Top News

ဖားကန့်မြို့နယ်ရှိ ရဲတပ်ရင်း စခန်းအချို့အား ကချင်လက်နက်ကိုင်အဖွဲ့(KIA) တိုက်ခိုက်
24htopnews | January 6, 2025 6:12 AM CST

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု နန့်မှော်ရွာ အရှေ့တောင်ကုန်းရှိ  ရဲတပ်ရင်းစခန်းအပါအဝင် ယင်းအနီးတစ်ဝိုက်ရှိ ရဲတပ်ရင်းစခန်းအချို့အား ကချင်လက်နက်ကိုင်အဖွဲ့(KIA) က ယနေ့(မတ် ၁၈ ရက်) နံနက် ၁ နာရီကျော်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ရဲတပ်ရင်းစခန်း သုံးခုခန့် တိုက်ခိုက်ခံရကြောင်းနှင့် ပစ်ခတ်သံများသည် နံနက် ၂ နာရီကျော်တွင် ရပ်ဆိုင်းသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဆိုင်းအောင်ကျေးရွာမှ ဒေသခံတစ်ဦးက '' ပစ်သံကြားတော့  မနက်၁ နာရီ ၄၅ မိနစ်က ပေါက်ကွဲသံကြားတယ်။ ကျွန်တော်တို့နဲ့ နှစ်ဖာလုံလောက် ဝေးတယ်။ မနက် ၂ နာရီကျော်တော့ ရပ်သွားတယ်။ အကျအဆုံးလည်းမသိရဘူး။ မနက်ပိုင်းတော့ ကားတွေ အများကြီးနဲ့ လာသွားတယ်။ပြောင်းတာလားမသိဘူး။ ရဲကင်းနားက မှော်လကင်ရွာက လူတွေကတော့ နီးစပ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားခိုနေကြတယ်။ နန့်မှော် အုပ်ချုပ်ရေးအဖွဲ့က ပြောတာလည်း သူတို့ရွာဘက်က လည်းဘုန်းကြီးကျောင်းကို ရှောင်နေကြတယ်တဲ့''ဟု ပြောကြားသည်။

ယင်းပစ်ခတ်မှုအတွင်း မော်လကင်ရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၄၁ နှစ်အရွယ် ဦးကျော်ဇံဘမှာ နေအိမ်တွင် အိပ်နေစဉ် လက်နက်ကြီးစဟု ယူဆရသည့် အပိုင်းအစထိမှန်ခဲ့ကာ သွေးထွက်များနေသဖြင့် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

နန့်မှော်ကျေးရွာ အရှေ့တောင်ကုန်းတွင် ရဲတပ်ရင်း စခန်းတစ်ခုရှိပြီး ရွာအနောက်ဘက်သံသုံးတောင်ကုန်းတွင် တပ်မတော်စခန်းရှိနေကြောင်း ဒေသခံများက ပြောကြားသည်။

အလားတူ ဖားကန့်-ဆိပ်မူသွားလမ်းပေါ်တွင် ယနေ့( မတ် ၁၈ ရက်) မွန်းလွဲ ၁ နာရီခန့်က ရီးမုမိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် တပ်မတော် စစ်ကြောင်းက မပေါက်ကွဲသေးသည့် မိုင်းနှစ်လုံးကိုလည်း ယူဆောင်သွားကြောင်း မြင်တွေ့ခဲ့သူတစ်ဦးက ဆိုသည်။

ကချင်ပြည်နယ်တွင်  မတ် ၁၁ ရက်တွင် ဖားကန့် ဇယ်ဇင်းဒေသ၊ မတ် ၁၂ ရက်တွင် ကာမိုင်းဒေသ၊ မတ် ၁၅ ရက်တွင် တနိုင်း-လီဒိုလမ်းပိုင်းနှင့် မြစ်ဆုံအထက်ပိုင်း ဒေသများတွင် တပ်မတော်နှင့် KIA အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

 


READ NEXT
Cancel OK