
Miss Grand Myanmar ထပ်မံကျင်းပမည့်အပေါ် ဝေဖန်မှုများ လူမှုကွန်ရက်ပေါ်တွင် မြင့်တက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် Miss Grand International ပြိုင်ပွဲနှင့်ပတ်သက်ပြီး မြန်မာလူထုအကြား ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက် ယခုနှစ်တွင်လည်း အဆိုပါပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံရှိ အလှမယ်ရွေးချယ်ရန် စီစဉ်လာခြင်းလည်းဖြစ်သည်။
“Vote တောင်းဖို့တော့မစဉ်းစားနဲ့၊ နောက် Top ဝင်နိုင်အောင် ကိုယ့်မယ်ကို လေ့ကျင့်၊ အရည်အချင်းရှိတဲ့ ND ဖြစ်အောင်သက်သေပြလိုက်ပေါ့။ ငါတို့က ရှင်တို့မယ်ကို အရည်အချင်းရှိရင်အားပေးတယ်။ အရည်အချင်းမရှိရင် ငါတို့က -ဲဖို့တော့ အဆင့်သင့်ပဲ” ဟု Miss Grand Myanmar ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အလားတူ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးကလည်း “India ND နဲ့ Indo ND တောင်အဲ့ဘိုးတော် (ပြိုင်ပွဲစီစဉ်သူ) အကျင့်မကောင်းတာသိလို့ နုတ်ထွက်ကြတာ ဒီအဆိုတော်ကြီးကတော့ ကချင်ပြည်နယ်က ပိုက်ဆံတွေနဲ့ အဲ့ထော်ကိုင်း အဖိုးကြီးကိုဆက်ပြီးအလုပ်အကျွေးပြုတော့မယ်ဆိုတော့ကာ... ပြောစရာစကားတောင်မရှိတော့ဘူး” ဟု မှတ်ချက်ပြုဝေဖန်ထားသည်ကို တွေ့ရသည်။
Miss Grand Myanmar ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်က National Director အဖြစ် ထူးအံ့လွင်က တာဝန်ယူခဲ့ပြီး ယခုနှစ်အတွက် National Director အဖြစ် အဆိုတော်တစ်ဦးအဖြစ် ပြုလုပ်သူ မရန်ဆိုင်းနော်က တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
“ဘာကြောင့်လက်ခံဖြစ်လဲဆိုတော့ ကိုယ်မလုပ်လို့ရှိရင်လည်း နောက်တစ်ယောက် လုပ်မှာပဲ။ အရှေ့က ကိစ္စကလည်း ပြီးတဲ့ဟာက ပြီးသွားပြီဆိုတော့လေ ကိုယ့်လက်ထဲရောက်လာတော့ ယူလိုက်တဲ့သဘောပါ။ Organization နဲ့ပတ်သက်ပြီးတော့ ကျွန်တော်က ပွဲတွေလုပ်ထားဖူးတယ်။ ပြီးလို့ရှိရင် Entertainment ကလည်း လုပ်ထားဖူးတယ်ဆိုတော့ လစ်လပ်သွားတဲ့နေရာအတွက်ကို ကိုယ့်ဆီရောက်လာတာပဲ။ ကျွန်တော်တို့အတွက် လိုင်စင်က နိုဝင်ဘာအကုန်လောက်ကတည်းက လက်ထဲရောက်နေပြီ။ Aggrement ဆိုင်းတစ်ခုပဲလိုတာပေါ့” ဟု Miss Grand Myanmar National Director မရန်ဆိုင်းနော်က မီဒီယာများကို ဖြေကြားထားသည်။
မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ပြိုင်ပွဲအတွက် Miss Grand International ပြိုင်ပွဲစီစဉ်သူ ထိုင်းနိုင်ငံသား Mr.Nawat ကို ဖိတ်ကြားထားကြောင်း သိရသည်။
“မစ္စတာ နာဝပ်ကိုတော့ ဖိတ်ထားပြီးသားပါ။ သူတို့နဲ့ တိုက်ပြီးတော့ သူတို့ပေးနိုင်တဲ့ရက်မှာ ကျွန်တော်တို့ ပွဲလုပ်သွားမယ်” ဟု မရန်ဆိုင်းနော်က ပြောကြားသည်။
ပြိုင်ပွဲနှင့် ပတ်သက်ပြီး ဝေဖန်မှုများရှိနေခြင်းအပေါ် မရန်ဆိုင်းနော်က “ ၁၃ နှစ်သားကတည်းက သီချင်းဆိုစားလာတာဆိုတော့ ဒီဝေဖန်မှုတွေက အေးအေးဆေးဆေးပဲ” ဟု မီဒီယာများကို ပြောကြားသည်။
အလားတူ မရန်ဆိုင်းနော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း Miss Grand Myanmar ပြိုင်ပွဲပြုလုပ်မည်ဟု ကြေညာထားသည့် ပို့စ်အောက်တွင် Ha Ha ပေးသူနှင့် Angry React ပေးသူများကို မဲနှိုက်ပြီး ဆုငွေတစ်သိန်းပေးမည်ဟု ကြေညာထားသည်ကိုတွေ့ရသည်။
“ရီအက်တွေအတွက်ကလည်း ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ နည်းနည်းတောင် နည်းနေသလားလို့” ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် မရန်ဆိုင်းနော်က ပြောကြားသည်။
Miss Grand International ပြိုင်ပွဲကို ထိုင်းနိုင်ငံသား မစ္စတာနာဝပ်ဆိုသူက ၂၀၁၃ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး နှစ်စဉ်ကျင်းပလျက်ရှိသည်။
ယင်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူများကို သက်ဆိုင်ရာနိုင်ငံသားများက အခကြေးငွေဖြင့် Vote ပေးရသည့်စနစ်လည်း ထည့်သွင်းထားပြီး ယခင်နှစ်က ပြုလုပ်သည့် ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်သူ သဲစုငြိမ်းအတွက် အခကြေးငွေဖြင့် Vote ပေးခဲ့သူအများအပြားရှိခဲ့သည်။
နိုင်ငံတကာအလှမယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် Miss Grand International ပြိုင်ပွဲ၏ 2024 Grand Final တွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သဲစုငြိမ်းမှာ 2nd Runer-Up ဆုရရှိသည်အထိ အောင်မြင်မှုရရှိခဲ့သော်လည်း အဆိုပါဆုပြန်လည် ရုပ်သိမ်းခံခဲ့ရသည်။
2nd Runner-Up ဆုရှင် အလှမယ်သဲစုညိမ်းအနေဖြင့် မသင့်လျော်သော အပြုအမူများနှင့် စည်းကမ်းချိုးဖောက်မှုများကြောင့် ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြခဲဲ့သည်။
အောက်တိုဘာ ၂၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ MGI Hall ၌ ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲတွင် အလှမယ်သဲစုညိမ်းသည် Top 5 Finalist ထဲရောက်ရှိခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ပရိသတ်များ၊ လူမှုကွန်ရက်များတွင် အားပေးဝန်းရံမှုများစွာရှိခဲ့ကြသော်လည်း အလှမယ်သဲစုညိမ်းမှာ 2nd Runner Up ဆုဖြင့်သာ ပြိုင်ပွဲပြီးဆုံးခဲ့သည်။
သို့သော် ယင်းပြိုင်ပွဲပြီးဆုံးပြီးနောက် အလှမယ်သဲစုညိမ်း စတိတ်စင်အောက်သို့ ဆင်းလာစဉ် အဆိုပါပြိုင်ပွဲ၏ မြန်မာနိုင်ငံကိုယ်စားပြု National Director က 2nd Runner Up ဆုရရှိသည့် သရဖူနှင့် စလွယ်တို့ကို ဖယ်ရှားကာ အလှမယ်သဲစုညိမ်းလည်း ငိုယိုနေသည့်ဗီဒီယိုဖိုင်များ လူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့ပြီး ဝေဖန်မှုများ၊ သုံးသပ်မှုများ ဖြင့် အလှမယ်ပရိသတ်များအကြား ပျံ့နှံ့ခဲ့သည်။
အစောပိုင်းတွင် ယင်းသရဖူပြန်လည်အပ်နှံမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု National Director က ယင်းပြိုင်ပွဲတွင် ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ လူမှုကွန်ရက် Facebook တွင် ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲစီစဉ်သူ မစ္စတာနာဝပ်မှာ ဒေါ်လာနှစ်သောင်းခွဲရရှိသဖြင့် သရဖူကိုပေးခြင်းဖြစ်ကြောင်း၊ ထိုင်းအလှမယ်မှာ အင်ဒိုနီးရှားအလှမယ်ပြိုင်ပွဲ အရာရှိထံမှငွေကြေးများရယူခဲ့ကြောင်း National Director ထူးအံ့လွင်က လူမှုကွန်ရက်တွင် ရုပ်သံဖိုင်ဖြင့်ပြောကြားခဲ့သည်။
