနဲ့ ဖုန်းတိုက်ရိုက် ဆက်ခွင့်ပေးတယ်။ စွပ်စွဲခံရသူဖုန်းကို တိုက်ရိုက်တော့မဟုတ်ဘူး။ အဲ့မှာ တာဝန်ကျနေတဲ့သူရဲ့ ဖုန်းကို တရားရုံးရဲ့ တာဝန်ရှိသူတစ်ဦး ဖုန်းကနေ လှမ်းဆက်ပြီးတော့မှ ဖုန်းစပီတာတင်မဟုတ်ဘူး၊ ဘောက်နဲ့ပါ တွဲဖွင့်ပြီး အများကြားအောင်ဖွင့်လို့ ပြောပြခဲ့ရတယ်။ အဲ့တာတော့ ရုံးချိန်း အသိပေးရုံလောက်ပဲရှိတယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုးက ပြောကြားသည်။

ဦးဝင်းထိန်၏ အမှုကို ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးမည်ဟု သတ်မှတ်ခဲ့ကြောင်းလည်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုးက ပြောကြားသည်။

'' ဒီနေ့မှာ CMP လုပ်လိုက်တယ်။ အဲ့တာတွေ မလုပ်နိုင်လို့ CMP လုပ်လိုက်တယ်။ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးလုပ်လိုက်တော့ ကျွန်တော်တို့က ရိုးရှင်းတဲ့အမှုအနေနဲ့ သတ်မှတ်လိုက်တယ်။ ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးမယ်ဆိုပြီး အဲလို သတ်မှတ်လိုက်တယ်၊ တရားသူကြီးက သတ်မှတ်လိုက်တာပေါ့။ အဲတာ ထူးခြားချက်က ဘာမေးတုန်းဆိုတော့ သူက ဒီအမှုကို ကျေအေးရန် ဆန္ဒရှိ၊ မရှိက မေးကို မေးရတယ်။ ဘာလို့ ထူးခြားတာလဲဆိုတော့ ဥပဒေအရာရှိဘက်ကို မေးတော့ သူတို့က ဆန္ဒမရှိဘူးပဲ ဖြေတယ်။ ကျွန်တော်တို့ ဘက်ကကျတော့ စွပ်စွဲခံရသူနဲ့ ကျွန်တော်တို့ အခုအချိန်အထိ လုံးဝမတွေ့ရသေးဘူး။ မတွေ့ရသေးတဲ့အတွက်ကြောင့် ဒါက ကြေအေးမယ်၊ မကြေအေးပေးနိုင်ဘူး ဆိုတာ ဆန္ဒရှိ၊ မရှိက မပြောနိုင်ဘူးဆိုပြီး ဖြေကြားခဲ့တယ်။ တကယ်လည်း အခုအချိန်အထိ လုံးဝမတွေ့ရသေးဘူး။ နောက်ရုံးချိန်းမှာ ချိန်းလိုက်တာက အာမခံကိစ္စကို အမိန့်ချမှတ်ဖို့ မဟုတ်တော့ဘဲနဲ့ ခုံဖွဲ့လိုက်ပြီဖြစ်တဲ့အတွက်ကြောင့် ပြန်ကြားနာမယ်။ နောက်တစ်ခုက Open Court အနေနဲ့ အများသူငှာရှေ့မှောက်မှာ စစ်ဆေးဖို့ကိစ္စ ပြန်လည် ကြားနာမယ်။ နောက်တစ်ခါ လူတွေ့ဆုံခွင့်ကိစ္စကိုလည်း စွပ်စွဲခံရသူနဲ့ ကျွန်တော်တို့ ရှေ့နေတွေ တွေ့ဆုံခွင့်ကိစ္စကိုလည်း လျှောက်လဲချက် ကြားနာမယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုးက ပြောကြားသည်။


READ NEXT
Cancel OK