Top News

e-ID စနစ်တွင် ကိုယ်ရေးအချက်အလက်များအား ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှု ရှိ/မရှိ Online မှတစ်ဆင့် တိုက်ဆိုင်စစ်ဆေးနိုင်
24htopnews | January 6, 2025 10:12 PM CST

e-ID စနစ်တွင် ကိုယ်ရေးအချက်အလက်များ မှန်ကန်ပြည့်စုံရေးအတွက် ပြည်သူများအနေဖြင့် ကိုယ်ရေးအချက်အလက်များအား ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှု ရှိ/မရှိ Online မှတစ်ဆင့် တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန (e-ID Department) ၏ ထုတ်ပြန်မှုအရ သိရသည်။

ထိုသို့ အချက်အလက်များတိုက်ဆိုင်စစ်ဆေးရာတွင် ပထမဦးစွာ e-ID စနစ်တွင် ထည့်သွင်းထားသည့်အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ပြီး အချက်အလက်ကွဲလွဲမှုများရှိပါက ရုံးမှတ်တမ်းများနှင့် ထပ်မံတိုက်ဆိုင်စစ်ဆေးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနသည် e-ID စနစ်တွင် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများကိုယ်တိုင် မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှု ရှိ/မရှိ Online မှတစ်ဆင့် တိုက်ဆိုင်စစ်ဆေးနိုင်သည့် Web Application တစ်ခု တည်ဆောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Web Application ကို အသုံးပြုမည့် ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင်ပါရှိသည့် ကိုယ်ရေးအချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) တွင် ပါရှိသည့် အချက်အလက်များအား ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှုရှိ/မရှိ တိုက်ဆိုင် စစ်ဆေးနိုင်မည်ဖြစ်သည်။

ကိုယ်ရေးအချက်အလက်များ မှန်ကန်မှု ရှိ/မရှိကို http://service.eid.gov.mm တွင် တိုက်ဆိုင်စစ်ဆေးနိုင်ပြီး အဆိုပါ Online Application အသုံးပြုနည်းလမ်းညွှန်ကို e-ID Department Facebook Page တွင် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

ထိုသို့တိုက်ဆိုင်စစ်ဆေးရာတွင် ပြည်သူများအနေဖြင့် မိမိတို့၏ ကိုယ်ရေး အချက်အလက်များအား မှန်ကန်စွာဖြည့်သွင်းရန် လိုအပ်မည်ဖြစ်ပြီး အချက်အလက် လုံခြုံမှုရှိစေရေးအတွက် ကာယကံရှင်ကိုယ်တိုင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

အချက်အလက် တိုက်ဆိုင်စစ်ဆေးထားရှိမှုအခြေအနေအား QR Code ဖြင့် ပြန်လည်စစ်ဆေးနိုင်မည်ဖြစ်ပြီး၊ မှန်ကန်မှု ရှိ/မရှိ အကြောင်းပြန်ကြားပေးရာတွင် Data Privacy အရ ကိုယ်ရေးအချက်အလက် အသေးစိတ်အား ဖော်ပြပေးမည် မဟုတ်ဘဲ၊ မှန်ကန်မှု ရှိ/မရှိ အခြေအနေကိုသာ အကြောင်းပြန်ကြားပေးမည် ဖြစ်သည်ဟု ဖော်ပြထုတ်ပြန်ထားသည်။


READ NEXT
Cancel OK