
နှစ်သစ်ကူးနေ့ဖြစ်သည့် ဇန်နဝါရီ ၁ ရက်တွင် အမည်မသိလူပုဂ္ဂိုလ်တစ်ဦးသည် လုံခြုံရေးတင်းကျပ်ထားသည့် တောင်ကိုရီးယားနယ်စပ်ကိုဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံထဲသို့ ဝင်ရောက်သွားခဲ့သည်ဟု တောင်ကို ရီးယားစစ်တပ်က ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် တောင်ကိုရီးယားမှ မြောက်ကိုရီးယားဘက်သို့ လူပုဂ္ဂိုလ်တစ်ဦး ဝင်ရောက်သည့် ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။
ကိုရီးယားစစ်ပွဲပြီးဆုံးချိန်ကတည်းက ဖိနှိပ်မှုများနှင့် ဆင်းရဲမွဲတေမှုများကို နှစ်ပေါင်းများစွာကြာ ရင်ဆိုင်ခဲ့ရသည့် မြောက်ကိုရီးယားနိုင်ငံသား ၃၀၀၀၀ ကျော်သည် တောင်ကိုရီးယားဘက်သို့ ထွက်ပြေးလာခဲ့ကြသော်လည်း နှစ်နိုင်ငံနယ်စပ်မှဖြတ်ပြီး တိုက်ရိုက်ဝင်ရောက်မှုများမှာ အလွန်ရှားပါးခဲ့သည်။
ဇန်နဝါရီ ၁ ရက် ညပိုင်းတွင် ကိုရီးယားကျွန်းဆွယ်ကို နှစ်ပိုင်းခွဲထားသည့် စစ်မဲ့ဇုန် အတွင်းတွင် တပ်ဆင်ထားသည့် ထောက်လှမ်းရေး ကိရိယာများမှတစ်ဆင့် ထောက်လှမ်းတွေ့ရှိမှုများအရ လူတစ်ဦးသည် နယ်စပ်ကိုဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံထဲသို့ ဝင်ရောက်သွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် စစ်တပ်က နယ်စပ်တွင် ရှာဖွေမှုစစ်ဆင်ရေး လုပ်ဆောင်ခဲ့သော်လည်း အခြေအနေထူးခြားမှုမရှိခဲ့ကြောင်း သိရသည်။
“လူတစ်ယောက်ဟာ စစ်မဲ့ဇုန်ကို ဖြတ်ပြီး မြောက်ကိုရီးယားဘက်ကို ဝင်သွားတယ်ဆိုတာပဲ အတည်ပြုနိုင်ပါတယ်” ဟု JCS က ထုတ်ပြန်ခဲ့သည်။
ယင်းလူပုဂ္ဂိုလ်သည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်နိုင်ငံသားဖြစ်ကြောင်း မသိရဟု JCS အရာရှိတစ်ဦးက သတင်းထောက်များကိုပြောကြားခဲ့ပြီး တောင်ကိုရီးယားအာဏာပိုင်များသည် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မြောက်ကိုရီးယား အာဏာပိုင်များကို အကြောင်းကြားခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
နယ်စပ်တွင် မြောက်ကိုရီးယားစစ်တပ်၏ ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုကို မတွေ့ရကြောင်း ယင်းအရာရှိက ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ်က မြောက်ကိုရီးယား စစ်သားများသည် တောင်ကိုရီးယား ငါးဖမ်းလုပ်ငန်းအရာရှိတစ်ဦးကို နှစ်နိုင်ငံရေပြင် နယ်နိမိတ်သတ်မှတ်ထားသည့် နယ်စပ်ကို ဖြတ်သန်းခဲ့သည်ဆိုသည့် စွဲချက်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး အလောင်းကို မီးရှို့ခဲ့သည်။
မြောက်ကိုရီးယားမှ တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံသူအများစုသည် တောင်ကိုရီးယားသို့ တိုက်ရိုက်ဝင်ရောက်ခြင်းမပြုဘဲ တရုတ်နိုင်ငံကို ဦးစွာဝင်ရောက်ကာ တရုတ် နိုင်ငံမှတစ်ဆင့် တောင်ကိုရီးယားသို့ ဝင်ရောက်လေ့ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်