Top News

အလုပ်သမား ထောင်သောင်းချီရှိတဲ့ စက်ရုံတွေမှာ COVID-19 ကာကွယ်ရေးအတွက် ထိရောက်အောင် လုပ်နိုင်ပါ့မလား
24htopnews | January 6, 2025 2:12 PM CST

တစ်စုံတစ်ယောက်က တစ်နေ့တစ်မျိုး မရိုးရအောင် ဖမ်းစားနိုင်တဲ့သတင်းက ဘာလဲလို့ မေးလာခဲ့ရင် COVID-19 ရောဂါ ကူးစက်ခံရမှု အကြောင်းကိုပဲ လက်ညှိုးညွှန်ပြမိမှာ အသေအချာပါပဲ။ တကယ်လည်း COVID-19  ရောဂါကူးစက်ခံရမှု သတင်းတွေက တစ်နေ့တစ်မျိုး ရိုးသွားတယ်လို့ မရှိပါဘူး။

ဘယ်မြို့နယ်ရဲ့ ဘယ်လမ်းမှာတော့ COVID-19 Case 144 လူနာ ဘယ်နှဦးတွေ့ပါပြီ။ နောက်တစ်မြို့ နယ်မှာလည်း ဘယ်နှဦး ထပ်တွေ့ပြန်ပါပြီ စသဖြင့် ရောဂါကူးစက်သူ အရေအတွက်ဟာ နေ့စဉ်များပြားနေပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန Facebook Page က ကူးစက်ခံရသူ ဘယ်နှဦး ထပ်တိုးပါတယ်။ ဘယ်နှဦးသေဆုံးပါတယ်ဆိုတဲ့ အမင်္ဂလာသတင်းတွေကြောင့် မြန်မာပြည်သူတွေရဲ့ စိတ်နှလုံး ညစ်နွမ်းလှပါပြီ။

အလုပ်သမား ထောင်နဲ့ချီ၊ သောင်းနဲ့ချီ အလုပ်လုပ်နေတဲ့ စက်ရုံတွေမှာ COVID-19 ရောဂါ ကူးစက်ပြန့်ပွားသွားမှာကို အရင်က စိုးရိမ်ခဲ့ကြပါတယ်။

အခုတော့ အားလုံးစိုးရိမ်နေကြတဲ့အတိုင်း COVID-19 ဟာ အလုပ်သမားထောင်သောင်းချီရှိတဲ့ စက်ရုံဆီ တံခါးမခေါက်ဘဲ ရောက်ရှိလာပါပြီ။

 

ဘယ်စက်ရုံမှာ COVID-19 Positive တွေ့တာလဲ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၄ ရက် ညပိုင်းမှာ Case 140 ကနေ 144 အထိ COVID-19 Positive လူနာငါးဦး ထပ်မံတွေ့ရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီထဲမှာ အသက် ၂၄ နှစ်အရွယ် အမျိုးသား Case-144 လူနာဟာ လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန်၊ အပြင်ပဒံရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းမှာရှိတဲ့ ချန်းရိဖိနပ်စက်ရုံက တရုတ်စကားပြန်ပဲ ဖြစ်ပါတယ်။

Case-144 လူနာ စကားပြန်အဖြစ် အလုပ်လုပ်ကိုင်တဲ့ ချန်းရိဖိနပ်စက်ရုံမှာ အလုပ်သမားတစ်သောင်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Case-144 လူနာရဲ့ နေရပ်လိပ်စာကို ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ်လို့ ထုတ်ပြန်ထားပါတယ်။

တကယ်တော့ ဒီလူနာဟာ COVID-19 Positive မဖြစ်မီ ချန်းရိဖိနပ်စက်ရုံမှာ ဧပြီ ၉ ရက်အထိ အလုပ်ဆင်းခဲ့ပါတယ်။ စက်ရုံအလုပ်သမားတွေရဲ့ ပြောပြချက်အရ သူဟာ ဧပြီ ၁၅ ရက်အထိ ရန်ကုန်မှာ နေထိုင်ခဲ့ပြီးမှ မိုးညှင်းကို ပြန်သွားတာဖြစ်တယ်လို့ သိရပါတယ်။

“ ရောဂါတွေ့တဲ့ စကားပြန်က ၉ ရက်အထိ စက်ရုံထဲမှာ ရှိနေတုန်း။ ၁၅ ရက်မှ ရန်ကုန်ကနေ ပြန်သွားတာ။ အခုကတော့ အလုပ်ထဲမှာ အလုပ်သမားတွေ စိုးရိမ်နေကြတယ်” လို့ ချန်းရိဖိနပ်စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂ ခေါင်းဆောင် ကိုချစ်ကိုကိုအောင်က ပြောပါတယ်။

မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ မြို့နယ်ကျန်းမာရေးဦးစီးမှူးတို့က ချန်းရိဖိနပ်စက်ရုံမှာ Case-144 လူနာနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ ကွင်းဆက်ကို လိုက်နေပါတယ်။

“ လောလောဆယ် ကျန်းမာရေးဦးစီးမှူးနဲ့ တာဝန်ရှိသူတွေသွားပြီး သူရဲ့ကွင်းဆက်တွေကို လိုက်နေပါတယ်။ စက်ရုံမှာ သူနဲ့ ထိတွေ့ခဲ့တဲ့ လူတွေကိုတော့ရပြီ။ နောက်ပြီးဆေးခန်းပြခဲ့တဲ့ အပြင်ဆေးခန်းကို ဆက်လိုက်နေပါတယ်” လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။

Case-144 လူနာက COVID-19 ရောဂါကို ဘယ်ကနေ ကူးစက်ခံရတာလဲဆိုတာ အဖြေရှာဖို့လိုပါပြီ။ သူစကားပြန်လုပ်တဲ့ တရုတ်လူမျိုးတွေဆီက ကူးစက်တာလား၊ ဒါမှမဟုတ် တခြားဘယ်သူတွေဆီက ကူးစက်တာလားဆိုတာ မသိရသေးပါဘူး။ သူ့ဆီကနေ တခြားစက်ရုံ အလုပ်သမားတွေကို ကူးစက်သွားပြီလားဆိုတာ စောင့်ကြည့်ဖို့ လိုနေပါပြီ။

 

Case-144 လူနာရဲ့ နောက်ဆက်တွဲ ဂယက်

ချန်းရိဖိနပ်စက်ရုံမှာ COVID-19 Positive လက္ခဏာတွေ့ရှိတဲ့အတွက် ဒီစက်ရုံမှာအလုပ်လုပ်နေတဲ့ အလုပ်သမားတွေ ရတက်မအေး ဖြစ်နေကြတယ်။ Positive လူနာဆီကတစ်ဆင့် ရောဂါ ကူးစက်သွားမလားဆိုတဲ့ သံသယစိတ်တွေဝင်နေကြတယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်တွေမှာ ဆောင်ရွက်ရမယ့် ညွှန်ကြားချက်တွေအတိုင်း လိုက်နာမှု ရှိ၊ မရှိ ချန်းရိဖိနစ်စက်ရုံကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးမှုတွေ ပြီးသွားတာကြောင့် ဧပြီ ၂၅ ရက်မှာတော့ အလုပ်သမားတစ်သောင်းခန့်ရှိတဲ့အနက် အလုပ်သမား ၂၀၀၀ ကျော်ကို စက်ရုံက အလုပ်ပြန်ဆင်းခိုင်းပါတယ်။ Case-144 လူနာဟာ ချန်းရိစက်ရုံက စကားပြန်ဖြစ်တဲ့ဆိုတာကို စက်ရုံက ဧပြီ ၂၅ ရက် နံနက်ပိုင်းက သိကြတာပါ။ ဒါကြောင့် စက်ရုံဝန်ထမ်းတွေကို နေ့တစ်ဝက်ပဲ အလုပ်ဆင်းခိုင်းပြီး အိမ်ပြန်လွှတ်လိုက်ပါတယ်။

ဒါပေမဲ့ Positive လူနာတွေ့တဲ့ စက်ရုံက အလုပ်သမားတွေဖြစ်တာကြောင့် အဆောင်မှာ နေခွင့်မပေးတော့လို့ ချန်းရိစက်ရုံအလုပ်သမားတွေ နေစရာအခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်ရုံကနေ နေ့တစ်ဝက်ဆင်းပြီး  ပြန်လာတဲ့အလုပ်သမားတွေကို တွံတေးမြို့နယ် တမံကြီးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အိမ်တွေဆီကို အဝင်မခံတော့ဘူးလို့ ချန်းရိစက်ရုံအလုပ်သမား မအေးစန္ဒာက ပြောပါတယ်။

“ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျွန်မတို့ကို အိမ်တွေထဲပေးမဝင်ဘဲ စာသင်ကျောင်းထဲမှာ ထားထားတယ်။ အယောက် ၄၀ ယောက်ရှိတယ်” လို့ မအေးစန္ဒာက ပြောပါတယ်။ လက်ရှိမှာတော့ Case-144 လူနာနဲ့  စက်ရုံမှာ အတူတူနေထိုင်တဲ့ သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ လူတွေကို Quarantine ခေါ်ဆောင်သွားပြီလို့ သိရပါတယ်။

 

တခြားစက်ရုံတွေ မကူးအောင်လုပ်ဖို့ လိုနေပြီ

COVID-19 Case-144 လူနာနဲ့ စက်ရုံတစ်ခုတည်း အလုပ်အတူတူဆင်းခဲ့တဲ့ အလုပ်သမားတွေထဲမှာ ဘယ်သူတွေ ကူးစက်ခံနေရပြီလဲဆိုတာ မသိရသေးပါဘူး။

ဒါကြောင့် ချန်းရိစက်ရုံ အခြေခံအလုပ်သမား သမဂ္ဂခေါင်းဆောင် ခုနစ်ဦးကတော့ သူတို့ကိုယ်တိုင်  Quarantine ဝင်ဖို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စာရေးသား တောင်းဆိုထားပါတယ်။

“ လူနာနဲ့ အတူတူနေတဲ့သူတွေ၊ ထိတွေ့ခဲ့တဲ့သူတွေကို Quarantine ခေါ်သွားပြီ။ ကျွန်တော်တို့စက်ရုံ အလုပ်သမား ခေါင်းဆောင် ခုနစ်ယောက်လည်း Quarantine ဝင်ဖို့ စာတင်ထားပါတယ်။ ဒီနေ့ စက်ရုံ ပြန်ဖွင့်တော့ အလုပ်သမား ၂၀၀၀ အလုပ်ဆင်းတယ်။ တကယ်သာဒီလူတွေထဲမှာ ရောဂါရှိခဲ့ရင် ကူးစက်ခံနေရလောက်ပြီ” လို့ ချန်းရိစက်ရုံက ကိုချစ်ကိုကိုအောင်က ပြောပါတယ်။ 

ချန်းရိစက်ရုံမှာ Positive လူနာတစ်ဦး တွေ့ပြီဆိုတော့ တခြားစက်ရုံတွေမှာလည်း Positive လူနာ မတွေ့နိုင်ဘူးလို့ ပြောလို့မရဘူး။

ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက အမိန့်ကြေညာချက်တွေ၊ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး COVID-19 ရောဂါကူးစက်ပြန့်ပွားမှုနှုန်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်အထိ ကျန်းမာရေးကိစ္စနဲ့ အစားအသောက် ဝယ်ယူရန်မှလွဲ၍  အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တယ်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စားသောက်ကုန်၊ ဆေးနှင့် ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေက လွဲ၍ ဟိုတယ်၊ တည်းခိုခန်းနှင့် ခရီးသွားပို့ဆောင်ရေးလုပ်ငန်းများ အပါအဝင် ကျန်လုပ်ငန်းတွေ အားလုံး ဧပြီ ၇ ရက်ကနေ ဧပြီ ၂၁ ရက်အထိ ရပ်နားထားဖို့ ပြည်သူတွေထံ ပန်ကြားခဲ့တယ်။ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလည်း ညွှန်ကြားချက်တွေ အသီးသီးထုတ်ပြန်ပြီး COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါ့ပြင် COVID-19 Positive လူနာတွေ့ရှိရာ မြို့နယ်၊ ရပ်ကွက်နဲ့ လမ်းတွေမှာလည်း ထုတ်ပြန်ချက်တွေ၊ အမိန့်ကြေညာချက်တွေ ထုတ်ပြီး ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

 

အလုပ်သမားတွေအတွက် ရှင်းလင်းတိကျမှု မရှိတဲ့ ထုတ်ပြန်ချက်တစ်စောင်

ပျင်းရိခြောက်ကပ်စရာကောင်းပြီး ရေမစိုလိုက်ရတဲ့ သင်္ကြန်ပိတ်ရက်တွေ ကုန်ဆုံးအပြီးမှာတော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဧပြီ ၁၉ ရက် ညပိုင်းမှာ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့တယ်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ မြန်မာနိုင်ငံလုံးမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ သတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ပြီးမှ ဖွင့်ခွင့်ပြုမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့တွေက ဧပြီ ၂၀ ရက်ကနေ ၃၀ ရက်အတွင်း သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေကို စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဧပြီ ၂၀ ရက်မှ စတင်အသက်ဝင်မယ့် ထုတ်ပြန်ချက်ကို ဧပြီ ၁၉ ရက် ညပိုင်းမှသာ အချိန်ကပ်ပြီး ထုတ်ပြန်ခဲ့တဲ့အတွက် ညွှန်ကြားချက်ကို လိုက်နာဖို့ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းရှင်တွေဟာ အခက်အခဲတွေ ရှိခဲ့တယ်။

ထုတ်ပြန်ချက်ထဲမှာ ဧပြီ ၂၀ ရက်မှ  ၃၀ ရက်အတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟုသာပါရှိပြီး ဧပြီ ၂၀ ရက်တွင် အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်၊ စက်ရုံများသို့ သွားရောက်၍ အလုပ်လုပ်ရမည် သို့မဟုတ် မလုပ်ရဟု ရှင်းရှင်းလင်းလင်း ရေးသားထားခြင်းမရှိပါဘူး။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မရှင်းလင်းတဲ့အတွက် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ဆက်သွယ်မေးမြန်းခဲ့ရာ မရှိမဖြစ်လုပ်ငန်းများ (ဆေးဝါးထုတ်လုပ်ရေးနှင့် စားသောက်ကုန်ထုတ်လုပ်ရေးစသည့် လုပ်ငန်းများ) နှင့် အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများမှလွဲ၍  ကျန်လုပ်ငန်းများ ပိတ်ထားရမည်ဖြစ်တယ်လို့ ပြောပါတယ်။

“အဓိက ကတော့ မရှိမဖြစ်ဝန်ဆောင်မှု  လုပ်ငန်းရယ်၊ အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းတွေက လွဲလို့ ကျန်တဲ့ဟာတွေ ပိတ်ထားရမယ့် သဘောပါပဲ။ ကုမ္ပဏီတွေလည်း ပိတ်ရမှာပါ။ ညွှန်ကြားချက်ကို မလိုက်နာရင် အရေးယူသွားမယ်” လို့ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောပါတယ်။

ဆေးဝါးနဲ့ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်တဲ့စက်ရုံတွေအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှ လုပ်ငန်း လည်ပတ်ခွင့်ရမှာဖြစ်ပါတယ်။ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို မသိလိုက်တဲ့ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေဟာ ဧပြီ ၂၀ ရက်နံနက်ပိုင်းမှာ လုပ်ငန်းခွင်ရှိရာဆီကို အလုပ်လာဆင်းကြပါတာမျိုးတွေ ရှိတယ်လို့ သိရတယ်။

 

မရှင်းလင်းတဲ့ ထုတ်ပြန်ချက်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် တောင်းပန်

COVID-19 ကာလတွင် စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်သမားများ၏ အရေးကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အလုပ်သမားရေးရာအမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းအထွေထွေအတွင်းရေးမှူး၊ UMFCCI တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် စသူတို့ လူမှုကွန်ရက်မှတစ်ဆင့် အွန်လိုင်းဆွေးနွေးပွဲကို ဧပြီ ၂၂ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

အွန်လိုင်းဆွေးနွေးပွဲမှာ ဒေါ်ခိုင်ခိုင်နွယ်က ဧပြီ၂၀ ရက်မှ ၃၀ ရက်အထိ အလုပ်ပိတ်ရန် ညွှန်ကြားချက်ကို ဧပြီ ၁၉ ရက် ညပိုင်းမှ ကြေညာတဲ့အတွက် လိုက်နာပြင်ဆင်ရန် အခက်အခဲများစွာရှိခဲ့တဲ့အကြောင်း  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့ပါတယ်။

“ ညွှန်ကြားချက်တွေကို သေချာလိုက်နာနိုင်ဖို့ အရေးကြီးပါတယ်။ လိုက်နာဖို့အတွက်ဆို ပထမဆုံးအနေနဲ့ ပြင်ဆင်ချိန်လိုပါတယ်။ ပြင်ဆင်ချိန်လို့ ပြောတဲ့အခါမှာ သင်္ကြန်ပိတ်ရက်ပြီးတော့မှ မနက်ဖြန်ဖို့ ဖွင့်တော့မှာကို ဒီည ၈ နာရီကြေညာလိုက်တဲ့အခါ ကျွန်မတို့လုပ်ငန်းလုပ်ရတဲ့အခါမှာ ပြင်ဆင်ချိန် အလွန်နည်းသွားတဲ့အတွက် ပြောရဆိုရ အကြောင်းကြားရတာ ကသောင်းကနင်းတွေ တော်တော်ဖြစ်သွားပါတယ်။ ပြီးတော့မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ အများကြီးကြုံရပါတယ်” လို့ ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

ညွှန်ကြားချက်ထုတ်ပြန်မှု အချိန်ကပ်သွားသည့်ကို လက်ခံကြောင်းနှင့် တောင်းပန်ကြောင်း၊ အခြေအနေအရ မြန်မြန်ထုတ်ပြန်ရတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အွန်လိုင်းဆွေးနွေးပွဲမှာ ပြောပါတယ်။

“ ညွှန်ကြားချက်တွေ ထုတ်တာ သိပ်ပြီး ကပ်သွားတယ်ဆိုတာ ဒါလည်း လက်ခံပါတယ်။ တောင်းပန်ပါတယ်။ အခြေအနေအရပေါ့။ မြန်မြန်ထုတ်ဖို့လိုတယ်ဆိုလို့ ထုတ်လိုက်တာ။ တကယ်တော့လည်း စောစောစီးစီးကတည်းက စဉ်းစားပြီး ထုတ်သင့်တယ်ဆိုတာ သဘောပေါက်ပါတယ်။ နောက်ဆိုအချိန်မီ ဖြစ်အောင်လို့ ကြိုတင်ထုတ်ဖို့စီစဉ်ပါ့မယ်” လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ရှင်းလင်းတိကျမှုမရှိတဲ့ ထုတ်ပြန်ချက်တစ်စောင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တောင်းပန်စကားဆိုခဲ့ရပါတယ်။

 

စက်ရုံ၊ အလုပ်ရုံတွေကို စစ်ဆေးပြီးမှ ဖွင့်ခွင့်ပြုမည်

ဧပြီ ၂ဝရက်ကနေ ၃၀ ရက်အတွင်းမှာ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်တဲ့စက်ရုံတွေကို အဓိကထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက စစ်ဆေးနေပါတယ်။

ဒီလိုစစ်ဆေးရာမှာ ကျန်းမာရေးဝန်ကြီးဌာနက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ခွင်များအတွင်း ဆောင်ရွက်ရမယ့် အချက် ၁၀ ချက်နှင့် အချက်ခွဲ ရှစ်ချက်ကို ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ထားတဲ့ အချက်တွေကတော့ နေအိမ်မှ အလုပ်လုပ်ရန် ဖြစ်နိုင်တဲ့ အလုပ်သမားတွေကို နေအိမ်တွင်သာ အလုပ်လုပ်စေရန်၊ နေအိမ်မှ အလုပ်လုပ်ရန် မဖြစ်နိုင်သော အလုပ်သမားတွေကို ခြောက်ပေ အကွာအဝေးရှိစေရန်၊ အလုပ်သမားများအတွက် ပါးစပ်နှင့် နှာခေါင်းစည်းများ၊ လက်အိတ်များ တပ်ဆင်ရန် ညွှန်ကြားထားခြင်းနှင့် လုံလောက်စွာထောက်ပ့ံပေးရန်၊ COVID-19 ရောဂါလက္ခဏာ ခံစားနေသော အလုပ်သမားများကို လုပ်ငန်းခွင်သို့ မဝင်ရောက်စေဘဲ ကျန်းမာရေးဌာနသို့ သွားရောက် ဆေးကုသမှုခံယူနိုင်ဖို့ စီစဉ်ပေးရန်၊ ဝန်ထမ်းများကို ကြိုပို့ယာဉ်များစီစဉ်ပေးရန်၊  လုပ်ငန်းခွင်ဝင်ထွက်ပေါက်များ၌ အပူချိန်တိုင်းတာရန်၊ လုပ်ငန်းခွင်အတွင်း လက်ဆေးနိုင်ဖို့ စီစဉ်ပေးရန်၊ လုပ်ငန်းခွင်အတွင်း အမှိုက်ပုံးများ လုံလောက်စွာထားရှိပေးရန်နှင့် တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်း စနစ်တကျစွန့်ပစ်နိုင်ရန် စီစဉ်ပေးခြင်း၊ ထမင်းစားခန်းအတွင်း တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာတွင် စားသောက်ဖို့ စီစဉ်ပေးရန်နှင့် လုပ်ငန်းခွင်အတွင်း လေဝင်လေထွက်ကောင်းမွန်အောင် စီစဉ်ပေးရန်စတာတွေပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်အတွင်းမှာရှိတဲ့ ဆေးဝါးနဲ့ စားသောက်ကုန်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံနဲ့ အခြားစက်ရုံတွေကို အဖွဲ့ ၁၄ ဖွဲ့ခွဲ၍ စစ်ဆေးခဲ့ရာ ဧပြီ ၂၄ ရက်အထိ စက်ရုံ ၃၀၀ ကျော်အထိ စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

“ ဒီနေ့စစ်ဆေးမှုအပါအဝင်ဆိုရင် လှိုင်သာယာမြို့နယ်အတွင်းမှာ စက်ရုံ ၃၀၀ ကျော်လောက် စစ်ဆေးပြီးပါပြီ။ စစ်ဆေးတဲ့ စက်ရုံတွေက အဓိကက စားသောက်ကုန်ထုတ်လုပ်တဲ့ စက်ရုံတွေကို အဓိက ဦးစားပေးတယ်။ ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံ၊ စားသောက်ကုန်ထုတ်လုပ်တဲ့ စက်ရုံပြီးမှ အခြားစက်ရုံတွေကို စစ်ဆေးမှာပါ” လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပါတယ်။

စက်ရုံတွေကို စစ်ဆေးရာမှာ သတ်မှတ်ချက်များနှင့် ကိုက်ညီသော စက်ရုံများရှိသလို သတ်မှတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်မှု မရှိသော စက်ရုံတွေရှိတယ်လို့ သိရပါတယ်။

“ သတ်မှတ်ချက်နဲ့မကိုက်ညီတဲ့ စက်ရုံတချို့ရှိတယ်။ အဲဒါကို ပြင်ဆင်ခိုင်းတယ်။ သူတို့ပြင်ဆင်တဲ့ရက်က နှစ်ရက်ကြာမလား၊ သုံးရက်ကြာမလား၊ တစ်ပတ်ကြာမလား စသည်အားဖြင့်ပေါ့။ အဲဒီလိုပြင်ဆင်ပြီးတဲ့ အချိန်ကျရင် ပြန်တင်ပြ တင်ပြပြီးရင် လာရောက်စစ်ဆေးမယ်။ စစ်ဆေးပြီးတော့ ဒါကို ကိုက်ညီမယ်ဆိုရင် တိုင်းဒေသကြီးကို တင်ပြပြီးတော့ လည်ပတ်ဖို့အတွက် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသော စက်ရုံတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ၍ တိုင်းအစိုးရအဖွဲ့၏ အတည်ပြုချက် ရလျှင် စက်ရုံကို ပြန်လည်လည်ပတ်ခွင့်ပြုမယ်လို့ သိရပါတယ်။

 

ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလည်ပတ်နေသော စက်ရုံများရှိနေ

ဧပြီ ၂၀ ရက်ကနေ ၃၀ ရက်အထိ မရှိမဖြစ်လုပ်ငန်းတွေနဲ့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်း တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ လိုက်နာခြင်း ရှိ၊ မရှိ စိစစ်ပြီးမှ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ဆေးမှု မခံယူရသေးဘဲ စက်ရုံလည်ပတ်နေတဲ့ စက်ရုံတွေ ရှိနေတယ်လို့ သိရပါတယ်။  မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်သို့ လုပ်ငန်း လည်ပတ်နေသည့်အတွက် တိုင်ကြားထားသော စက်ရုံ အရေအတွက်ဟာ ဧပြီ ၂၅ ရက်အထိ  ၆၉ ခုရှိတယ်လို့ သိရပါတယ်။

“ ကျွန်မတို့လက်ထဲမှာ လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံ ၆၉ ရုံ စာရင်း ရောက်နေပါတယ်။ ဒီစက်ရုံတွေကို အစိုးရက တရားစွဲထားတာ တစ်ရုံမှ မကြားရသေးဘူး။ ကျွန်မတို့က COVID-19 ကို ကူးစက်မခံရအောင် လုပ်နေချိန်မှာ အလုပ်ရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုက အရမ်းအရေးကြီးတယ်။ အလုပ်ရှင်တွေ ပူးပေါင်းပါဝင်ပေးကြဖို့ ပြောချင်တယ်။ ဖြစ်နိုင်ရင် UMFCCI အလုပ်ရှင်အဖွဲ့ချုပ်အနေနဲ့ သူတို့အလုပ်ရှင် အချင်းချင်းကို စာထုတ်ပေးစေချင်တယ်။ နောက်ပြီး အထည်ချုပ်လုပ်ငန်းရှင်များအသင်းက အထည်ချုပ်လုပ်ငန်းတွေ ပိတ်ပေးဖို့ သူတို့ လုပ်ပေးသင့်တယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ လက်ထောက်အထွေထွေ အတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးကတော့ စစ်ဆေးမှု မခံယူရသေးဘဲ လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံအနည်းငယ်သာရှိပြီး ဧပြီ ၃၀ ရက် အမှီချုပ်လုပ်ပြီးသော အထည်များ သင်္ဘောပေါ်တင်ပေးမည်ဟု ကတိကဝတ်ကြောင့် အလုပ်သမားအနည်းငယ်ဖြင့် လုပ်ငန်းလည်ပတ်သော စက်ရုံတွေရှိတယ်လို့ ပြောပါတယ်။

“ မစစ်သေးဘဲ လည်ပတ်တဲ့ စက်ရုံက အတော်လေး နည်းပါတယ်။ ကျွန်တော်တို့ အထည်ချုပ်လုပ်ငန်းက ကတိကဝတ်တွေနဲ့ အလုပ်လုပ်ရတာကိုး။ ဧပြီ ၂၀ မှာ အလုပ်ပြန်လုပ်မယ်ဆိုတော့ ဧပြီ ၃၀ မှာ သင်္ဘောပေါ်ချုပ်ပြီးသား အထည်တွေ တင်ပေးပါ့မယ်လို့ ပြောထားတာတွေရှိတယ်။ သင်္ကြန်ပိတ်ရက်ခံလိုက်တော့ မီးပူတိုက်ဖို့ ကျန်တာတို့၊ ခေါက်ဖို့ကျန်တာတို့၊ စစ်ဆေးဖို့ ကျန်တာတို့ ရှိကြတာပေါ့။ အဲဒီစက်ရုံတွေက အလုပ်သမား ၁၀၀၀ ရှိရင် အလုပ်သမား ၁၀၀၊ ၂၀၀ လောက်နဲ့ အပြီးသတ်လုပ်တာတွေ ရှိနိုင်တာပေါ့” လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။  

စစ်ဆေးမှုမခံရသေးဘဲ လုပ်ငန်း လည်ပတ်နေသည့် စက်ရုံတွေကို အရေးယူနိုင်ရန် တွန်းအားပေးသွားမယ်လို့ သိရပါတယ်။

“ မစစ်ဆေးရသေးဘဲ လုပ်ငန်း လည်ပတ်နေတယ်ဆိုရင် သက်ဆိုင်ရာ ဥပဒေအရ အရေးယူဖို့လုပ်ရမယ်။ စစ်ဆေးရေးအဖွဲ့တွေကလည်း ဒီလိုဖွင့်နေတဲ့စက်ရုံတွေကို ဘာကြောင့် ဒီလိုဖွင့်နေလဲဆိုတာ အမြန်ဆုံး ဝင်ရောက်စစ်ဆေးရမယ်။ ဥပဒေနဲ့မညီဘဲ ဖွင့်တယ်ဆိုရင် ဖွင့်တယ်ဆိုရင် အရေးယူဖို့ တွန်းအားပေးပါမယ်။ အလုပ်သမား တစ်ထောင်ကျော်နှင့်အထက် စက်ရုံတွေက အမြန်ဆုံးစိစစ်ရမဲ့ ဦးစားပေးထဲမှာ ပါပါတယ်” လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောကြားပါတယ်။

 

စက်ရုံတွေမှာ COVID-19 ပြန့်ပွားသွားရင် ထိန်းချုပ်ဖို့ ခက်မယ်

အလုပ်သမားထောင်နဲ့ချီရှိတဲ့ စက်ရုံတွေက အလုပ်သမားတွေ အချင်းချင်း COVID-19 ရောဂါ ကူးစက်သွားမယ်ဆိုရင် သူတို့ မိသားစုတွေရှိတဲ့ အိမ်တွေ၊ အဆောင်တွေနဲ့ သူတို့ ထိတွေ့ဆက်ဆံတဲ့ လူတွေဆီကို ကူးစက်ပြန့်ပွားသွားနိုင်ပါတယ်။  

ရန်ကုန်တိုင်းက စက်မှုဇုန် ၂၉ ဇုန်နဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ စက်ရုံ၊ အလုပ်ရုံပေါင်း ၆၆၃၂ ရုံရှိပြီး အလုပ်သမားပေါင်း ၆၈ဝဝဝဝကျော် အလုပ်လုပ်ကိုင်နေပါတယ်။

ဒီလိုသိန်းနဲ့ချီတဲ့ အလုပ်သမားတွေကြားမှာသာ အချင်းချင်းအပြန် အလှန်ကူးစက်သွားမယ်ဆိုရင် ဒီရောဂါကို ထိန်းချုပ်လို့ရမှာ မဟုတ်တော့ဘူး။

“ အကယ်၍များ ထောင်ချီရှိတဲ့ စက်ရုံတွေက အလုပ်သမားက ကူးသွားပြီဆိုရင် ထောင်ချီရှိတဲ့ ဒီအလုပ်သမားတွေနဲ့ ထိတွေ့လူတွေကို လိုက်ရှာဖို့ တော်တော်ခက်ခဲတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့် COVID ကူးစက်မခံရဖို့ ကြိုတင်ကာကွယ်ချင်တယ်ဆိုရင် စက်ရုံတွေ ယာယီပိတ်ထားခြင်းရသာ အကောင်းဆုံးဖြစ်တယ်လို့ ပြောချင်တယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ လက်ထောက် အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ပြောပါတယ်။

အလုပ်ရှင်တွေအနေနဲ့လည်း အစိုးရရဲ့ ညွှန်ကြားချက်တွေအတိုင်း တိတိကျကျလိုက်နာပြီး စက်ရုံတွေ ခေတ္တ ယာယီပိတ်ထားပေးဖို့ လိုပါတယ်။ အလုပ်သမားတွေလည်း စားဝတ်နေရေးကြောင့် အဆင်မပြေတာကြောင့် အလုပ်ဆင်းတာမျိုးမလုပ်ဖို့ လိုပါတယ်။ ဒီကပ်ရောဂါဟာ တစ်ကမ္ဘာလုံးအရေး၊ တစ်နိုင်ငံလုံး အရေးကိစ္စဖြစ်သည့်အတွက် တောင့်ခံထားဖို့ လိုပါတယ်။ COVID-19 ရောဂါကြောင့် လုပ်ငန်းရှင်တွေ စီးပွားရေးအရ ဆုံးရှုံးမှုတွေရှိသလို အလုပ်သမားတွေလည်း စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

“ ဒီရောဂါက အထည်ချုပ်လုပ်ငန်းတွေတင် မဟုတ်ဘူး။ ကူလီထမ်းတဲ့ လူကနေ ဘီလျံနာအထိ ဒုက္ခရောက်တာပဲ။ ကျွန်တော်တို့ကတော့ခံစစ်ကို အကောင်းဆုံး ပြင်ထားတယ်။ မေလမှာ ပြန်ကောင်းလာမယ်လို့လည်း မပြောနိုင်ဘူး။ မေလမှာ ရောဂါက အဆိုးဆုံးလည်း ဖြစ်သွားနိုင်တာပဲ။ အဲဒီတော့ အဆိုးဆုံးကိုမျှော်လင့်ပြီး စစ်ဆေးရေးနဲ့ ပြင်ဆင်ရေးခံစစ်ကတုပ်ကို လုပ်ကြတာပဲ။ အဲဒီ ခံစစ်နဲ့ ရအောင်တိုက်သွားရမှာပဲ။ တတ်နိုင်သလောက် ကြိုးစားပြီး ခုခံသွားမှာပဲ” လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဦးမြင့်စိုးက COVID-19 ရောဂါနဲ့ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောပါတယ်။


READ NEXT
Cancel OK