Top News

COVID-19 Fund က နောက်ထပ်ချေးငွေ ဘယ်လောက်ထုတ်ချေးနိုင်မလဲ
24htopnews | January 6, 2025 2:12 PM CST

(၁)

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသည့် စီးပွားရေးလုပ်ငန်းများကို COVID-19 Fund က ချေးငွေများ စတင်ထုတ်ချေးလျက်ရှိသည်။

Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/ ၂၀၂၀) ၏ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှုအများဆုံး ခံစားရသည့် လုပ်ငန်းများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင် ့ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား အလတ်စားစီးပွားရေး လုပ်ငန်းများကို ဦးစားပေး ကုစားရမည့်ကဏ္ဍအဖြစ် သတ်မှတ်၍ ကျပ်ဘီလျံ ၁၀၀ ဖြင့် COVID-19 ထူထောင်၍ ချေးငွေများ ထုတ်ချေးပေးရန် ဆုံးဖြတ်ခဲ့သည်။

ချေးငွေများ ထုတ်ချေးရန်အတွက် ချေးငွေလျှောက်လွှာများကို မတ် ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ လက်ခံခဲ့သည်။ အဆိုပါချေးငွေကို ဦးစားပေးကုစားရမည့်ကဏ္ဍများတွင် အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေးမည် ဖြစ်သည်။ ဦးစားပေးကုစားရမည့်ကဏ္ဍများတွင် သတ်မှတ်ချက်နှင့် အကျုံးဝင် ကိုက်ညီသော စီးပွားရေးလုပ်ငန်းများအနေဖြင့် ချေးငွေရယူနိုင်မည် ဖြစ်သည်။

(၂)

COVID-19 Fund မှ ချေးငွေရရှိနိုင်ရန် သတ်မှတ်ချက်များတွင် COVID-19 ကြောင့် အမှန်တကယ် ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းဖြစ်ရမည်၊ လက်ရှိလည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ရမည် သို့မဟုတ် ကြေညာချက် ထုတ်ပြန်သည့်နေ့မှ ယခင်သုံးလအတွင်း ယာယီရပ်စဲထားပြီး ချေးငွေရရှိပါက ချက်ချင်း ပြန်လည်စတင်လည်ပတ်နိုင်သည့် လုပ်ငန်းဖြစ်ရမည်၊ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်/လုပ်ငန်းလိုင်စင် ရထားပြီးသည့် လုပ်ငန်းဖြစ်ရမည် ဖြစ်သည်။

လွန်ခဲ့သည့်နှစ်နှစ်အတွင်း နှစ်စဉ်ဝင်ငွေရရှိနေသောလုပ်ငန်း ဖြစ်ရမည်၊ ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိသည့် လုပ်ငန်းဖြစ်ရမည်၊ ချေးငွေအား ဝန်ထမ်းနှင့် လုပ်သားများ လစာပေးရန်နှင့် လက်ရှိ လုပ်ငန်းလည်ပတ်ရန်ကိစ္စအတွက်သာ အသုံးပြုမည့်လုပ်ငန်းဖြစ်ရမည်။

ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်ရုံးက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် ကုမ္ပဏီမဖြစ်စေရ၊ ကုမ္ပဏီ မဟုတ်သော စီးပွားရေးလုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် စီးပွားရေးလုပ်ငန်းမဖြစ်စေရ။

ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန် ပေးဆောင်ထားသည့် လုပ်ငန်းဖြစ်ရမည်။ လူမှုဖူလုံရေး ထည့်ဝင်ကြေး ပုံမှန်ထည့်ဝင်ထားသည့်လုပ်ငန်းကို ဦးစားပေးနိုင်သည်။ ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီ မဟုတ်ပါက ချေးငွေရယူသည့်လုပ်ငန်းပိုင်ရှင်မှ ချေးငွေအား ပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးနိုင်ရမည် စသည့်အချက်များ ပါဝင်သည်။

ချေးငွေရယူရန်တင်ပြလာသည့် လျှောက်လွှာများကို စိစစ်ပြီးနောက် ဦးစားပေး ကုစားရမည့်ကဏ္ဍများတွင်  သတ်မှတ်ချက်များနှင့် အကျုံးဝင် ကိုက်ညီသောချေးငွေ လျှောက်လွှာများအနက် ပထမအသုတ်အဖြစ် လုပ်ငန်း ၈၈ ခုကို ချေးငွေကျပ် သန်း ၆၀၀၀ နီးပါး ထုတ်ချေးခဲ့သည်။

