Top News

ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ ၁၂၂ ဦးနှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ ၃၄ ဦးကို ဆုတံဆိပ်များ ချီးမြှင့်အပ်နှင်း
24htopnews | January 6, 2025 6:12 PM CST

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားနှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားအား  ကျင်းပခဲ့ကြောင်း သိရသည်။

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီ (၄)ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ကောင်စီအတွင်းရေးမှူး နှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသည့် ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များ တက်ရောက်ကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ် လွတ်လပ်ရေးနေ့၊ တပ်မတော်နေ့နှင့် အမျိုးသားအောင်ပွဲနေ့များတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးဖြစ်သည့် စည်သူဘွဲ့ (၂)ဦး၊ သူရဘွဲ့ (၉) ဦး၊ သီရိပျံချီဘွဲ့ (၅) ဦး၊ ဇေယျကျော်ထင်ဘွဲ့ (၃) ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့(၉၆) ဦး၊ အလင်္ကာကျော်စွာဘွဲ့ (၅) ဦး၊ သိပ္ပကျော်စွာဘွဲ့ (၂) ဦး၊ စုစုပေါင်း(၁၂၂) ဦးကို သက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသွားမည် ဖြစ်ကြောင်း သိရသည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်ကြသည့် စည်သူဘွဲ့ရရှိသူ တစ်ဦး၊ တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ (၈)ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဖြစ်ကြသည့် သီရိပျံချီဘွဲ့ရရှိသူ တစ်ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ သုံးဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ (၇၈) ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ သုံးဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ နှစ်ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့  နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လက်ခံရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ (၃၄)ဦးကို ချီးမြှင့် ပေးသွားမည်ဖြစ်ပြီး ကျန်စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်နှင့် လက်မှတ်ရသူများကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီး တွင် တစ်ချိန်တည်းတစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် နစက ဥက္ကဋ္ဌက အများတကာ လုပ်ဆောင်နိုင်ရန် ခဲယဉ်းသည့်တာဝန်များကို ရင်ဆိုင်ကြုံတွေ့လာချိန်တွင် စွန့်လွှတ်စွန့်စားမှုအပြည့်ဖြင့် စွမ်းဆောင်ခဲ့သူများပင်ဖြစ်ကြောင်း၊ နိုင်ငံနှင့်လူမျိုးအတွက် မည်သည့်အခက်အခဲကိုမျှ အမှုမထားဘဲ အသက်ခန္ဓာကိုစွန့်လွှတ်နိုင်သည်အထိ ကြံ့ခိုင် သည့်စိတ်ဓာတ်၊ ပြောင်မြောက်သည့် သူရသတ္တိများဖြင့် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ဆောင်ရွက်ခဲ့ ကြခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ စစ်သားကောင်းတစ်ယောက်တွင်ရှိအပ်သည့် ခိုင်မာသည့် သန္နိဋ္ဌာန် စိတ်ဓာတ်များဖြင့် တာဝန်ထမ်းဆောင်မှုများအတွက် အထူးပင်ဂုဏ်ယူမိ သကဲ့သို့ ဆုတံဆိပ်များ ချီးမြှင့်ခြင်းမခံရသော်လည်း တက်ညီလက်ညီ စွမ်းဆောင်ခဲ့ကြ သူအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်းကို ပြောကြားလိုကြောင်း ပြောကြားသည်။

တပ်မတော်စွမ်းရည်သတ္တိနှင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ၊ လက်မှတ်များ အပ်နှင်းခြင်းခံကြရသူများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်နှင့် အခြားနိုင်ငံ့ တာဝန်များကို ထမ်းဆောင်ရာတွင် အမိနိုင်ငံတော်နှင့် ပြည်သူတို့အတွက် လေးနက်မွန်မြတ်သည့် ခံယူချက်ဖြင့် ကျရာတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်တာဝန် ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း၊ ထိုကဲ့သို့ မှတ်တမ်းကောင်း ရေးထိုးခဲ့ကြသူများ ဖြစ်၍လည်း ပြည်သူ့သားကောင်းအာဇာနည်များအဖြစ် အစဉ်အသိအမှတ်ပြု လေးစား ဂုဏ်ယူနေမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်မှူးချုပ် (၄)ဦး၊ ဗိုလ်မှူးကြီး (၂)ဦး၊ ဒုတိယဗိုလ်မှူးကြီး (၈)ဦး၊ ဗိုလ်မှူး (၉) ဦး၊ ဗိုလ်ကြီး (၄) ဦး၊ အရာခံဗိုလ် တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး၊ တပ်ကြပ် (၃) ဦး၊ ဒုတိယတပ်ကြပ် (၂)ဦး တို့အား ဆုတံဆိပ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK