
ဧပြီ ၂၅ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၄၄ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ငါးဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ကိုးဦးရှိပြီဖြစ်သည်။
ယခုဆိုလျှင် မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ဖြစ်ပွားကူးစက်မှုကာလ တစ်လကျော်လာပြီဖြစ်ပြီး ရောဂါတွေ့ရှိနှုန်းမှာလည်း ယခင်ကထက် သိသိသာသာ များပြားလာပြီဖြစ်သည်။ ဧပြီလဆန်းပိုင်းမှစ၍ COVID-19 ရောဂါဖြစ်ပွားမှုကာလတွင် ပြည်သူ့ဆေးရုံများ၌ လူနာများ ပြုံကျမနေစေရန်နှင့် ကူးစက်နှုန်းတတ်နိုင်သမျှ လျှော့ချပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်အချို့တွင် ဖျားနာလူနာများကုသမှု ဆေးခန်း (Fever Clinic) များ ဖွင့် လှစ်ကုသပေးလျက်ရှိသည်။ အဆိုပါ Community Fever Clinic များတွင် အဓိကအားဖြင့် ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာစသော COVID သံသယလက္ခဏာ လူနာများကို ကြည့်ရှုစစ်ဆေးပေးပြီး ရောဂါစောင့်ကြည့် ကုသရန်လိုအပ်သော လူနာများ တွေ့ရှိလာပါက သက်ဆိုင်ရာဆေးရုံကြီးသို့ လွှဲပြောင်း ဆေးကုသပေးလျက်ရှိသည်။
COVID လူနာရှာဖွေရေးတွင် အထောက်အကူဖြစ်ခဲ့သည့် အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာမာမာကြည်က “ Fever Clinic က Community ထဲမှာ COVID ပြန့်ပွားမှုကို စောစောရှာမယ်။ ရောဂါစစ်ဆေးမယ်။ ပြီးရင် လူနာတွေကို လိုအပ်တဲ့ကုသမှုပေးမယ်။ နောက်တစ်နေရာမှာ Contain လုပ်ထားမယ်ပေါ့။ အခုဒါက အောင်မြင်တာပေါ့။ အခုလောလောဆယ်တော့ လူနာကလာတာ များနေတယ်။ တစ်နေ့ကို လူနာ ၃၀ လောက် လာတယ်။ ကျွန်မတို့ ဆေးရုံမှာက Isolation လူနာအတွက်က Limit ရှိတယ်။ အခုရန်ကုန်မှာဆို Quarantine နေရာတွေကလည်း အရမ်းများတယ်။ စောင့်ကြည့်လူနာတွေလည်း တိုးနေတယ်။ အဲဒီတော့ စစ်ဆေးရတဲ့ လူဦးရေလည်းများလာတဲ့အတွက် အရင်ရက်တွေက နံနက် ဓာတ်ခွဲနမူနာပို့ရင် ညဆိုရပြီ။ အခုဆို ၂၄ နာရီနဲ့ အဖြေမရတော့ဘူး။ ၄၈ နာရီစောင့်ရတယ်။ အဲဒီတော့ လူနာအသစ်ကိုတင်ဖို့က နည်းနည်း အခက်အခဲရှိနေတယ်။ အခုဆိုဖျားတယ်။ ချောင်းဆိုးတယ်။ လည်ပင်း နာတယ်ဆိုရင် COVID သံသယရှိတယ်။ ကိုယ့်အိမ်မှာ ကိုယ်နေရမယ်။ အပြင်မထွက်ရဘူး။ စျေးလည်း မသွားရဘူး။ လျှောက်လည်းမလည်ရဘူး။ အိမ်ထဲမှာပဲနေ။ အိမ်မှာလည်း လူကြီးတွေရှိရင် သီးသန့်နေ။ တစ်ယောက်တည်း သီးသန့်ခွဲနေခိုင်းရတယ်။ အခုဆေးရုံဘက်မှာ အခက်အခဲတွေရှိနေပေမဲ့ လူနာတွေအတွက် ကြိုးစားနေတယ်။ ဆေးရုံမှာ ယာယီနေရာတွေ ချဲ့ဖို့လုပ်နေပါတယ်” ဟု ဆိုသည်။
လက်ရှိ Community Fever Clinic များကို လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်များတွင် ဖွင့်လှစ်ကုသပေးလျက်ရှိပြီး အဓိကအားဖြင့် အဖျားရောဂါ လက္ခဏာရှိသူများကိုသာ ကြည့်ရှုပေးပြီး COVID-19 ရောဂါ သံသယလက္ခဏာပြသော လူနာများကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းကုသပေးလျက်ရှိသည်ဟု ဆိုသည်။
“ ကျွန်တော်က ပြင်ပက ဆရာဝန်တစ်ယောက်ပါ။ လှိုင်သာယာမှာ Fever Clinic လုပ်ဖြစ်တာက လှိုင်သာယာက လူဦးရေအရမ်းများတော့ ကျွန်တော့်အနေနဲ့ တစ်ကိုယ်ရေ စိုးရိမ်မှုရှိတယ်။ ဒါနဲ့ ကျွန်တော်က ဘာလုပ်ပေးနိုင်မလဲဆိုတာကို ရှာကြည့်ပြီး မြို့နယ်ဆရာဝန်ကြီးဆီ ကျွန်တော်သွားတယ်။ အဲဒီအချိန်တုန်းက အင်းစိန်မှာ Fever Clinic ကစနေပြီ။ အဲဒီမှာ Fever Clinic ဖွင့်ဖို့အတွက် သင်တန်းစပေးတယ်။ အဲဒီသင်တန်းကို ကျွန်တော်သွားတက်တဲ့အချိန်မှာ လှိုင်သာယာမှာလည်း Fever Clinic ရှိဖို့ လိုအပ်လာပြီဆိုပြီး မြို့နယ်ဆရာဝန်ကြီးနဲ့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးနဲ့ သွားတွေ့တယ်။ အဲဒီက စလုပ်ဖြစ်တာပါ။ လှိုင်သာယာမှာ ဧပြီ ၁၁ ရက်က စဖွင့်တာပါ။ အခုဆို ဆေးခန်းမှာ လူနာတွေတိုးလာပြီ။ တစ်နေ့ကို ၃၀ လောက်ရှိလာပြီ။ ကျွန်တော်တို့ ဆေးခန်းက ဖျားနာလူနာကို ဦးတည်ထားတဲ့အတွက် တခြားရောဂါနဲ့ လာပြတဲ့လူနာတွေကို လက်ခံပေးလို့မရဘူး။ ဖျားတဲ့သူကိုပဲ ကြည့်ပေးတယ်။ ဒီဆေးခန်းမှာ အခုချိန် မဖျားဘဲ လာရင် အဖျားကူးသွားနိုင်တယ်။ ဆေးခန်းကနေ ရောဂါပိုး ဖြန့်တဲ့နေရာမဖြစ်အောင် ကျွန်တော်တို့က အခုချိန်မှာ အစစအရာရာ သတိထားနေရတယ်။ ဖျားတဲ့သူဆိုရင်တော့ ဆေးခန်းကိုလာခဲ့ပါ။ နိုင်ငံခြားပြန်တွေ၊ ပြည်တော်ပြန်တွေလည်း လာပြပါ။ လှိုင်သာယာဆေးရုံကြီးမှာလည်း ပြလို့ရပါတယ်” ဟု လှိုင်သာယာမြို့နယ်ရှိ Fever Clinic ဦးဆောင်သူ ဒေါက်တာနိုင်မင်းထွဋ်က ဆိုသည်။
COVID-19 ရောဂါအတွက် ဆေးရုံအခြေပြု ဖျားနာလူနာများ ကုသမှုဆေးခန်း (Fever Clinic) များ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းလမ်းညွှန်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
ပြင်ပလူနာဌာန Out Patient Department (OPD) ၊ အရေးပေါ်ကုသမှုဌာန (Emergency Department ) COVID-19 ရောဂါအတွက် Hospital-based Fever Clinic/ Fever Corner ဖွင့်လှစ်ဆောင်ရွက်မှု အားဖြည့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းလမ်းညွှန်ကို COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆေးရုံများတွင် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လမ်းညွှန် (Version 3) (Updated as of 26-3-2020) ပါ ပြင်ပလူနာဌာန/ အရေးပေါ် လူနာဌာနတွင် လူနာများအား စိစစ်စစ်ဆေးခြင်း ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် အချက်အလက်များအပေါ် ဖြည့်စွက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ Hospital-based Fever Clinic/ Fever Corner များအနေဖြင့် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် ဆောင်ရွက်လျက်ရှိသည့် Protocol (A) နှင့် (B) ၊ မြောက်ဥက္ကလာပဆေးရုံကြီး၏ SOP for Fever Clinic တို့ကို လိုအပ်သလို ကိုးကား၍ ဆေးရုံအလိုက် Protocol ရေးဆွဲဆောင်ရွက်ရန်၊ ကိုယ်အပူချိန်တက်ခြင်း Fever ဖြင့် လာရောက်ပြသသောလူနာများအတွက် ဆေးရုံဝင်းအတွင်း သင့်လျော်သောနေရာတွင် သီးခြားဝန်ထမ်းများတာဝန်ချ၍ Fever Clinic ဖွင့်လှစ်ပေးရန်၊ ဆိုင်းဘုတ်ထားရှိရန်၊ ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ် ဖော်ပြထားရန်၊ လက်ထောက်ဆရာဝန် (ဆေးပညာ) သို့မဟုတ် အထူးကုဆရာဝန် (ဆေးပညာ) တစ်ဦး ကြီးကြပ်၍ လက်ထောက်ဆရာဝန် တစ်ဦး၊ သူနာပြု နှစ်ဦး၊ ဆေးမှတ်တမ်း သို့မဟုတ် ဆေးလူမှုဆက်ဆံရေးဝန်ထမ်း တစ်ဦး၊ အလုပ်သမားဝန်ထမ်း နှစ်ဦးမှ လေးဦး သီးသန့်တာဝန် ပေးအပ်ထားရန်၊ လူနာများနှင့် အဖော်လိုက်ပါသူများ အနည်းဆုံး သုံးပေမှ ခြောက်ပေအကွာတွင် ထိုင်၍ စောင့်နိုင်ရေးအတွက် နေရာများ ထိုင်ခုံများ စီစဉ်ပေးထားရန်၊ Patient Examination Beds, Thermometer (Non- touch) လူနာစမ်းသပ်ရန် အခြေခံလိုအပ်သော ပစ္စည်းများ Stethoscope, Sphygmomanometer, Plulse Oxymeter) ,PPE, Hand Washing Facilities စီစဉ်ပေးထားရန်၊ ကိုယ်အပူချိန်တက်သော လူနာများအား COVID-19 ရောဂါနှင့်ဆက်စပ်သည့် ရောဂါ ရာဇဝင်များ ရှိ မရှိ Patient Record Form ကို အသုံးပြု၍ မေးမြန်းရန်၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကုသရေးဦးစီးဌာနက ပြုစုဖြန့်ဝေထားသည့် COVID-19 ရောဂါနှင့်ပတ်သက်၍ ဆေးရုံများ၌ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်နှင့်အညီ သတ်မှတ်ပေးထားသော Standard Precaution များကို တိကျစွာလိုက်နာရန်နှင့် PPE ဝတ်ဆင်ရန်၊ COVID-19 ရောဂါသံသယရှိပါက လူနာအား Nasopharyngeal swab/ Propharyngeal swab ကို သတ်မှတ်ချက်များနှင့်အညီရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ရန်နှင့် Nasopharyngeal swab/ Propharyngeal swab ယူနိုင်ရေး လိုအပ်ချက်များ စီစဉ်ပေးရန်၊ Nasopharyngeal swab/ Propharyngeal swab ယူထားသည့် လူနာအားဆေးရုံတင်ထားရန်၊ PUI/ Hospital Quarantine အဖြစ် သတ်မှတ်၍ သတ်မှတ်နေရာများတွင် ထားရှိရန်၊ လူနာများထားရှိရန်နေရာနှင့် သွားလာရမည့် လမ်းကြောင်းများကို သတ်မှတ်ထားရန်၊ ဆေးရုံတင်ရန် မလိုအပ်ပါက Facility Quarantine သို့ လွှဲပြောင်းပေးပို့နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ကုသရေး ဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်နှင့် လူနာနှင့်ပတ်သက်သော အချက်အလက်များကို ကုသရေးဦးစီးဌာနသို့ ၂၄ နာရီအတွင်း ပုံစံ (က) ကို အသုံးပြု၍ မပျက်မကွက် သတင်းပေးပို့ရန်တို့ဖြစ်ကြောင်း သိရသည်။
“ ဆေးခန်းဖွင့်တယ်ဆိုကတည်းက ပိုက်ကွန်အကြီးကြီးနဲ့ လူနာတွေကို ဖမ်းတာပေါ့။ အဓိက ရည်ရွယ်တာက အခုချိန်မှာ ကူးစက်မှု လျှော့ချဖို့ပဲ။ သံသယဖြစ်ဖို့ အကောင်းဆုံး လူတွေ ဥပမာ ပြည်တော်ပြန်တွေ ရပ်ကွက်ထဲမှာ ဖျားနာနေတဲ့သူကို ပြည်သူလူထုထဲကနေ ဖယ်ထုတ်ရမယ်။ သူ့ကို သီးသန့် တစ်နေရာမှာထားတယ်။ သူတို့ကို စောစောစီးစီး ဆေးကုပေးတယ်။ သူတို့နဲ့ ထိတွေ့တဲ့ မိသားစုကိုလည်း Quarantine လုပ်ထားတဲ့အတွက် တကယ်လို့များ သူတို့မှာရှိနေမယ်ဆိုရင် တခြားသူတွေကို မကူးစက်တော့ဘူး။ ဒီလိုနည်းနဲ့ ကူးစက်မှုလျှော့ချနေတာပေါ့။ အခု Fever Clinic ကတော့ ပိုက်အကြီးကြီးနဲ့ ဖမ်းတာပေါ့။ ကျွန်တော်တို့ထဲမှာလည်း လွတ်သွားတာ တွေရှိနိုင်တယ်။ ကျွန်တော်တို့က တတ်နိုင်သလောက် သံသယအရှိဆုံး လူနာတွေကို ဖမ်းပြီးတော့ဆေးရုံကို ပို့တယ်။ ဆေးရုံကမှ လိုအပ်တာတွေ ထပ်စစ်တယ်။ အမျိုးသားဓာတ်ခွဲဌာနကို ပို့တယ်။ အဲဒီကနေမှ လူနာတွေ တွေ့လာတာပါ” ဟု ဒေါက်တာနိုင်မင်းထွဋ်က ပြောကြားသည်။
လက်ရှိ ဖွင့်လှစ်ထားသော Fever Clinic များအပြင် ဧပြီ ၂၇ ရက်မှစ၍ တောင်ဥက္ကလာပနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်များတွင် ဖျားနာလူနာများကုသမှုဆေးခန်း Fever Clinic ကို စတင်ဖွင့်လှစ်မည်ဖြစ်သည်။
မြို့နယ်အချို့တွင် ဖွင့်လှစ်ထားသည့် Fever Clinic များနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒေါက်တာသက်ခိုင်ဝင်းက “ Fever Clinic တွေမှာ ဖျားတယ်၊ နာတယ် နှာစေး ချောင်းဆိုးတဲ့ လူနာတွေကို ကိုင်တွယ်တဲ့အခါ အန္တရာယ်များတယ်လို့ ကျွန်တော့်အနေနဲ့မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေသည် COVID လည်းဖြစ်နိုင်သလို တခြားလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ COVID လူနာဆိုရင် ကူးစက်နိုင်တဲ့အတွက်ကြောင့် ဒီလူနာတွေကို ကိုင်တွယ်တဲ့အခါမှာ လိုအပ်တဲ့အကာအကွယ်ပစ္စည်းရှိမှာသာလျှင် ဒီလိုလူနာမျိုးတွေကို