(၃)

ထို့နောက် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းများအတွက် ဒုတိယအသုတ်အဖြစ် လုပ်ငန်းပေါင်း ၁၁၀ ကျော်ကို ချေးငွေကျပ် သန်း ၅၀၀၀ ခန့်ထုတ်ချေးရန် ပြင်ဆင်လျက်ရှိကြောင်း Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီ၊ အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ ပထမ ၈၈ ခု ချေးလိုက်တဲ့ ချေးငွေက သန်း ၅၈၀၀ ကျော်၊ သန်း ၆၀၀၀ နီးနီးလောက် ရှိတယ်။ ဒုတိယထပ်ချေးဖို့ တစ်သုတ်ပြင်နေတယ်။ အဲဒါကလုပ်ငန်းပေါင်း ၁၁၀ ကျော် လောက်ရှိတယ်။ အဲဒါကို ချေးမှာက သန်း ၅၀၀၀ လောက်ရှိတယ်” ဟု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီ၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

 “ အရင် ၈၈ ခုနဲ့ နောက်ထပ် ပေါင်းလိုက်ရင် အားလုံး ၁၀ ဘီလျံကျော်ကျော်လောက် ထုတ်ချေးပြီး သားဖြစ်မယ်။ လျာထားတဲ့ရန်ပုံငွေက ဘီလျံ ၁၀၀ ဖြစ်တော့ ဘီလျံ ၉၀ လောက် ကျန်သေးတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုအများဆုံးခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းများ (SME) ကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ကနဦးမတည် ရန်ပုံငွေကျပ် ဘီလျံ ၁၀၀ မှ ချေးငွေ ထုတ်ချေးခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ကျပ်ဘီလျံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀ စုစုပေါင်း ကျပ် ဘီလျံ ၁၀၀ ကို ကနဦးမ,တည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်သွားမည်ဖြစ်သည်။

အဆိုပါရန်ပုံငွေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ထုတ်ချေးသွားမည်ဖြစ်ပြီး စီးပွားရေးထိခိုက်မှုအပေါ် မူတည်၍ အတိုးနှုန်းနှင့် ချေးငွေကာလကို လိုအပ်သလိုပြန်လည် သုံးသပ်သွားမည်ဟု သိရသည်။

CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးမည့် ဒုတိယသုံးလပတ်အတွက်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည့် တတိယသုံးလပတ်အတွက်လည်းကောင်း သုံးလတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန်များကို စက်တင်ဘာ ၃၀ ရက်အထိ ပေးဆောင်နိုင်သည်ဟုဆိုကာ ဖြေလျှော့မှုများ ပြုလုပ်ပေးထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မတ် ၃၁ ရက်တွင် ကုန်ဆုံးမည့်လအတွက်မှ စတင်၍ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၃၁ ရက်တွင် ကုန်ဆုံးမည့် လအတွက်အထိ လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို စက်တင်ဘာ ၃၀ ရက်အထိ ပေးဆောင်နိုင်သည်ဟု သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးမည်ဖြစ်သည်။

COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုအများဆုံးခံစားရသည့် လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးပေးနေသော်လည်း အခြားတစ်ဖက်တွင် ယင်းချေးငွေ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်သည်။ ထို့ပြင် ချေးငွေရယူထားသည့် လုပ်ငန်းများအနေဖြင့် ချေးငွေပေးဆပ်မှု ပျက်ကွက်ပါက Credit Bureau တွင် Negative List အဖြစ် ထည့်သွင်းခံရမည်ဖြစ်ပြီး ဘဏ်၊ ဘဏ် မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းတို့မှ ချေးငွေရယူနိုင်ခြင်း မရှိစေရန် စီစဉ်သွားမည်ဟု သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်၌ ချေးငွေလျှောက်လွှာ လာရောက်တင်ကြသူများကို ဧပြီလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)

(၄)

COVID-19 ကြောင့် ထိခိုက်ခဲ့ရသည့် လုပ်ငန်းများစွာရှိရာ ယင်း COVID-19 Fund မှ ထုတ်ချေးမည့်ချေးငွေ ကျပ်ဘီလျံ ၁၀၀ ဖြင့် လောက်ငှမှု ရှိနိုင်မည်လား၊ အမှန်တကယ်လိုအပ်နေသည့်လုပ်ငန်းတိုင်း ချေးငွေရရှိနိုင်မည်လား ဆိုသည်ကို လုပ်ငန်းရှင်များက စိတ်ဝင်တစား မျှော်လင့်နေကြသည်။

“ ဘီလျံ ၁၀၀ က လောလောဆယ် ပထမအဆင့်လို့ သိရတယ်။ နောက်ထပ် ဒုတိယအဆင့်တို့ တတိယအဆင့်တို့ လာဦးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော် ထင်တယ်၊ ဒုတိယအဆင့်မှာ ၁၀၀၀ လောက် အထိ တိုးပေးရမယ်လို့တော့ ထင်ပါတယ်။ အခုလည်း ကမ္ဘာ့ဘဏ်ကနေ ချေးငွေဒေါ်လာ သန်း ၅၀ ရထားတယ်။ အစိုးရက ကျပ် ဘီလျံ ၁၀၀ ကို SME ရယ်၊ ဟိုတယ် ခရီးရယ် ကုန်ထုတ်လုပ်ငန်းရယ်ပေါ့။ အဓိကထိခိုက်တဲ့ ကဏ္ဍတွေကို Supporting ပေးမယ်ဆိုပြီးလုပ်တာပေါ့နော်။ ဒုတိယအဆင့်မှာ ဘယ်လိုလာမလဲ မသိသေးပေမယ့် ဘီလျံ ၁၀၀၀ လောက်တော့ ကျွန်တော်တို့က ဖြစ်စေချင်တာပေါ့နော်” ဟု ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးနေလင်းဇင်က သုံးသပ်ပြောကြားသည်။

လက်ရှိတွင် ချေးငွေလျှောက်လွှာများအနက်မှ ပထမအသုတ်အဖြစ် ထုတ်ချေးလိုက်သည့်လုပ်ငန်း ၈၈ ခုကို ကျပ်သန်း ၅၈၀၀ ကျော်နှင့် ဒုတိယအသုတ်အဖြစ် ထုတ်ချေးရန် ပြင်ဆင်နေသည့်ချေးငွေ ကျပ် သန်း ၅၀၀၀၊ နှစ်ခုပေါင်းတွင် ကျပ် ၁၀ ဘီလျံကျော်ကျော်အထိ ထုတ်ချေးတော့မည် ဖြစ်သည်။

“ လျာထားတဲ့ရန်ပုံငွေက ဘီလျံ ၁၀၀ ဖြစ်တော့ ဘီလျံ ၉၀ လောက် ကျန်သေးတယ်။တကယ်လို့ ဘီလျံ ၉၀ မှာဆက်ပြီး ထုတ်ပေးနေတယ်။ အရင် လျှောက်လွှာတင်ထားတဲ့ အဖွဲ့တွေကိုစစ်တာ လျှောက်လွှာပေါင်းက ၃၈၀၀ ကျော်လောက် ရှိတယ်။ အခုထုတ်ပေးတာက ၂၀၀ ကျော်လောက်ပဲ ရှိသေးတာဆိုတော့ ထပ်ပြီး စစ်ဖို့က ၃၆၀၀ လောက်ကျန်သေးတယ်။ အဲဒါကိုထပ်ထုတ်ပေးရင်းနဲ့ တကယ်လို့ငွေက ဘီလျံ ၁၀၀ နဲ့  မလောက်ဘူးဆိုရင်လည်း ထပ်ပြီး ဘတ်ဂျက်ထပ်တောင်းဖို့ရှိပါတယ်” ဟု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီ၊ အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

COVID-19 ကြောင့် လတ်တလော ထိခိုက်နေသည့် မြန်မာ့စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေထုတ်ချေးခြင်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးမည်ဖြစ်သည်။ အဆိုပါ အခွန်နှင့်ပတ်သက်သည့် ဖြေလျှော့ပေးမှုများသည် အခွန်ပေးဆောင်ရမည့်ကာလကို နောက်ဆုတ်ပေးလိုက်သည့် သဘောသာဖြစ်ပြီး အခွန်သက်သာခွင့်ပေးခြင်းမျိုး မဟုတ်ကြောင်း လုပ်ငန်းရှင်အချို့က ထောက်ပြကြသည်။

“ အခု ဘီလျံ ၁၀၀ က ပေးတာ မဟုတ်ဘူး။ ချေးတာ။ အခုချပေးတဲ့ အတိုးနှုန်းကလည်း သက်သာပေမဲ့  အတိုးမပေးရရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ အတိုးနှုန်းကတော့ တဖြည်းဖြည်း ချပေးသွားမယ်ပြောတယ်။ သုည ဒသမ ၅ ကနေ နောက်ပိုင်းမှာဆက်သွားမယ်ပေါ့။ အတိုးနှုန်းက နှစ်ရာခိုင်နှုန်းလောက်အထိ ချပေးရင်တော့ ပိုကောင်းတာပေါ့” ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၁ (စျ) အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အတိုးနှုန်း (Bank Rate) ကို တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းမှ ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲ ပြင်ဆင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဘဏ်များ၏အပ်ငွေများ အပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများမှာ ငွေစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့်အပ်ငွေတို့အပေါ်တွင် ပေးရမည့် အနည်းဆုံးအတိုုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအောက် နှစ်ရာခိုင်နှုန်း (၉ ဒသမ ၅ ရာခိုင်နှုန်း-နှစ်ရာခိုင်နှုန်း= ၇ ဒသမ ၅ ရာခိုင်နှုန်း) ထက် မနည်းစေရဟု သတ်မှတ်ထားသည်။

အာမခံပစ္စည်းများဖြစ်သော မြေ၊ အဆောက်အအုံ၊ ရွှေ-ရွှေထည် ပစ္စည်း၊ စိန်နှင့် အဖိုးတန် ကျောက်မျက်ရတနာများ၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင်ပြုလုပ်နိုင်သည့် ငွေချေး သက်သေခံ လက်မှတ်များနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ လက်ရောက်အပေါင် (Pledge) ၊ ချေးငွေအာမခံ (Credit Guarantee ဖြင့် ထုတ်ချေးသည့် ချေးငွေများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အခါအားလျော်စွာ သတ်မှတ်သည့် အာမခံပစ္စည်းများ စသည်တို့ကို အခြေပြု၍ ထုတ်ချေးသည့် ချေးငွေများ အာမခံပစ္စည်းများ ရယူ၍ ထုတ်ချေးသည့်ချေးငွေများအပေါ်တွင် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းကို ဗဟိုဘဏ် အတိုးနှုန်းအထက် သုံးရာခိုင်နှုန်း (၉ ဒသမ ၅ ရာခိုင်နှုန်း+ သုံး ရာခိုင်နှုန်း= ၁၂ ဒသမ ၅ ရာခိုင်နှုန်း) ထက် ကျော်လွန်၍ ကောက်ခံခြင်းမပြုရန် သတ်မှတ်ထားသည်။

ထို့ပြင် အထက်ပါ အာမခံပစ္စည်းများမှအပ အခြားအာမခံ ပစ္စည်းရယူ၍ဖြစ်စေ၊ အာမခံပစ္စည်း ရယူခြင်းမပြုဘဲဖြစ်စေ၊ ထုတ်ချေးသည့်ချေးငွေများအပေါ်တွင် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ဗဟိုဘဏ် အတိုးနှုန်းအထက် ခြောက်ရာခိုင်နှုန်း (၉ ဒသမ ၅ ရာ ခိုင်နှုန်း+ခြောက်ရာခိုင်နှုန်း= ၁၅ ဒသမ ၅ ရာခိုင်နှုန်း) ထက် ကျော်လွန်၍ ကောက်ခံခြင်းမပြုရဟု သတ်မှတ်ထားသည်။

ဘဏ်များက ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းတွင် ကတိခံကြေး၊ စီမံခန့်ခွဲမှု စရိတ် စသည့် အခကြေးငွေများ ပါဝင်ပြီးဖြစ်ပြီး ဤညွှန်ကြားချက်သည် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်စ၍ အကျိုးသက်ရောက်စေရမည်ဟု နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားသည်။

“ အစိုးရရဲ့အကူအညီတွေထဲမှာ ဘတ်ဂျက်မသုံးဘဲ ချေးလို့ရတာက ဥပမာ- ဘဏ်ချေးငွေ၊ ဘဏ်အပ်ငွေ။ ချေးငွေအပ်ငွေဆိုတာမှာ အတိုးနှုန်းတွေ ရှိတယ်ပေါ့နော်။ ပထမအဆင့် ၉ ဒသမ ၅ ရာခိုင်နှုန်းက ၈ ဒသမ ၅ ရာခိုင်နှုန်းကို လျှော့ပေးတယ်။ အဲဒါကို နှစ်ရာခိုင်နှုန်းနဲ့ လေးရာခိုင်နှုန်းကြား ချပေးလိုက်ရင် ကျွန်တော်တို့တွေ အများကြီး သက်သောင့်သက်သာ ဖြစ်သွားမယ်။ အဲဒါမျိုးပေါ့နော်။ ဘတ်ဂျက်သုံးစရာမလိုဘဲ ကူညီလို့ရတာတွေပေါ့နော်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ထောက်ပြခဲ့သည်။

