Top News

အသင်းမှမထွက်ခွာမီ ပရီးမီးယားလိဂ်ချန်ပီယံဆု ထပ်မံရယူလိုသည်ဟု ဆာလာ ပြောကြား
24htopnews | January 6, 2025 5:12 PM CST

လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြနေသည့် တိုက်စစ်ကစားသမား ဆာလာက မိမိအနေဖြင့် အသင်းမှ မထွက်ခွာမီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်တစ်ကြိမ်ရယူသွားလိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဆာလာသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၁၉)ပွဲယှဉ်ပြိုင်ကစားပြီးချိန်၌ (၁၈)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၃ ကြိမ်) ပြုလုပ်ထားသည်။

ထို့ကြောင့် ပရီးမီးယားလိဂ်၌ ရာသီဝက်ကာလတွင် ဂိုးပါဝင်ပတ်သက်မှုအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။

ယခင်က ယင်းစံချိန်ကို ပိုင်ဆိုင်ထားသူမှာ လီဗာပူးလ်ကစားသမားဟောင်းဖြစ်သည့် ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ် ဖြစ်ပြီး ၂၀၁၃-၁၄ ရာသီတွင် (၂၃)ဂိုးသွင်း၊ (၇)ဂိုးဖန်တီးကာ ဂိုးပါဝင်ပတ်သက်မှု (၃၀) ရှိခဲ့ခြင်းဖြစ်သည်။

ယခု ဆာလာက ဂိုးပါဝင်ပတ်သက်မှု (၃၁)ဂိုးဖြင့် ဆွာရက်ဇ်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆာလာသည် ပရီးမီးယားလိဂ်သွင်းဂိုးစုစုပေါင်း (၁၇၅)ဂိုးရှိသွားပြီဖြစ်သည့်အတွက် ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးစာရင်းတွင် အဆင့်(၇)နေရာ၌ အွန်နရီနှင့် ပူးတွဲရပ်တည်နိုင်ပြီဖြစ်သည့်အပြင် အဆင့်(၆)နေရာမှ လမ်းပတ်နှင့်လည်း (၂)ဂိုးသာ ကွာဟတော့သည်။

ထို့ပြင် စတုတ္ထနေရာမှ အန်ဒီကိုးလ်နှင့် (၁၂)ဂိုးသာ ကွာဟတော့သည့်အတွက် ယခုရာသီတွင်ပင် ယင်းကစားသမားများကို ကျော်ဖြတ်နိုင်ဖွယ်ရှိနေသည်။

သို့သော် ဆာလာသည် လာမည့်နွေရာသီ၌ လီဗာပူးလ်အသင်းနှင့် လမ်းခွဲရန် အလားအလာများနေသည့်အတွက် ယင်းထက်ပိုမြင့်သည့် စံချိန်မှတ်တမ်းများကိုမူ ရယူနိုင်ဖွယ်မရှိတော့ကြောင်း သိရသည်။

ယင်းအခြေအနေတွင် ဆာလာကလည်း လမ်းမခွဲမီ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူလိုသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

''လွန်ခဲ့တဲ့ (၇)နှစ်၊ (၈)နှစ်လောက်က အင်တာဗျူးတွေမှာ ကျွန်တော် အမြဲပြောလေ့ရှိခဲ့တာက ချန်ပီယံလိဂ်ဖလား ရယူချင်တယ်လို့ပါ။ အခု လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူချင်တယ်လို့ ကျွန်တော် ပထမဆုံးပြောတာပါ။ ဒီအကြောင်းအရာပဲ ကျွန်တော့်ခေါင်းထဲမှာရှိပါတယ်။ ကျွန်တော်တို့ ကပ်ဘေးကာလမှာ ရခဲ့တုန်းက ပုံမှန်အတိုင်း အောင်ပွဲခံခွင့်မရခဲ့ပါဘူး။ ဒီနှစ်တော့ အဲဒီလိုလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်လိုပဲ အသင်းမှာရှိတဲ့ ကစားသမားတစ်ဝက်လောက်က အသင်းက မထွက်ခွာခင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထပ်ရချင်နေကြပါတယ်''ဟု ဆာလာက ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK