
၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် သတ်ဖြတ်ခံခဲ့ရသည့် ဂျာနယ်လစ် စုစုပေါင်း ၄၅ ဦး ရှိခဲ့ကြောင်း နိုင်ငံတကာ ဂျာနယ်လစ်များအဖွဲ့ချုပ် (IFJ) က ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၎င်းအရေအတွက်သည် IFJ က နှစ်အလိုက် မှတ်တမ်းတင်ခဲ့သမျှထဲတွင် သေဆုံးသူအရေအတွက် အနည်းဆုံးထဲ၌ ပါဝင်နေသည်ဟုလည်း သိရသည်။
လွန်ခဲ့သည့် သီတင်းနှစ်ပတ်က နောက်ထပ် သတင်းမီဒီယာ စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ခဲ့ရာတွင် သတ်ဖြတ်ခံခဲ့ရသည့် ဂျာနယ်လစ် ၄၆ ဦး ရှိခဲ့ ကြောင်းနှင့် ၁၉၉၅ ခုနှစ်တွင် စတင်စာရင်း ကောက်ယူခဲ့ပြီးနောက်ပိုင်း အရေအတွက် အနည်းဆုံးဖြစ်သည်ဟု ဖော်ပြခဲ့သည်။
“အခုလို အရေအတွက် လျော့ကျလာတာဟာ ဝမ်းမြောက်စရာ သတင်းဖြစ်ပြီး အကြမ်းဖက်မှုများနှင့် ဆက်တိုက် ကြုံတွေ့နေရချိန်မှာ အနည်းငယ် စိတ်သက်သာရာရစရာ ဖြစ်ပါတယ်” ဟု ဘရပ်ဆဲလ်မြို့ အခြေစိုက် IFJ က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
သေဆုံးခဲ့သည့် ဂျာနယ်လစ်စာရင်းတွင် အာဖဂန်နစ္စတန်မှ ကိုးဦးပါဝင်နေကာ နိုင်ငံအလိုက် အများဆုံးဖြစ်ခဲ့သည်ဟု သိရသည်။ အခြားသေဆုံးသူများထဲတွင် မက္ကဆီကိုမှ ရှစ်ဦး၊ အိန္ဒိယမှ လေးဦးနှင့် ပါကစ္စတန်မှ သုံးဦး ပါဝင်ခဲ့သည်။
သတင်းသမားများသည် ၎င်းတို့၏ အရပ်ဒေသများ၊ မြို့များနှင့် နိုင်ငံများတွင် အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှုနှင့် အာဏာ အလွဲသုံးစားလုပ်မှုများကို ဖော်ထုတ်ရေးသားမှုများကြောင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည် ဟု IFJ က ဆိုသည်။
၎င်းအဖွဲ့မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ အာဖဂန်နစ္စတန် ပါဝင်နေသည့် အာရှ-ပစိဖိတ် ဒေသသည် သေဆုံးမှုအများဆုံး ဖြစ်နေကာ ဂျာနယ်လစ် ၂၀ ဦးအထိ သတ်ဖြတ်ခံခဲ့ရသည်။ အမေရိကတိုက်တွင် ၁၀ ဦး၊ အာဖရိကတွင် ရှစ်ဦး၊ ဥရောပတွင် ခြောက်ဦး၊ အရှေ့အလယ်ပိုင်းနှင့် အာရပ်နိုင်ငံများမှ တစ်ဦး ပါဝင်ခဲ့သည်ဟုလည်း သိရသည်။ အီရန်တွင် ဆိုးရွားသော မတော်တဆမှုအတွင်း ဂျာနယ်လစ်နှစ်ဦး သေဆုံးခဲ့ သည်ဟုလည်း ၎င်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။
မက္ကဆီကို၏ ဆင်းရဲသား ရပ်ကွက်များမှသည် ဂရိနှင့် နယ်သာလန်ကဲ့သို့ ဥရောပ မြို့ကြီးများ၏ လမ်းမများအထိ ဒုစရိုက်ဂိုဏ်းများနှင့် မူးယစ်ဂိုဏ်းများ၏ ခြိမ်းခြောက်မှုများ မြင့်တက်နေဆဲဖြစ်ရာ ဂျာနယ်လစ်များ အနေဖြင့် မြေပြင်တွင် သွားရောက်သတင်းရယူနိုင်ခြင်း မရှိတော့သဖြင့် မကြာသေးမီ နှစ်များ အတွင်း လက်နက်ကိုင် ပဋိပက္ခများနှင့် ဆက်နွှယ်နေသည့် အန္တရာယ်များ လျော့ကျသွားခဲ့သည်ဟုလည်း IFJ က ပြောကြားခဲ့သည်။
IFJ ၏ အထွေထွေ အတွင်းရေးမှူး အန်သိုနီ ဘယ်လန်ဂါကလည်း သတင်းသမားများ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တာဝန်ခံမှု ရှိစေရေးအတွက် ကုလသမဂ္ဂ၏ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး သဘောတူညီချက်ကို ၎င်းတို့အဖွဲ့အစည်းက ထောက်ခံအားပေးကြောင်း အလေး အနက် ပြောကြားခဲ့သည်။
IFJ က ထုတ်ပြန်သည့် ကိန်းဂဏန်းများသည် RSF ၏ ထုတ်ပြန်မှုနှင့် အနည်းငယ် ကွဲလွဲမှုများ ရှိနေပြီး မက္ကဆီကိုတွင် ဂျာနယ်လစ် ခုနစ်ဦး၊ အာဖဂန်တွင် ခြောက်ဦး၊ ယီမင် နှင့် အိန္ဒိယတွင် လေးဦးစီ သတ်ဖြတ်ခံခဲ့ရ ကြောင်း RSF က ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်