ထို့ပြင် National Costume နှင့် Country's Power of The Year ဟူသော အကောင်းဆုံးဆုတို့ကို ဆွတ်ခူးခြင်းမရှိဖြစ်ခဲ့ပြီးနောက် မိမိသည် လုယူခံရသည်ဟု ခံစားရသောကြောင့် မိမိ၏ဆုကို လက်လွှတ်လိုက်ပြီဟု သဲစုညိမ်းက အင်စတာဂရမ်တွင် တိုက်ရိုက်လွှင့်ခဲ့သော ဗီဒီယိုတွင် ပြောကြားခဲ့သည်။
ထို့နောက် Miss Grand International ပြိုင်ပွဲ၏ Facebook Page တွင် Miss Grand International 2024 ၏ Winner ဆုကို အိန္ဒိယအလှမယ် Rachel Gupta ၊ 1st Runner Up ဆုကို ဖိလစ်ပိုင်အလှမယ် Christine Juliane Ooiaza၊ 3rd Runner Up ဆုကို ပြင်သစ်အလှမယ် Safietou Kabengele နှင့် 4th Runner Up ဆုကို ဘရာဇီးလ်အလှမယ် Tallinn Hartman တို့ရရှိခဲ့ကြောင်းနှင့် 2ne Runner Up ဆု ရရှိသူ၏ အမည်ကိုမူ ဖော်ပြထားခြင်းမရှိတော့ပေ။
ယင်းနောက် အလှမယ်သဲစုညိမ်း၏ 2nd Runner Up ဆုကို ရုပ်သိမ်းကြောင်း အောက်တိုဘာ ၂၈ ရက်တွင် အဆိုပါအဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် Miss Grand International ဥက္ကဋ္ဌ နာဝပ်အစ်ဆာရာ ဂရီဆေးလ်က သဲစုညိမ်းဆုပြန်ပေးမည်ဟူသော ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီး Miss Grand Myanmar နှင့်လည်း လက်တွဲဖြုတ်လိုက်သည်ဟု ဘန်ကောက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် ယင်းပြိုင်ပွဲမှာ ၂၀၂၄ ခုနှစ်တွင် ကျင်းပစဉ်က နိုင်ငံကိုယ်စားပြုအလှမယ် အများအပြား နှုတ်ထွက်ခဲ့သည်။
၂၀၂၄ ပြိုင်ပွဲ မကျင်းပမီကတည်းက ယူကရိန်းအလှမယ်က နှုတ်ထွက်ခဲ့ပြီး ပြိုင်ပွဲကျင်းပနေစဉ်တွင်လည်း ကမ္ဘောဒီးယား၊ ကိုလံဘီယာ၊ မက္ကဆီကိုနှင့် US Vergin Islands နိုင်ငံများမှ အလှမယ်များနှုတ်ထွက်ခဲ့သည်။ ထို့ပြင် ဟောင်ကောင်အလှမယ်မှာလည်း ခြေထောက်ဒဏ်ရာအကြောင်းပြကာ ပြိုင်ပွဲမှနှုတ်ထွက်ခဲ့သည်။
နောက်ဆုံးနှုတ်ထွက်ခဲ့သည့် အလှမယ်မှာ သရဖူရယူခဲ့သည့် အိန္ဒိယအလှမယ်ဖြစ်ပြီး ၎င်းင်းတို့၏ အလှမယ်အား အွန်လိုင်းတွင် စျေးရောင်းခိုင်းသဖြင့် Miss Grand International အဖွဲ့နှင့် လက်တွဲဖြုတ်ကြောင်း Miss Grand India အဖွဲ့အစည်းက တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်နှစ် သတင်းစာရှင်းလင်းပွဲတွင် Miss Grand Myanmar နှင့် လက်တွဲဖြုတ်သည်ဟု ပြိုင်ပွဲစီစဉ်သူထိုင်းနိုင်ငံသားက ပြောကြားခဲ့သော်လည်း ယခုအချိန်တွင် ပြန်လည် လက်တွဲလုပ်ဆောင်နေသည်မှာ မေးခွန်းထုတ်ရမည့်အခြေအနေဖြစ်သည်။
Miss Grand International ပြိုင်ပွဲမှာ ဒေသတွင်းနိုင်ငံများတွင်ပါ ဝေဖန်မှုများကြုံ တွေ့နေရပြီးယခင်နှစ် ပြိုင်ပွဲတွင်လည်း မြန်မာပြည်သူများက ပြင်းပြင်းထန်ထန်ဝေဖန်မှုများရှိခဲ့ရာ လက်ရှိတွင်လည်း ပြိုင်ပွဲပြုလုပ်မည့်အပေါ်ဝေဖန်မှုများ ဆက်တိုက်ထွက်ပေါ်လာနေပြီလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်