လက်ခံသင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူ့ဆေးရုံတွေမှာလည်း Fever နဲ့ပတ်သက်ပြီးတော့ Fever Clinic ဆိုပြီး သတ်သတ်လုပ်ထားတာတွေလည်း ရှိပါတယ်။ ဆေးရုံကို ရောက်လာတာနဲ့ နှာစေးချောင်းဆိုး လက္ခဏာဖြစ်ပြီဆိုတာနဲ့ သူတို့ကို တစ်ခါတည်း ခွဲထုတ်ပြီးတော့ သက်ဆိုင်ရာ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းများက အကာအကွယ်ပစ္စည်း အပြည့်အစုံ ဝတ်ဆင်ပြီးတော့မှ စမ်းသပ်တာဖြစ်ပါတယ်။ နောက်ဒီလို Clinic တွေကို သက်ဆိုင်ရာသင်တန်းပေးပြီးသား ဆရာဆရာမများနဲ့ ပူးပေါင်းပြီးတော့ ဖွင့်နေတဲ့ ဆေးခန်းတွေလည်း ရှိပါတယ်။ အဲဒါမျိုးဆိုရင်တော့ သူတို့ကတော့ အကာအကွယ်ပစ္စည်းစနစ်တကျ SOP Guideline တွေနဲ့ဖွင့်တဲ့ ဆေးခန်းတွေဆိုရင်တော့ ဆက်ဖွင့်သင့်ပါတယ်။ အဲလိုလုပ်ထားတာမျိုး မဟုတ်ဘူးဆိုရင်တော့ အများကြီးအန္တရာယ် ရှိပါတယ်” ဟု ပြောကြားထားသည်။
စေတနာ့ဝန်ထမ်း ဆရာဝန်များ ဦးဆောင်ဖွင့်လှစ်ကုသနေသော Fever Clinic များနှင့်ပတ်သက်၍ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာမာမာကြည်က “ ဖျားနာတဲ့လူနာတွေမှာ COVID လူနာတွေ ပါလာနိုင်တယ်။ ဒါတွေကို စနစ်တကျ ကိုင်တွယ်မယ်ဆိုရင်တော့ ကိုယ့်ကို မကူးစက်ရင် ဘေးအန္တရာယ် ကင်းဝေးတယ်။ အခုဆိုရင် တချို့ GP ဆရာဝန်တွေက ကြောက်ကြတယ်။ N95 တို့ PPE တို့မရှိတော့ လူနာမကိုင်ရဲဘူး။ ဆေးခန်းတွေ ပိတ်ထားတယ်။ သူတို့မှ မဟုတ်ဘူး။ ကျွန်မလည်း ကျွန်မရဲ့ Private မှာ ကျွန်မ မထိုင်ရဲဘူး။ ဆေးခန်းထိုင်တဲ့အချိန် ရိုးရိုး နှာခေါင်းစည်းပဲ စည်းထားမယ်ဆိုရင်လည်း အဆင်မပြေဘူး။ COVID သံသယလူနာဝင်လာလို့ ကျွန်မ PPE မဝတ်ထားဘူးဆိုရင် ထိနိုင်တယ်။ အချိန်တိုင်းလည်း PPE ကို ဝတ်ထားဖို့ အဆင်မပြေဘူးလေ။ ဒါတွေ မဝတ်ဘဲ ကြည့်လို့ ထိသွားရင်လည်း မလွယ်ဘူး။ ဒါကြောင့် ကြောက်တယ်။ ကျွန်မလည်းကြောက်တယ်။ တခြား GP ဆရာဝန်တွေလည်း ကြောက်မှာပဲ။ အဲဒီတော့ ဆေးခန်းတွေ မဖွင့်ကြဘူး။ မဖွင့်ကြတော့ လူနာက ဘယ်ကိုသွားမလဲ။ အခု အင်းစိန် Clinic မှာ မြောက်ဒဂုံတို့ သင်္ဃန်းကျွန်းက လူနာတောင် လာပြကြတယ်။ အခုချိန်မှာ Fever Clinic လုပ်တာက အသုံးတည့်တယ်။ အခုလို စေတနာ့ဝန်ထမ်းလုပ်ပေးနေတဲ့ ဆရာဝန်တွေရှိတာလည်း အရမ်းကောင်းတယ်။ ဒါပေမဲ့ အဖွဲ့မှာ လုပ်နေတဲ့ ခေါင်းဆောင် တစ်ယောက်ကတော့ ဘေးအန္တရာယ် ကင်းအောင် PPE ဘယ်လိုဝတ်တယ်။ ဘယ်လို ချွတ်တယ်။ လူနာကို ဘယ်လိုကိုင်တွယ်တယ်။ ကျွန်မတို့အနေနဲ့လည်း ညွှန်ကြားချက်တွေ ထပ်ထပ်ပေးပါတယ်” ဟု သူမ၏ အမြင်ကို ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်