အလားတူ ဧပြီလအတွင်း အိမ်သုံးယူနစ် ၁၅၀ အထိ မီတာခ ကင်းလွတ်ခွင့် ပေးထားမှုနှင့်ပတ်သက်ပြီးလည်း အိမ်ထောင်စုများကို ယူနစ် ၁၅၀ ပေးခြင်းသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လုပ်ငန်းရှင်များသာမက စက်မှုလုပ်ငန်းများကိုပါ  လုပ်ငန်းအသေး၊ အလတ်နှင့် အကြီး စသည်တို့ကိုလည်း ဧပြီ တစ်လလုံး မီတာခ ကင်းလွတ်ခွင့်ပေးခြင်းမျိုးလည်း ပြုလုပ်ပေးသင့်ကြောင်း စက်မှုလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ နောက်တစ်ခုက ငှားရမ်းခတွေနဲ့ပတ်သက်ပြီး အဆောင်နေသူများ၊ စက်ရုံငှားရမ်းခ၊ အစိုးရကနေ ပုဂ္ဂလိကကို မြေတွေငှားထားတာတွေ ရှိတယ်။ လုပ်ငန်းမလုပ်ရတဲ့အတွက် ဒီလူတွေက ဝင်ငွေမရှိဘူး။ ဝင်ငွေမရှိတဲ့အပြင် အကျပ်အတည်းတွေဖြစ်တယ်။ ဒါကြီးက ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်တယ်။ ဒါတွေကို ဧပြီလတစ်လလုံးကို စက်ရုံငှားခ၊ မြေငှားခတွေအကုန်လုံးကို ကင်းလွတ်ခွင့်ပြုပေးရန်ဆိုရင် ဒါလည်း ဘတ်ဂျက်ပေးစရာမလိုဘူးပဲ။ ရမယ့်သူက တစ်လစာမရဘူး။ ပေးရမယ့် သူက တစ်လစာမပေးရတော့ဘူး။ ဒီလိုမျိုးပေါ့။ အကူအညီတွေက အများကြီး လုပ်ပေးလို့ရတယ်” ဟု ကိုနေလင်းဇင်က သုံးသပ်ပြောကြားခဲ့သည်။

COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများစွာ ထိခိုက်ခံစားနေရသကဲ့သို့ ယင်းလုပ်ငန်းများအပေါ် မှီခိုနေရသည့် အလုပ်သမားများနှင့် ယင်းတို့၏မိသားစုများတွင်လည်း COVID-19 ဂယက်ကို ရင်ဆိုင်နေရသည်။

အစိုးရဘက်က ထုတ်ချေးမည့် COVID-19 Fund မှ ချေးငွေ ထုတ်ချေးပေးသော်လည်း ချေးငွေ ချေးပေးမည့်အပေါ်တွင် အကန့်အသတ်များနေသည့်အတွက် လုပ်ငန်းရှင်အချို့အတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ရေရှည်တွင် COVID-19 ဂယက်ကြောင့် ဆက်ဖြစ်လာမည့် စီးပွားရေးကျဆင်းမှုနှင့် အလုပ်လက်မဲ့ ပြဿနာများအတွက် မည်သို့ မည်ပုံဖြေရှင်းသွားမည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။

COVID-19 ကာလကြာရှည်ခဲ့ပါက မည်သို့ဆက်လုပ်သွားမည်ဆိုသည်မှာ ပြဿနာတစ်ရပ်ဖြစ်နေသည်။ စက်ရုံများ ပြန်ဖွင့်ပါက လုပ်ငန်းခွင်များတွင် ရောဂါကူးစက်နိုင်မှုအပေါ် မည်သို့လုပ်ဆောင်သွားမည်၊ အကယ်၍ စက်ရုံမဖွင့်ဘဲထားပါကလည်း အလုပ်သမားများ၏ အလုပ်လက်မဲ့ပြဿနာနှင့် စားဝတ်နေရေး အခြေအနေများကြောင့် လက်ရှိကာလသည် အစိုးရအတွက် ခေါင်းခဲစရာအနေအထားတစ်ခု ဖြစ်နေပေသည်။               

 


READ NEXT
Cancel OK